/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အခြစ်-ဆရာ၀န်

အခြစ် ဆရာ၀န်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

"လာပါပြီ လာပါပြီ ဒေါက်တာ ခြစ်ဖို့ လာပါပြီ" ဆရာမရဲ့ ပြောသံကြောင့် ဆေးရုံရှေ့ကို လှမ်းကြည့်လိုက်ရာ စောင်ပုခက် နှင့် လူနာ တစ်ယောက် ကို ထမ်းဝင်လာသည်ကို တွေ့လိုက်ရသည်
"တခြားလူနာ ဖြစ်မှာပါ ဆရာမရယ် " ဟု မချိပြုံးနှင့် ပြောလိုက်ပေမယ့် ဖြူဖျော့နေသော အမျိုးသမီးလူနာက လာနေကြ ပုံစံ အတိုင်းပင် ။
လူနာကို ကုတင်ပေါ်နေရာချ လိုအပ်တာ စမ်းသပ်ရင်း မေးလိုက်တော့ သွေးဆင်းလို့ ဆရာမတဲ့
"ကဲ ကျွန်မ မပြောလား " ဆိုသည့် ဆရာမ၏ အကြည့်ကို မသိချင်ယောင်ဆောင်ရင်း လိုအပ်တာ လုပ်ပေးကာ သားအိမ်ခြစ်ဖို့ ပြင်ရသည်။ တခုခုတော့ မှားနေပြီ။
ခုတလော သူမ တာဝန်ကျသည့်ရက်တိုင်းမှာ သားပျက်သားလျော လူနာတော်တော်များလာသည်။
အရင်တုန်းက ကြောက်ရသည့် သားအိမ်ခြစ်သည့် အလုပ်ကို ကျွမ်းကျင်အဆင့် နေ့တိုင်းခြစ်နေရတော့ သူမ စိတ်ညစ်လာလေပြီ။ ကံကောင်းလို့ အသေအပျောက် မရှိသေးတာပင် ။

လူနာတွေကို မေးတော့လဲ ချော်လဲလို့ စက်ဘီးစီးလို့ အကြောင်းအမျိုးမျိုးပြသည်။ ဘာ သတင်းမှ မရ။ မှားတော့ မှားနေလေပြီ။

" လာပြန်ပြီ အခြစ် ဆရာဝန်ရေ့" လူနာမှတ်တမ်းရေးနေစဉ် ဆရာမပြောသံကြောင့် လူနာခန်းဘက်ကူးပြီး စမ်းသပ်ရပြန်သည် ။
ဒီတခါ အမျိုးသမီးက ပိုဖြူဖျော့ကာ သွေးဆင်းများသည်။ သားအိမ်ခြစ်ဖို့ ပြင်နေစဉ် သွေးသွင်းဖို့ပါ ပြင်ဆင်ရသည်။ သွေးမပေါ်တာ ဘယ်နှစ်လ ရှိပြီလဲ ဆိုတော့ ခြောက်လတဲ့။ ဘုရားရေ လုပ်ရဲလိုက်တာ 
ဘာနဲ့ ဖျက်တာလဲဆို ဘယ်လိုမှ မေးမရ . . .
ဆူရင်း ပြောရင်းပင် လိုအပ်တာ လုပ်ပေးရသည်။ ရက်စက်လိုက်ကြတာနော် . . .

" ဒေါက်တာရေ တရားခံသိပြီ သိလား " ပြောပြောဆိုဆိုနှင့် ဆရာမလေးက အခန်းထဲဝင်လာသည်
"အဘွားကြီး တစ်ယောက်လေ ဆေးရုံနဲ့ တစ်လမ်းကျော်ကို ပြောင်းလာတာတဲ့ အရင်က လက်သည်ပြောတယ် အခု သူက ဖျက်ချပေးတယ်တဲ့ အောက်ကနေ ဆေးထည့်တာ သွေးဆင်းလာရင် ဆေးရုံသွားခြစ်လိုက်ဆိုပြီး လွှတ်လိုက်တာတဲ့လေ " နယ်ခံဖြစ်သော ဆရာမလေးက သူသိလာသော သတင်းကို ပြောပြသည်။
"အောင်မလေး မသိရင် ဆေးရုံက သူ့အပိုင်ကြနေတာပဲ သားအိမ်ခြစ်တာကိုတော့ ဆေးရုံက လုပ်ပေးလိမ့်မယ်ဆိုပြီး လွှဲနေတာတဲ့လေ
ကိုယ်ဝန်လ အလိုက် ပိုက်ဆံယူတယ်တဲ့ ၃လဆို၃သောင်း ၆လဆို ၆သောင်းပေါ့ အံ့သြဖို့တောင်ကောင်းတယ် အသက်က ၇၀ကျော်နေပြီ ပြောတယ် သူမို့ငရဲမကြောက် . . . "

