အမေရိကန်နိုင်ငံ Alaska ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးဟာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးနောက် ပြင်းထန်တဲ့တုံ့ပြန်မှုများ ဖြစ်ပေါ်ခြင်း
အမေရိကန်နိုင်ငံ Alaska ပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးဟာ Pfizer နှင့် BioNTech မှ ထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေးကို ထိုးပြီးနောက် ပြင်းထန်သော တုံ့ပြန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီသတင်းဟာ အခုအပတ်မှာ ကာကွယ်ဆေးတွေ စတင်ထိုးပြီဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော ဓာတ်မတည့်တဲ့ဖြစ်စဉ် ဖြစ်ပါတယ်။
● ဒီဖြစ်စဉ်မျိုး အလားတူဟာ ဗြိတိန်နိုင်ငံမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦးတွင်လည်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ထိုကျန်းမာရေးဝန်ထမ်းတွေမှာ ပြင်းထန်တဲ့တုံ့ပြန်မှုတွေ တွေ့ရှိခဲ့ပေမယ့် အသက်ထိခိုက်ခြင်းတော့ မရှိခဲ့ပါဘူး။
● Alaska မှာ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးရဲ့ အခြေအနေဟာ ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့အတွက် ဆေးရုံမှာ တစ်ည စောင့်ကြည့်ပြီးနောက် ဆေးရုံဆင်းခွင့်ပေးခဲ့ပါတယ်။
● ထိုအမျိုးသမီးဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ကာကွယ်ဆေးထိုးပြီးနောက် ၁၀ မိနစ်အကြာမှာ မျက်နှာတွေ စတင်နီမြန်းပြီးနောက် အခြားသောဓာတ်မတည့်တဲ့လက္ခဏာတွေ ဆက်တိုက်ခံစားခဲ့ရပါတယ်။
● အရေးပေါ်ဌာနသို့ ရောက်ရှိချိန်မှာတော့ အသက်ရှူမဝခြင်းကို စတင်ခံစားရပြီး နှလုံးခုန်နှုန်းလည်း မြင့်တက်ခဲ့ပါတယ်။ အရေးပေါ်ကုသမှုများ ခံယူပြီးနောက်မှာတော့ အထူးကြပ်မတ်ကုသဆောင်မှာ တစ်ညထားပြီး စောင့်ကြည့်ခဲ့ပါတယ်။
● ဗုဒ္ဒဟူးနေ့မနက်မှာတော့ ပြန်လည်သက်သာလာပြီဖြစ်တဲ့အတွက် ဆေးရုံက ဆင်းခွင့်ပြုလိုက်သော်လည်း ဒုတိယမြောက် ကာကွယ်ဆေးထိုးခြင်းကိုတော့ သုံးပတ်အတွင်းမပြုလုပ်ဖို့ တားမြစ်ထားပါတယ်။
ကမ္ဘာ့ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ဖြစ်တဲ့ CDC ကတော့ အရင်က အခြားကာကွယ်ဆေးများနှင့် ဓာတ်မတည့်သော ရာဇဝင်ရှိဖူးသူတွေအနေနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပေမယ့် မထိုးခင်မှာ ဓာတ်မတည့်မှု ဖြစ်ပေါ်နိုင်တဲ့ အလားအလာတွေအကြောင်း ကြိုတင်ဆွေးနွေးမှု ခံယူသင့်တယ်လို့ ဆိုပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























