/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးကျန်းမာစေဖို့အတွက်-ကယ်ဆီယမ်နဲ့ဗီတာမင်-d

အရိုးကျန်းမာစေဖို့အတွက် ကယ်ဆီယမ်နဲ့ဗီတာမင် D

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အရိုးထုထည်တွေနဲ့သိပ်သည်းမှုတွေဆက်တိုက်ဆုံးရှုံးလာတာကို အရိုးပွတယ်လို့ခေါ်ပါတယ်။ ဒီအခါမှာ အရိုးတွေကပါးလာ၊အားနည်းလာပြီးတော့ ကျိုးလည်းကျိုးလွယ်လာပါတယ်။ အထူးသဖြင့်တော့ ကျောရိုးဆစ်၊ တင်ပါးနဲ့ လက်ကောက်ဝတ်နားက လက်ဖျံရိုးကျိုးတာများပါတယ်။

ဒီလိုအရိုးဆုံးရှုံးမှုတွေမဖြစ်အောင်ကာကွယ်ဖို့၊ ကုသဖို့ နည်းလမ်းများစွာရှိပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ကတော့ အရိုးသန်မာဖို့အတွက် လိုအပ်တဲ့ ကယ်ဆီယမ်၊ သတ္တုဓာတ်နဲ့ ဗီတာမင် D တွေကြွယ်ဝတဲ့အစားအစာတွေကို စားပေးဖို့လိုပါတယ်။

အရိုးကိုသန်မာအောင်ထိန်းထားနိုင်ဖို့ရာ အရွယ်တိုင်းမှာ အာဟာရပြည့်ဝအောင်စားဖို့ အရမ်းအရေးကြီးပါတယ်။ ကယ်ဆီယမ်ပါတဲ့ အစားအသောက်တွေများများစားရင် အရိုးဆုံးရှုံးမှုကိုလျော့နည်းစေပြီးတော့ ကျောရိုးဆစ်ကျိုးနိုင်ချေတွေကိုလည်း နည်းစေပါတယ်။ ပြီးတော့ ငယ်ငယ်ကတည်းက ကယ်ဆီယမ်များများစားမယ် (ဥပမာ နို့သောက်မယ်) ဆိုရင် ကြီးလာတဲ့အခါမှာ အရိုးထုထည်တွေ သိပ်သည်းဆတွေများစေတဲ့အတွက်ကြောင့် နောက်ပိုင်းမှာအရိုးကျိုးနိုင်ချေကိုနည်းစေပါတယ်။

ကယ်ဆီယမ်က သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စရောကျစေတဲ့ကောင်းကျိုးတွေရှိတဲ့အပြင် ဗီတာမင် D နဲ့တွဲစားမယ်ဆိုရင် အသက်အိုမင်းလာတဲ့အခါမှာ သွားမကျိုးအောင်ကာကွယ်နိုင်ပါတယ်။

ကယ်ဆီယမ်ကိုအဓိကရရှိနိုင်တဲ့အစားအစာတွေကတော့ နွားနို့နှင့် အခြားနို့ထွက်ပစ္စည်းများဖြစ်တဲ့ ဒိန်ခဲ၊ ဒိန်ချဉ်စတာတွေနဲ့ ကိုက်လန်၊ ပန်ဂေါ်ဖီအစိမ်းကဲ့သို့သော အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။

ဗီတာမင် D ကတော့ အရိုးဆုံးရှုံးမှုကိုလျော့နည်းစေပြီးတော့ အထူးသဖြင့် အဘိုး၊အဘွားတွေမှာ အရိုးကျိုးနိုင်ချေကိုလည်းနည်းစေပါတယ်။ ကယ်ဆီယမ်နဲ့ ဗီတာမင် D က အရိုးမပွအောင်ကာကွယ်ပေးပါတယ်။ ကယ်ဆီယမ်ကို ခန္ဓာကိုယ်ကကောင်းကောင်းစုပ်ယူနိုင်ဖို့အတွက်ဆိုရင် ဗီတာမင် D အလုံအလောက်ရှိဖို့လိုပါတယ်။

ဗီတာမင် D ကိုတော့ပုံမှန်အားဖြင့် နေနဲ့ထိတွေ့ပြီးနောက်မှာ အရေပြားမှာထုတ်လုပ်ပါတယ်။ အသက် ၇၀ ကျော်အဖိုးတွေနဲ့ သွေးဆုံးပြီးအမျိုးသမီးတွေမှာ အနည်းဆုံးတစ်နေ့ကို ဗီတာမင် D 800 IU သောက်သင့်တယ်လို့ညွှန်ကြားထားပါတယ်။ ဗီတာမင် D နည်းရင်လည်းမကောင်းသလို များသွားရင်လည်း အဆိပ်သင့်နိုင်ပါတယ်။ ဗီတာမင် D ကိုသူ့ချည်းသပ်သပ် ဆေးပြားအနေနဲ့ရနိုင်သလို အားဆေးတွေနဲ့ ကယ်ဆီယမ်ဆေးတွေထဲမှာလည်း တွဲပြီးထည့်ထားပါတယ်။ နို့တစ်ခွက်မှာ ပျမ်းမျှအားဖြင့် ဗီတာမင် D 100 IU ခန့်ပါပြီးတော့ နို့က ဗီတာမင် D ပေးနိုင်တဲ့အကောင်းဆုံးအရင်းအမြစ်ပါပဲ။

ဗီတာမင် D ကြွယ်ဝတဲ့အခြားအစားအစာတွေကတော့ လိမေ္မာ်ဖျော်ရည်၊ ဗီတာမင် D ထည့်ပြီးလုပ်ထားတဲ့ ဒိန်ချဉ်၊ ချက်ထားတဲ့ဆယ်မွန်၊ မက်ကရယ်ငါး၊ ဗီတာမင် D ထည့်ထားတဲ့ ကောက်ပဲသီးနှံတွေနဲ့ ငါးကြီးဆီတို့ဖြစ်ကြပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)









 

Dr. Mya Myo Myo Swe (www.drmyanmar.com)