အထီးကျန်ခြင်းနဲ့ ကျန်းမာရေးပြဿနာ
အထီးကျန်တာကလည်း ကျန်းမာရေးပြဿနာတစ်ခုပါပဲ။ ဒီနေ့ခေတ်မှာဆိုရင် ဆရာဝန်တွေကတောင်မှ အထီးကျန်တာကို ကပ်ရောဂါတစ်ခုအဖြစ်နဲ့ ခေါ်နေကြပြီ။ ဒါပေမဲ့လည်း ဒါက အသစ်အဆန်း ပြဿနာတစ်ခုတော့ မဟုတ်ပါဘူးတဲ့လေ။ ၁၉၈၈ ခုနှစ်မှာလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုကို ကြည့်လိုက်တော့ အထီးကျန်တဲ့သူတွေမှာ သေဆုံးနှုန်း၊ ရောဂါဖြစ်နှုန်း၊ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်းနဲ့ သွေးတိုးခြင်း စတာတွေ မြင့်မားနေတာကို တွေ့ရှိရပါတယ််။
ကျွန်မတို့တွေမှာ အင်တာနက်ကနေ၊ ဖေ့ဘွတ်မှာ ဆက်သွယ်မှုတွေ ရှိနေကြတယ်။ ပြောရမယ်ဆိုရင် ပျမ်းမျှအနေနဲ့လူတစ်ယောက်မှာ ဖေ့ဘွတ်သူငယ်ချင်း 338 ယောက်လောက် ရှိနေပေမယ့်လည်း အပြင်မှာတော့ သူတို့တွေက ပိုပြီးအထိီးကျန်လာကြပါတယ်။ အခုလိုနည်းပညာတွေ မြင့်မားလာတဲ့ ခေတ်ကြီးထဲမှာ အသက်ရှင်နေရပေမယ့်လည်း အထီးကျန်တာကတော့ ၁၉၈၀ ခုနှစ်တွေထက် ၂ ဆ ပိုများလာပါတယ်။
တခြားရောဂါတွေလိုပဲ အထီးကျန်တာကလည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေရှိပါသတဲ့။ ဒါကြောင့် ဒီအထီးကျန်တယ်ဆိုတာက လူမှုပတ်ဝန်းကျင်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာသာမဟုတ်ဘဲနဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။
အထီးကျန်ခြင်း၊ ပတ်ဝန်းကျင်နဲ့ ကွဲကွာနေခြင်းတွေက ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကို အမှောင်ချလိုက်ပေမယ့်လည်း နာကျင်ခံစားရတဲ့အပိုင်းကိုကျတော့ ဖွင့်ပေးထားပါတယ်။
နည်းပညာတွေ တိုးတက်လာတော့ ကောင်းတာက သိပ္ပံပညာရှင်တွေက အထီးကျန်နေတဲ့လူတွေရဲ့ ဦးနှောက်တွေထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ပိုပြီးမြင်နိုင်လာ၊ တိုင်းတာနိုင်လာကြတယ်။ လူမှုပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုတွေက ဦးနှောက်အစိတ်အပိုင်းမျိုးစုံကို လှုံ့ဆော်ပေးပါတယ်။ ကြွက်သားတွေလိုပဲ ဦးနှောက်ကလည်း ကျန်းမာဖို့အတွက် အမြဲတက်ကြွနေဖို့ လိုပါတယ်။ အထီးကျန်နေတဲ့အခါမှာ၊ စကားပြောမယ့်သူမရှိတဲ့အခါမှာ ဦးနှောက်ထဲက အဓိကနေရာေ တာ်တော်များများက သံချေးတက်သွားပါတယ်။
မျက်နှာအမူအရာတွေကို ဖတ်တတ်ဖို့၊ တခြားသူတွေရဲ့လှုပ်ရှားမှုတွေကို ဖတ်ပြီးတော့ သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိစေတဲ့အသိကို ရစေတဲ့ ဦးနှောက်အစိတ်အပိုင်းကနေ စပြီးဆုံးရှုံးလာပါတယ်။ ဒီအချိန်မှာ နာကျင်မှုကိုခံစားရတဲ့ ဦးနှောက်အစိတ်အပိုင်းကတော့ ပိုပြီးတက်ကြွလှုပ်ရှားလာပါတယ်။ ဒါကြောင့် အထီးကျန်တဲ့သူတွေမှာ မတော်တဆဖြစ်တာ ပိုများပြီးတော့ ပိုပြီးလည်း နာကျင်မှုကိုခံစားရပါတယ်။
