/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အချိုစားများရင်-ဆီးချိုသွေးချိုရောဂါ-ဖြစ်စေနိုင်သလား

အချိုစားများရင် ဆီးချိုသွေးချိုရောဂါ ဖြစ်စေနိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

“ ချိုတာတွေ မစားနဲ့။ ဆီးချိုသွေးချို ဖြစ်လိမ့်မယ်” ဆိုပြီး ပြောတာကို ကြားဖူးကြမှာပါ။ အချိုစားတာများရင် တကယ်ပဲ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်သလား။ ဒါကိုသိရဖို့အတွက် အရင်ဆုံး ဆီးချိုသွေးချိုရောဂါနဲ့ သွေးတွင်းသကြားဓာတ် ဘယ်လိုဆက်စပ်နေသလဲဆိုတာ အရင်လေ့လာထားသင့်ပါတယ်။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်ကို ဂလူးကို့စ်ကနေ ရပါတယ်။ ဂလူးကို့စ်ဆိုတာ အစားအသောက်မှာပါတဲ့ ကာဗွန်ဟိုက်ဒရိတ်ဒြပ်ပေါင်းကို ခန္ဓာကိုယ်က ဖြိုခွဲတဲ့အခါ ထွက်လာတဲ့ အသေးဆုံးချေဖျက်ထားတဲ့ သကြားဓာတ်ပါ။ သွေးတွင်းဂလူးကို့စ်ဓာတ် တက်လာရင် မုန့်ချိုအိတ်ကနေ အင်ဆူလင်ဟော်မုန်းထွက်အောင် လှုံ့ဆော်ပေးပါတယ်။ အင်ဆူလင်ရဲ့လှုံ့ဆော်မှုကြောင့် ဂလူးကို့စ်ကို ကြွက်သား၊ အဆီနဲ့ အသည်းတို့က စုပ်ယူကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်အဖြစ် ပြောင်းလဲပြီး ပိုလျှံတဲ့ဂလူးကို့စ်တွေကို ဆဲလ်ထဲမှာ သိမ်းထားပါတယ်။ ဒါဟာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပမာဏမှာရှိအောင် ထိန်းညှိပေးတဲ့လုပ်ငန်းစဉ်ပါ။

ဒီလုပ်ငန်းစဉ်ရဲ့ အဆင့်တစ်ခုခု ပျက်ယွင်းခဲ့မယ်ဆိုရင် သွေးတွင်းဂလူးကို့စ်ဓာတ်ကို သေချာမထိန်းညှိနိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် များရတာကြောင့် ရေတို၊ ရေရှည် နောက်ဆက်တွဲရောဂါဝေဒနာတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလိုဖြစ်တာကိုပဲ ဆီးချိုသွေးချိုရောဂါလို့ ခေါ်ဆိုကြတာပါ။ ဒါကိုကြည့်ခြင်းဖြင့် သွေးတွင်းသကြားဓာတ် များရခြင်းဟာ အချိုစားတာများခြင်းကြောင့် မဟုတ်ဘဲ များလာတဲ့သကြားဓာတ်ကို ခန္ဓာကိုယ်က သေချာမထိန်းညှိနိုင်လို့သာ တက်လာတာဖြစ်ကြောင်း သိနိုင်ပါတယ်။

Diabetone 1

အမျိုးအစားအမှတ် (၁) နဲ့ အမှတ် (၂) ဆိုပြီးတော့ ဆီးချိုသွေးချိုရောဂါကို အဓိကအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲထားပါတယ်။ အမှတ် (၁) ကတော့ မိမိရဲ့ကိုယ်ခံအားစနစ်ဟာ မုန့်ချိုအိတ်ဆဲလ်တွေကို ဖျက်ဆီးပစ်လို့ အင်ဆူလင်မထုတ်နိုင်တဲ့ Autoimmune ရောဂါတစ်ခုပါ။ အမျိုးအစားအမှတ် (၂) မှာတော့ မုန့်ချိုအိတ်က အင်ဆူလင်မထုတ်နိုင်လို့ဖြစ်စေ၊ ဆဲလ်တွေက ဂလူးကို့စ်ကို မစုပ်ယူနိုင်လို့ဖြစ်စေ၊ နှစ်မျိုးလုံးကြောင့်ဖြစ်စေ၊ သွေးတွင်းဂလူးကို့စ်ပမာဏ များလာရပါတယ်။ ဒါကိုကြည့်ခြင်းဖြင့်လည်း အမျိုးအစားနှစ်မျိုးလုံးမှာ ဆီးချိုသွေးချိုရောဂါဟာ ခန္ဓာကိုယ်လုပ်ငန်းစဉ် ပျက်ယွင်းလို့ဖြစ်ကြောင်း သကြားစားတာနဲ့မဆိုင်ကြောင်း သိနိုင်ပါတယ်။

