/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအိမ်နှင့်-အူလမ်းကြောင်း-ရောင်ရမ်းနေချိန်မှာ-နို့နဲ့

အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ရမ်းနေချိန်မှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ယာယီရှောင်ကြဉ်သင့်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နွားနို့မှာ အရိုးကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဗီတာမင် D နှင့် ကယ်လ်ဆီယမ်တွေ ပေါများစွာ ပါ၀င်တယ်ဆိုပေမယ့် “အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ရမ်းနေချိန်” မှာတော့ နို့နှင့် နို့ထွက်ပစ္စည်းများကို ယာယီ ရှောင်ရှားသင့်ပါတယ်။

>> ရောဂါ လက္ခဏာများ <<

          “အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ရမ်းခြင်း” ဟာ ပျို့အန်ခြင်း၊ ၀မ်းပျက်၀မ်းလျှောခြင်း၊ လေပွခြင်း၊ ၀မ်းဗိုက်အောင့်ခြင်း စတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုခံစားနေရတဲ့အချိန်မှာ စားသောက်မှုပုံစံကို ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ်။

>> ဘာကြောင့်ဖြစ်တာလဲ <<

          အစာအဆိပ်သင့်ခြင်း၊ Rotavirus ကဲ့သို့သော ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း အပါအ၀င် အခြားသော အကြောင်းအရာများကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းမှာ ရောင်ရမ်းနာဖြစ်နိုင်ပါတယ်။

>> ရောဂါခံစားနေရချိန် နွားနို့သောက်ရင် ဘာဖြစ်နိုင်လို့လဲ <<

          နွားနို့သောက်သုံးခြင်းဟာ “အစာအိမ်နဲ့ အူလမ်းကြောင်းရောင်ရမ်းခြင်း” ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ၀မ်းပျက်ခြင်းကို ပိုဆိုးစေတာကြောင့် ၀မ်းပျက်၀မ်းလျှော ရပ်သွားတဲ့အထိ အစားအစာတွေမှာ နွားနို့ကို လုံး၀ဖယ်ရှားသင့်တယ်လို့ အကြံပြုထားပါတယ်။ ဒါ့အပြင် ဒိန်ခဲ၊ နို့ဖြင့် ပြုလုပ်ထားသော သကြားလုံး၊ ဟင်းသီးဟင်းရွက်များ ပြုလုပ်ရာတွင် ဆမ်းသောအရည် (Salad dressing) စတဲ့ နို့ပါ၀င်တဲ့ ပစ္စည်းတွေအပြင် အစာချေစနစ်ကို ပိုမိုဆိုးဝါးစေတဲ့ အရက်၊ ကဖင်းပါ၀င်သောအရည်၊ အဆီများတဲ့ အစားအစာတွေကိုပါ ရှောင်ရှားရမှာဖြစ်ပြီး အစားထိုးအနေဖြင့် ပဲနို့၊ အုန်းနို့ စတာတွေကို အသုံးပြုနိုင်ပါတယ်။

>> ဒါဆို ဘာစားသင့်သလဲ <<

          “အစာအိမ်နှင့် အူလမ်းကြောင်းရောင်ရမ်းခြင်း” ကို ကုသရာမှာ ဒိန်ချဉ်ဟာ ဆေးတစ်ပါးဖြစ်တာကြောင့် သကြား (သို့) အခြားသော ချိုစေမည့်အရာတစ်ခုခု ရောထားခြင်းမရှိတဲ့ ဒိန်ချဉ်သီးသန့်ကိုတော့ စားသုံးလို့ရတယ်လို့ Mayo Clinic က အကြံပြုထားပါတယ်။ ဒိန်ချဉ်မှာ ကောင်းမွန်တဲ့ ဘက်တီးရီးယားပမာဏကို တိုးပွားစေခြင်း၊ လှုပ်ရှားမှုကို ပုံမှန်ဖြစ်စေတဲ့အပြင် ခုခံအားစနစ်ကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရာမှာ ကူညီပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။      

Dr. Htet Htet Aung (www.drmyanmar.com)