အထီးကျန်မှုကြောင့် ဟော်မုန်းတွေကိုလည်း ရိုင်းစိုင်းလာစေပါတယ်။ Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ ဟော်မုန်းက အန္တရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ (သို့) အကျဉ်းအကြပ်ထဲ ရောက်နေချိန်တွေမှာ တုံ့ပြန်မှုတွေပေးတဲ့ ဇီဝဖြစ်စဉ်အမျိုးမျိုးအတွက် အရေးပါတဲ့ဟော်မုန်းပါ။ ဒါပေမဲ့လည်း ခန္ဓာကိုယ်ထဲမှာ cortisol တွေ များလွန်းပြန်ရင်လည်း မကောင်းဘူးလေ။
Cortisol အတွက် ဖြေဆေးကတော့ oxytocin လို့ခေါ်တဲ့ ဟော်မုန်းလေးပါပဲ။ oxytocin ကိုတော့ လူမှုရေးဟော်မုန်း (သို့) အချစ်ဟော်မုန်းရယ်လို့တောင် တင်စားခေါ်ဝေါ်ပါတယ်။ ဒါက ကိုယ်ချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ချစ်သူတွေနဲ့အတူရှိချိန်မှာ ထွက်လာပြီးတော့ နွေးထွေးတဲ့ခံစားချက်ကို ရစေပါတယ်။ ဒီတော့ စိတ်ခံစားချက်တွေ ဟန်ချက်ညီနေစေဖို့ cortisol နဲ့ oxytocin တွေကလည်း ဘက်ညီနေဖို့ လိုပါတယ်။
နောက်ထပ် ဓာတုပစ္စည်းတစ်မျိုးကတော့ အတိတ်ရဲ့မှတ်ဉာဏ်တွေကို မှတ်မိနေပြီးတော့ အသစ်တွေကိုလည်း ဖန်တီးပေးနိုင်ဖို့အတွက် အထောက်အကူပေးပါတယ်။ အထီးကျန်တဲ့ လူမှုရေးအားနည်းတဲ့လူတွေမှာ ဒီအရာလည်းပဲ နည်းပါတယ်။
ကဲ ... ဒီတော့ ကျန်းမာရေးကောင်းဖို့ မိတ်ဆွေဖွဲ့ကြပါစို့။
လူတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေဆိုတာ စိတ်လှုပ်ရှားမှုတွေကို သက်သာစေတဲ့သူတွေ၊ စိတ်ဓာတ်ကျတာကို တိုက်ဖျက်ပေးတဲ့သူတွေဖြစ်ပြီးတော့ သွေးတိုးကိုလည်းကျစေတဲ့ အဖိုးတန်တွေပါ။ ဒါကြောင့် အပေါင်းအသင်းထားပါ။
လူတွေရှိနေတဲ့နေရာတွေ သွားတာ၊ စာကြည့်တိုက်သွားပြီး စာဖတ်တာ၊ ပန်းခြံ စတဲ့ အများနဲ့ဆိုင်တဲ့နေရာတွေကိုသွားပြီး စာဖတ်တာမျိုးကတောင်မှ oxytocin ဟော်မုန်းများစေပြီးတော့ စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။
စစ်တမ်းအရဆိုရင် အနီးကပ်နေပေးတဲ့ သူတစ်ယောက်ရှိရင်တောင်မှ အထီးကျန်တာကို သက်သာစေတယ်လို့ တွေ့ရပါတယ်။ ရင်းနှီးတဲ့မိတ်ဆွေ တစ်ယောက်မှမရှိဘူးလို့ ဆိုတဲ့သူတွေရဲ့ 76% လောက်က အထီးကျန်မှုကို ခံစားနေရတာကို တွေ့ရပါတယ်။ ဒီလူတွေမှာ မိတ်ဆွေတစ်ယောက် ရလိုက်တာနဲ့ 76 ကနေ 36% အထိ ကျဆင်းသွားပါတယ်။
ကျွန်မတို့ လူတွေဆိုတာက လူမှုအသိုင်းအဝိုင်းနဲ့ နေကြရတာပါ။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရင်းနှီးခင်မင်မှု၊ တွယ်တာမှု၊ စွဲလမ်းမှု၊ ချစ်ခြင်း၊ မုန်းခြင်း စတဲ့ ခံစားချက်တွေ ရှိနေပါတယ်။ ဒီဆက်သွယ်မှုတွေ ပြတ်တောက်သွားပြီဆိုရင် စိတ်ခံစားချက်ကနေပြီးတော့ ကိုယ်ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်လာပါတော့တယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