ဒါပေမဲ့ အချိုစားတာများတဲ့သူတွေဟာ အဝလွန်ရောဂါ ဖြစ်နိုင်ပါတယ်။ အဝလွန်ခြင်းဟာ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ချေကို ပိုမြင့်တက်စေပါတယ်။ ဒါကြောင့် သကြားစားခြင်းဟာ ဆီးချိုသွေးချိုရောဂါဖြစ်ရခြင်းနဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် သွယ်ဝိုက်တဲ့နည်းနဲ့တော့ ပတ်သက်နေပါသေးတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ကာကွယ်ဖို့ဆိုရင် အချိုလျှော့စားသင့်တယ်ဆိုပြီး ပြောကြတာပါ။

Diabetone 2

>>  ဘယ်လိုမျိုး အချို လျှော့စားကြမလဲ?

●  အချိုရည်များ၊ ယိုမျိုးစုံ၊ ပျားရည်တို့မှာ သကြားဓာတ် ပိုပါဝင်လို့ ဖြစ်နိုင်မယ်ဆိုရင် ဒီလိုအစားအသောက်တွေ စားတာကို ရှောင်ပေးပါ၊ ဒါမှမဟုတ် နည်းနည်းပဲ စားသောက်ပါ။
●  ကော်ဖီ၊ လက်ဖက်ရည်ကို သကြားအများကြီး ထည့်မသောက်ပါနဲ့။
●  သကြားဓာတ်ပိုပါဝင်တဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ သရေစာတွေအစား အသီးအနှံကိုသာ စားပါ။
●  ဟင်းချက်တဲ့အခါ အရသာရှိဖို့အတွက် အသင့်ထုတ်ဟင်းချက်အနှစ်တွေ သုံးမယ့်အစား ကြက်သွန်ဖြူ၊ ချင်း စတာတွေ သုံးပါ။
●  အသင့်စား အစားအသောက်တွေမစားခင် ဘူးမှာပါတဲ့ သကြားဓာတ်ပါဝင်မှုရာခိုင်နှုန်းကို အရင်စစ်ဆေးပါ။ သကြားဓာတ်ပါဝင်မှုရာခိုင်နှုန်းကို မဖော်ပြထားခဲ့ရင် ပါဝင်ပစ္စည်းစာရင်းကို ကြည့်ပါ။ စာရင်းရဲ့ထိပ်ဆုံးမှာ သကြားဓာတ် (Carbohydrate, Sugar) ရှိနေခဲ့ရင် ဒီအစားအသောက်ဟာ သကြားဓာတ်ပါဝင်မှု များပါလိမ့်မယ်။ တစ်ခါတလေကျရင် သကြားဓာတ်ကို (Carbohydrate, Sugar) လို့ မဖော်ပြဘဲ Glucose, Fructose, Maltose, Sucrose စသည်ဖြင့် ဖော်ပြလေ့ရှိလို့ ဒါဟာလည်း သကြားဓာတ်ကို ရည်ညွှန်းတယ်ဆိုတာ သဘောပေါက်ထားသင့်ပါတယ်။
●  စားသောက်ကုန်တစ်ခုမှာ သကြားဓာတ် အပိုမပါဝင်ပါလို့ ဖော်ပြထားခဲ့ရင်တောင် ဒီစားသောက်ကုန်မှာ နဂိုပါဝင်တဲ့ သဘာဝသကြားဓာတ်ကိုယ်တိုင်က များတယ်ဆိုတာ သတိပြုပေးပါ။

Dr. Aye Hsu Mon (www.drmyanmar.com)