ကြားရသော သတင်းက မကောင်း ဒီအသက်အရွယ်မှာ ဒီအလုပ်လုပ်နေတာကို ရှုံ့ချရမလား
ဆေးရုံကို ဆိုက်ဆိုက်မြိုက်မြိုက်လွှဲသည့် အတွက်ပဲ ကျေးဇူးတင်ရမလား သူမလဲ မတွေးတတ်တော့ချေ . . .

တစ်နေ့ တစ်နေ့ သားပျက်သားလျော လူနာရောက်လာတိုင်း သူမကို မကျေနပ်စိတ်က ပိုကြီးထွားလာသည် ။
လူနာတွေက စကားတစ်ခွန်းမှ မဟတော့ သိသိကြီးနှင့် အရေးယူမှု ဘာမှလုပ်မရ။

ဆေးရုံကလူတွေကတော့ တဗြစ်တောက်တောက် ပြောရင်းပင် လူနာတွေကို လက်ခံကုသ ပေးနေရသည် ... 

ကိုယ်ကတော့ ကိုယ်နိုင်ရာ လူနာတွေကိုပဲ မဲရသည် ။ ကိုယ်ဝန်ဆိုတာ မလိုချင်ရင်တားလို့ရကြောင်း ကိုယ်ဝန်ဖျက်ချခြင်းဟာ ငရဲကြီးသလို အသက်အန္တရာယ်ရှိကြောင်းကို အမြှုတ်ထွက်မတတ် ရှင်းပြရသည် ။
သားဖွားဆရာမတွေကိုလဲ လူထုကို အသိပညာပေးဖို့ပြောရသည်။

ပြောသူက ပြောနေချိန်မှာ ဖျက်သူက ဖျက်ဆဲဆိုတော့ ဆေးရုံမှာတော့ စည်စည်ကားကားပင် ...
ကဲ . . . ဒီ ကိစ္စကို ဘယ်လိုဖြေရှင်း ကြမလဲ ???

************

အခြစ်ကျွမ်းတဲ့ ဆရာဝန် မွေးခန်းက ထွက်လာချိန်မှာ ညသန်းခေါင်ကျော်ပြီ။ စိမ့်ကနဲ တိုက်လိုက်သော လေအေးတစ်ချက်မှာ သူမ တုန်တုန်ရီရီ ဖြစ်သွားသည်။
အော် ဆောင်းဝင်ပြီပဲ ။

"ဒေါက်တာ ဒေါက်တာ လူနာတစ်ယောက် အသက်ရှူကျပ်ပြီးရောက်လာတယ်" ပြေးပေဦးပေါ့လေ. . .
အရေးပေါ်ခန်းထဲ အရောက်မှာတော့ လူနာကို အောက်စီဂျင်ပေးဖို့ပြင်နေသော ဆရာမလေးကို တွေ့လိုက်ရသည် ။ ဖုတ်လှိုက် ဖုတ်လှိုက် အသက်ရှူနေသော လူနာအဖွားကြီးမှာ နှုတ်ခမ်းပင် ပြာချင်ချင်။
" ဆရာမ ဆေးထိုးဖို့ပြင် စက်နဲ့ဆေးရှူမယ်" လိုအပ်တာကို ပြောရင်း လူနာကို လိုအပ်တာ စမ်းသပ်ရသည်။ အသံမျိုးစုံထွက်နေသော အဆုတ်က အခြေအနေမကောင်း နှလုံးကပါ ဖောက်နေပုံရသည်
"ဆရာမ အီးစီဂျီဆွဲမယ် "
လိုအပ်သော ဆေးအကုန်ထိုးပြီးတာတောင် လူနာအခြေအနေက အားမရစရာ။ ခက်ခက်ခဲခဲ အသက်ရှူရင်း လူနာက အသနားခံသော အကြည့်ဖြင့် မိမိကို လိုက်ကြည့်နေသည်။
ဘယ်လိုမှ စိတ်မချရသော အခြေအနေမှာ လူနာနံဘေးမှာပဲ သူမ မိုးလင်းရတော့သည်။

