အစာနင်ခြင်း၊ အစာသီးခြင်း
ကျွနု်ပ်တို့စားလိုက်တဲ့ အစားအသောက်တွေ၊ လေတွေအားလုံးက လည်ချောင်းကိုဖြတ်သန်းပြီး ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပါတယ်။ အစာနဲ့ရေတွေက အစာပြွန်ကိုဖြတ်ပြီး အစာအိမ်ထဲကို သွားတယ်။ လေကတော့ လေပြွန်ကနေတစ်ဆင့် အဆုတ်ထဲကိုသွားပါတယ်။ ဒီပြွန်နှစ်ပြွန်လုံးအတွက် လည်ချောင်းအောက်ခြေမှာ အပေါက်တစ်ပေါက်ပဲရှိပါတယ်။ အစာတွေလေပြွန်ထဲမဝင်စေဖို့အတွက် ခန္ဓာကိုယ်က သဘာဝအရ ထိန်းချုပ်ထားပါတယ်။
လေပြွန်ထိပ်နားမှာ အရိုးနုချပ်ပြားလေးရှိပြီးတော့ ဒီအပြားလေးက အစာဝင်လာချိန်မှာ လေပြွန် ဝင်ပေါက်ကို တံခါးသဖွယ်ပိတ်ပေးပါတယ်။ ဒါကြောင့် အစာတွေကအစာပြွန်ကနေတစ်ဆင့် အစာအိမ်ထဲရောက်သွားပါတယ်။
ဒါပေမယ့် အစာစားနေချိန်မှာ ရယ်လိုက်ရင် ဒီလေပြွန်ဖုံးလေးအချိန်မီမပိတ်လိုက်နိုင်ဘဲ လေပြွန်ထဲကို အစာအနည်းငယ် ဝင်ရောက်သွားနိုင်ပါတယ်။ အများအားဖြင့်တော့ ချောင်းဆိုးလိုက်ပြီး ဒီအစာကိုပြန်ထုတ်နိုင်ရင် ဘာပြဿနာမှမရှိပါဘူး။
ရေအနည်းငယ် လေပြွန်ထဲကိုမှားဝင်သွားတဲ့အခါ ကြောက်စရာကောင်းလောက်အောင် စက္ကန့်အနည်းငယ်လောက်ချောင်းဆိုးပြီးမှ ပြန်ကောင်းသွားတာမျိုးကို ခံစားဖူးကြမှာပါ။ လေပြွန်ထဲကိုလေ မဟုတ်တဲ့ တခြားအရာတွေဝင်လာတာနဲ့ ဒီအရာတွေပြန်ထွက်သွားဖို့အတွက် ခန္ဓာကိုယ်ကချောင်းဆိုးပြီးပြန် ထုတ်ပါတယ်။
အမှန်တကယ် အစာသီးပြီဆိုရင်တော့ အစာ (သို့) အရာဝတၳုတစ်ခုခုက အသက်ရှူလမ်းကြောင်းကို လုံးဝပိတ်ဆို့လိုက်ပြီး အဆုတ်ထဲမှာလေအဝင်အထွက် မလုပ်နိုင်တော့ပါဘူး။ ဒီလိုအချိန်မှာဆိုရင် ချောင်းမ ဆိုးနိုင်၊ အသက်မရှူနိုင်၊ စကားမပြောနိုင်တဲ့အပြင် အသံတောင်မထွက်နိုင်တော့ပါဘူး။
Dr. Mya Myo Myo Swe






























