အဆိုးဝါဆုံးသော ကျန်းမာရေးဆိုင်ရာ အလေ့အထဆိုးများ
1. လက်သည်းကိုက်ခြင်း
လက်သည်းကိုက်တာကြောင့် လက်သည်းပုံမှန်ကြီးထွားမှုကိုထိခိုက်စေရုံသာမက သွားကြေလွှာများကိုလည်းပျက်စီးစေပါတယ်။ ဒါအပြင် လက်သည်းမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားများလည်း ပါးစပ်ထဲသို့၀င်ရောက်နိုင်ပါတယ်။ လက်သည်းကိုက်တာဟာ စိတ်ပူပန်ခြင်းကိုဖော်ပြတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပူပန်နေတယ်ဆိုရင် လက််မယ့်အစားပန်းသီး၊ မုန်လာဥနီ စတာတွေကိုအနားမှာထားပြီးစားပေးပါ။ လက်သည်းမိုက်မိအောင်ဖြစ်နိုင်လျှင် လက်သည်းကိုတိုတိုထားပေးပါ။
2. ဆရာ၀န်ကို ရောဂါအကြောင်းအပြည့်အစုံမပြောခြင်း
ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးရာမှာ မိမိကျန်းမာရေးနဲ့ ပတ်သက်တဲ့အချက်အလက်များကိုအရေးမကြီးဘူးထင်ပြီး ထိန်းချန်ထားမိလေ့ရှိတာကြောင့် ကုသမှုများမှာ နှောင့်နှေးမှုများ၊ အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဆရာ၀န်နှင့်မတွေ့ခင်မှာ မိမိကျန်းမာရေးနဲ့ပတ်သက်တဲ့ သုံးစွဲနေတဲ့ဆေးဝါးများ၊ ဆေးကုသမှုမှတ်တမ်းများ၊ ဓာတ်မတည့်မှုများ၊ အစားအစာစားသောက်မှုပုံစံများ စတာတွေကိုစာရင်းလုပ်ထားပါ။
3. အိပ်စက်ချိန်နည်းပါးခြင်း
တစ်ညမှာအိပ်ချိန်ငါးနာရီအောက်ပဲရှိပါက နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ တွေးခေါ်မှုချို့ယွင်းလာခြင်း၊ ကိုယ်အလေးချိန်မြင့်တက်လာခြင်းနဲ့ အရွယ်မတိုင်မီသေဆုံးခြင်းတို့ဖြစ်လာနိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ညအိပ်ရာ၀င်ခါနီး ကော်ဖီလုံး၀မသောက်ပါနဲ့ မိမိအိပ်စက်အနားယူမယ့်အခန်းရဲ့အလင်းရောင်ကိုလည်း နည်းနိုင်သမျှနည်းပါစေ။
4. ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကြောင့် နှလုံးရောဂါနဲ့ အဆုတ်ကင်ဆာ အပါအ၀င်အခြားသော ကင်ဆာရောဂါတွေဖြစ်ပွားနိုင်ရုံသာမက ငွေကုန်ကြေးကျလည်းများပါတယ်။ Fred Hatchison Cancer Research Center ရဲ့ လေ့လာမှုများအရဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်ပွားနှုန်းဟာ အခြားအမျိုးသမီးတွေထက် 40% မြင့်တက်နိုင်တယ်လို့သိရပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တယ်ဆိုရင်တော့ ဆေးလိပ်အမြန်ဆုံးဖြတ်ဖို့ကြိုးစားပါ။ လိုအပ်ပါက ဆရာ၀န်အကူအညီယူပါ။
5. စိတ်အလိုကိုလိုက်ပြီး အစားစားခြင်း
လူတွေဟာစိတ်ဖိစီးမှုကိုခံစားရတဲ့အခါမှာ သကြားဓာတ်ကို ပိုမိုစားသုံးလေ့ရှိပါတယ်။ အစားအစာတွေကို အဲဒီလိုစိတ်အလိုကိုလိုက်ပြီး အစာစားတာကြောင့် ခန္ဓာကိုယ်မှာမလိုလားတဲ့ အဆီတွေစုပုံလာပြီး အ၀လွန်ခြင်းနှင့်ပတ်သက်တဲ့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့ကို ဖြစ်ပွားစေနိုင်ပါတယ်။ လေ့လာမှုများအရ အ၀လွန်သူများဟာ အရက်သောက်သူများထက်တောင် နာတာရှည်ရောဂါများကို ပိုမိုခံစားရလေ့ရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့်အဆင်မပြေမှုများကိုတွေးပြီး စိတ်ဓာတ်ကျနေမယ့်အစား လက်ရှိကာလမှာအဆင်ပြေအောင်ကြိုးစားနေထိုင်ပါ။ လက်ရှိကာလမှာ စိတ်ခံစားမှုကောင်းအောင်နေခြင်းက ခံစားနေရတဲ့ စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေပါတယ်။
6. ကိုယ်အလေးချိန်ခဏခဏချိန်ခြင်း