ဂျူတီလဲမယ့်သူလာသည့် အချိန်မှာတော့ လူနာက ကောင်းကောင်းအိပ်ပျော်နေသည်။ ဒီတောင်ကို ကျော်ပြီထင်ပါရဲ့ ။
ညဘက် သူမ ဂျူတီပြန်ဝင်ချိန်မှာတော့ လူနာမှာ နုံးခွေနေသော်လည်း အသက်ရှူပုံမှန် ဖြစ်နေပြီ။ ဆရာဝန်တစ်ယောက်၏ ပီတိဖြင့် သူမ ပြုံးပြုံးရွှင်ရွှင် စကားပြောနေသော်လည်း လူနာ မိသားစုက မလှုပ်တလှုပ် ဘေးက ဆရာမ ကလည်း မျက်နှာမှုန်ကုတ်ကုတ်နှင့်မို့ သူမ စကားဖြတ်ပြီး ပြန်ထွက်လာလိုက်တော့သည်။

"ဒေါက်တာ သိလား " လူနာခန်းထဲက ထွက်လာလာချင်း ဆရာမလေးက ပြောလိုက်သည်။
" အဲ့ အဖွားကြီးက ကလေးဖျက်ချပေးတဲ့ အဖွားကြီးတဲ့ လူနာမို့လို့သာပေါ့ သမီးတော့ သူ့ကိုမုန်းတယ် "

လူနာတိုင်းကို စိတ်ရှည်စွာ ဆက်ဆံတတ်သည့် ဆရာမလေးမျက်နှာမှာ အပြုံးတို့ ကွယ်ပျောက်နေသည်။ သူ ကိုယ်တိုင်လဲ ရုတ်တရက် စိတ်တိုသွားတော့သည်။
" ဟင်း " ကိုယ့်စိတ်ကို ပြန်လျော့ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
" သူက ဘာပဲ ဖြစ်ဖြစ် ဒီဆေးရုံမှာတော့ လူနာပဲလေ ကိုယ့်ဘက်က တာဝန်ကျေပါစေ ဆရာမရယ်" သူမ စကားအဆုံးမှာ ဆရာမလေးက ငိုင်တွေလျက် . . .

ကိုယ့်တာဝန် အရ ကုသမှုပေးနေပေမယ့် လူနာအိမ်နှင့်တော့ ပုံမှန်သာ ဆက်ဆံဖြစ်သည်။ အားငယ်သော မျက်ဝန်းများနှင့် ကြည့်တတ်သော အသက် ၇၀ ကျော် အဖွားအိုကိုတော့ သူမ ဥပက္ခာ မပြုနိုင်ပေ . . . ဘာပဲဖြစ်ဖြစ် အဖွား ဆေးရုံတက်နေစဉ်အချိန်မှာတော့ သားပျက်သားလျော လူနာ နည်းသွားတာ အမှန်ပင် .

"ဒေါက်တာ အဖွား ဆေးရုံက ဆင်းရတော့မယ် ဒေါက်တာ တို့ကို ကျေးဇူးတင်ပါတယ် " နှုတ်ဆက်စကား ပြောနေသော အဖွားအိုကို ကြည့်ရင်း သူမ စိတ်ထဲမှာ ပြောလိုသည့် စကားက အပြည့်...   ပြောချင်တာတွေ များလွန်းပြီး ဘယ်က စပြောရမှန်းပင် မသိ . . .
နောက်ဆုံး သူမ ပြောမိလိုက်သည်က တစ်ခွန်းတည်းပင်
" လူ့အသက် တစ်ချောင်းက တန်ဖိုးရှိပါတယ် အဖွားရယ် . . . "
တစ်ခွန်းတည်းပေမယ့် သူမ ဆိုလိုရင်းကို အဖွားအို နားလည်မည်ဟု သူမ မျှော်လင့်မိပါသည် . . .

သူမ မခြစ်ချင်တော့ပါ . . .

 

Khin Cho

www.drmyanmar.com