/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အပြင်မှပြန်လာတဲ့-အဝတ်အစားနဲ့-အိပ်ရာပေါ်မှာ-ထိုင်ဖို့တောင်

အပြင်မှပြန်လာတဲ့ အဝတ်အစားနဲ့ အိပ်ရာပေါ်မှာ ထိုင်ဖို့တောင် စိတ်မကူးလိုက်ပါနဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မနက်ပိုင်းမှာရေချိုးထားတဲ့အတွက် ခန္ဓာကိုယ်က အနံ့အသက်မရှိဘူးဆိုရုံနဲ့ ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေဟာ သန့်ရှင်းနေတယ်လို့ မယူဆနိုင်ပါဘူး။ အပြင်ကပြန်လာရင် အိမ်နေအင်္ကီျမလဲဘဲ ကုတင်ပေါ်မှာလဲလျောင်းဖို့စဉ်းစားနေတယ်ဆိုပါက အောက်ပါနောက်ဆက်တွဲ ဆိုးကျိုးတွေကို ဦးစွာလေ့လာသင့်ပါတယ်။

1. လူသားတွေဟာ ပင်ကိုယ်သဘာဝအနေနဲ့ မနှစ်မြို့ဖွယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြပါတယ်။

        တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ဟာ ကျန်းမာရေးအတွက်ရှုထောင့်စုံမှ အလွန်ပင် အရေးကြီးလှပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးပတ်ဝန်းကျင်အတွက်သာမက ခန္ဓာကိုယ်ရဲ့တစ်နေ့တာ အပြောင်းအလဲအတွက် အဝတ်အစားမလဲခြင်းဟာ အညစ်အကြေးတွေကို ပိုမို၍စုပုံစေနိုင်ပါတယ်။ အရေပြားဆဲလ်တွေအဆက်မပြတ်ကွာကျနေခြင်း၊ အရေပြားအဆီတွေ စိမ့်ထွက်နေခြင်း၊ ချေွးထွက်ခြင်း စတဲ့အရာတွေအားလုံးဟာ အဝတ်အစားတွေအပေါ်မှာ ကပ်ငြိနေတတ်ပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှ နေ့စဉ်နေ့တိုင်း အရေပြားဆဲလ် သန်း 500 ခန့်ကွာကျ၍ ချေွးတစ်လီတာခန့် ထွက်လေ့ရှိပါတယ်။

2. ပိုးမွှားတွေဟာ ခန္ဓာကိုယ်မှာ ကော်ကဲ့သို့ ကပ်နေတတ်ပါတယ်။

        ဘက်တီးရီးယားနဲ့ အခြားပိုးမွှားတွေဟာ အဝတ်အစားပေါ်မှာ ရက်သတ္တပတ်ပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။ လုံးဝမဝတ်ရသေးတဲ့ အသစ်ကျပ်ချွတ်အဝတ်အစားတွေပင်လျှင် ပိုးမွှားတွေကပ်ငြိနေတတ်ပါတယ်။ ဒါကြောင့် အဝတ်အစားအသစ်တွေကို မဝတ်မီလျှော်၍ 12 နာရီခန့်ကြာအောင် နေပူလှန်းသင့်ပါတယ်။

3. အဖုအပိန့်တွေ၊ ဝက်ခြံတွေ၊ ရောဂါပိုးတွေ ပျံ့နှံ့စေနိုင်ပါတယ်။

        မသန့်ရှင်းတဲ့ အဝတ်အထည်တွေကြောင့် အရေပြားယားနာတွေပိုဆိုးစေနိုင်ပါတယ်။ ရင်ဘတ်နဲ့ ကျောမှာဖြစ်တဲ့ ဝက်ခြံတွေဟာ ကြပ်လွန်းတဲ့တီရှပ်၊ ကျောပိုးအိတ်တွေရဲ့ ဖိအားနဲ့အရေပြားကို မကြာခဏပွတ်တိုက်တဲ့ဒဏ်တွေကြောင့်ပဲဖြစ်ပါတယ်။ ညစ်ပတ်နေတဲ့ အဝတ်အစားနဲ့ မသန့်ရှင်းတဲ့ အိပ်ရာခင်းတွေကြောင့် အညစ်အကြေးနဲ့ ဘက်တီးရီးယားပိုးတွေဟာ ဆံပင်အမြစ်တွေဆီရောက်ကာ ပိတ်ဆို့စေတာကြောင့် ရောဂါဖြစ်လာနိုင်ပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com