ပေါင်ခဏခဏချိန်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူမဖြစ်ပါဘူး။ စုစုပေါင်း ကိုယ်အလေးချိန်ကိုဖော်ပြတာဖြစ်တဲ့အတွက် ဘယ်နေရာမှာ အဆီပိုတွေစုပုံနေတယ်ဆိုတာကို လုံး၀မသိနိုင်ပါဘူး။ ဒါကြောင့် ခဏခဏချိန်ခြင်းကို ဘိုင့်ဘိုင့်လို့နှုတ်ဆက်လိုက်ပြီး ၀မ်းဗိုက်၊ တင်ပါး၊ ပေါင်တံနဲ့ လက်မောင်းတို့ကိုပေကြိုးနဲ့တိုင်းတာပြီး ရလဒ်များကိုသေချာစွာမှတ်သားထားပါ။ ထိုသို့မှတ်သားခြင်းကသာ နှလုံးရောဂါဖြစ်နိုင်ချေရှိ/မရှိကို ခန့်မှန်းနိုင်တာဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာချက်များအရခါး 38 လက်မနဲ့အထက်ရှိသူတွေမှာ နှလုံးရောဂါဖြစ်နိုင်ချေ 3 ဆမြင့်တက်နေတာကိုတွေ့ရပါတယ်။
7. ညအိပ်ရာ၀င်ခါနီး သွားရေစာများစားခြင်း
ညအိပ်ရာ၀င်ခါနီး သွားရေစာများစားသုံးတာကြောင့် ကိုယ်အလေးချိန်တက်ရုံသာမက ရင်ပူတဲ့ေ၀ဒနာကိုခံစားရပြီး အိပ်စက်ခြင်းကိုအနှောက်အယှက်ဖြစ်စေပါတယ်။ တကယ်တော့ ညအိပ်ရာ၀င်ခါနီး သွားရေစာစားတာဟာ ဆာလောင်တာကြောင့်မဟုတ်ဘဲ ပျင်းရိခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ညအိပ်ရာမ၀င်ခင်မှာ စာဖတ်ခြင်း၊ တရားထိုင်ခြင်း စတာတွေနဲ့ သွားရေစာစားချင်စိတ်ကိုအာရုံလွှဲပေးပါ။
8. ဆန္ဒပြီးမြောက်မှုနည်းခြင်း
လေ့လာမှုများအရ ဆန္ဒပြီးမြောက်မှုနည်းပါးတဲ့ အမျိုးသားတွေမှာအရွယ်မတိုင်မီသေဆုံးနိုင်ခြေ 50 ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။ ဒါကြောင့် လိုအပ်ပါက ဆရာ၀န်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
9. နေရောင်နှင့် ထိတွေ့မှုများခြင်း
နေရောင်ခြည်ကအရေပြားရှိ DNA ကိုဖျက်ဆီးပစ်ပြီး အရေပြားကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲထွက်မယ်ဆိုရင် ထီး၊ ဦးထုပ် ဆောင်းဖို့မမေ့ပါနဲ့။ SPF 15 အထက်ရှိတဲ့နေရောင်ကာလိမ်းဆေးကိုနေပူထဲမထွက်ခင် မိနစ် 30 အလိုအကြိုလိမ်းပြီး နှစ်နာရီခြားတစ်ကြိမ်လိမ်းပေးပါ။
10. အားကစားလုပ်ချိန်မှာ အ၀တ်အစားရွေးချယ်မှု မှားယွင်းခြင်း
အားကစားလုပ်ချိန်မှာ သင့်တော်တဲ့အ၀တ်အစားနဲ့ အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်မှုမှားယွင်းတာကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ချည်သားအကျႌတွေဟာ ပူအိုက်တဲ့ရာသီမှာယားယံခြင်းကိုဖြစ်စေတာကြောင့် ချေွးစုပ်တဲ့ အသားမျိုးကိုသာရွေးချယ်ပါ။ အားကစားလုပ်မည့် အမျိုးသမီးများအနေဖြင့်လည်း မိမိနှင့်သင့်လျော်တဲ့ အားကစားဘယာစီယာကို ရွေးချယ်၀တ်ဆင်မှသာ ရင်သားလျှောတွဲခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါအပြင် အားကစား၀တ်စုံများကို သေချာလျှော်ဖွတ်ပေးဖို့လိုအပ်ပါတယ်။
11. ရက်လွန်နေသောအလှကုန်များကိုသုံးစွဲခြင်း
ရက်လွန်နေတဲ့အလှကုန်ပစ္စည်းများကိုသုံးစွဲတာကြောင့် ဘက်တီးရီးယားပိုးမွှားများပေါက်ဖွားနိုင်ပြီး အသားရေကိုပျက်စီးစေပါတယ်။ အထူးသဖြင့် အော်ဂဲနစ်ဖြင့်ပြုလုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေဟာ ပိုပြီးအပျက်ဆီးလွယ်ပါတယ်။ အလှကုန်ပစ္စည်းတွေမှာသူသက်တမ်းနဲ့ သူရှိပါတယ်။ ဒါကြောင့်၀ယ်ယူရာမှာ သက်တမ်းကုန်မယ့်ရက်ကိုသေချာကြည့်ပြီးမှ၀ယ်ယူပါ။ ရက်လွန်နေတဲ့အလှကုန်များကိုလွှင့်ပစ်ဖို့လည်း ၀န်မလေးပါနဲ့။
Dr. Htet Htet Aung






























