/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးကျီးပေါင်းနဲ့-သွေးလေးဖက်နာ-ဘယ်လိုခွဲခြားမလဲ

အရိုးကျီးပေါင်းနဲ့ သွေးလေးဖက်နာ ဘယ်လိုခွဲခြားမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တစ်နေ့တစ်နေ့ ဆေးခန်းလာပြီဆိုရင် ဒူးနာလို့၊ ခါးနာလို့ဆိုတဲ့ ဦးဦးဒေါ်ဒေါ် ဘိုးဘိုးဘွားဘွားတွေက မနည်းလှပါဘူး။ ဘာကြောင့် အဆစ်အမြစ်တွေ ကိုက်ခဲနာကျင်ရသလဲဆိုတာ ကြည့်ကြရအောင်နော်။

          အဆစ်အမြစ်တွေဆိုတာ ခန္ဓာကိုယ်ကောင်းကောင်း အကွေးအဆန့်ပြုနိုင်အောင်၊ လှုပ်ရှားနိုင်အောင် ဆက်ပေးထားတာမို့ ဒီအဆစ်အမြစ်တွေကို ဝန်းရံထားတဲ့အရိုးနုတွေ ပျက်စီးသွားတဲ့အခါ လှုပ်ရှားမှုတွေ နာကျင်လာပါတော့တယ်။

 

>>    အဆစ်အမြစ် နာကျင်ခြင်း အကြောင်းရင်းတွေကတော့ -

          အရိုးကျီးပေါင်းနဲ့ အဆစ်အမြစ် လေးဖက်နာဆိုတာ အဓိက အဆစ်အမြစ်နာရောဂါ (၂) မျိုးပေါ့။ 

          လက္ခဏာတွေကတော့ ခပ်ဆင်ဆင်ပါပဲ။ အဓိကက အဆစ်အမြစ်တွေအားလုံး ကိုက်ပြီး လာတတ်ပါတယ်။ နောက်ထပ် တူတာတွေကတော့ -

●        နာကျင်တာ

●        တောင့်တင်းတာ

●        အသားတွေ နီရဲနေတာ

●        ရောင်ရမ်းတာ

●        လှုပ်ရှားရခက်တာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်တာပါပဲ။

          ဒီလိုလက္ခဏာတွေကြောင့် နေ့စဉ်လှုပ်ရှားမှုတွေဖြစ်တဲ့ လမ်းလျှောက်တာ၊ အလေးအပင်တွေ မတာ၊ ကုန်းတာ ကွတာ၊ ထိုင်တာတွေအထိတောင် ဒုက္ခရောက်တတ်ပါတယ်။

 

>>    အဆစ်အမြစ်နာရတဲ့ အကြောင်းရင်းတွေ

**     အရိုးကျီးပေါင်း

          အဆစ်အမြစ်တွေနာစေတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ အရိုးကျီးပေါင်းကလည်း တစ်ခုအပါအဝင်ပါ။  များသောအားဖြင့် လည်ပင်း၊ ခါး၊ တင်ပါး၊ ဒူး၊ ခြေထောက်နဲ့ လက်ချောင်းတွေကို နာတာ များပါတယ်။

          အဆစ်အမြစ်တွေ ပွတ်တိုက်မှု မဖြစ်ရလေအောင် ခံထားပေးတဲ့ အရိုးနုတွေ ပျက်စီးတဲ့အခါ အရိုးကျီးပေါင်းဆိုတာ ဖြစ်တော့တာပါပဲ။

          ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -

●        အသက်ကြီးခြင်း : အသက်ကြီးလာတာနဲ့အမျှ အရိုးကျီးပေါင်း ဖြစ်နိုင်ခြေ ပိုများလာတာပေါ့။

●        ထိခိုက်ဒဏ်ရာ : အားကစားကြောင့်ပဲဖြစ်ဖြစ် အဆစ်အမြစ်တွေကို ထိခိုက်မိတဲ့အခါ အရိုးကျီးပေါင်းဖြစ်နိုင်ခြေ ပိုများလာပါတယ်။

●        မျိုးရိုးဗီဇ : မိသားစုထဲမှာ အရိုးကျီးပေါင်း မျိုးရိုးဗီဇပါနေရင် ပိုဖြစ်တာပေါ့။

●        အဝလွန်ခြင်း : ကိုယ်အလေးချိန် များတဲ့အခါ အလေးကို ခံမပေးထားတဲ့ အရိုးတွေမှာ ပိုပြီးဒဏ်ဖြစ်တာပေါ့။

 

**     သွေးလေးဖက်နာ

          သွေးလေးဖက်နာဆိုတာ ကိုယ်ခံအား မှားယွင်းတိုက်ခိုက်ခြင်း ရောဂါတစ်မျိုးပါ။ ဆိုလိုတာက ကိုယ့်ရဲ့ အဆစ်အမြစ်အကောင်းတွေကို ကိုယ့်ကိုယ်ခံအားက မှားယွင်းတိုက်ခိုက်တဲ့ရောဂါမျိုးပေါ့။

          ကြာလာတာနဲ့အမျှ အရိုးတွေနဲ့ အရိုးနုတွေကို ဖျက်ဆီးတော့တာပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုတွေ့ရတဲ့ရောဂါတစ်မျိုးပါ။ လက်ဆစ်တွေ၊ လက်ကောက်ဝတ်တွေ၊ တံတောင်ဆစ်၊ ဒူး၊ ခြေချင်းဝတ်၊ ခြေထောက်တွေ နာကျင်တတ်ပါတယ်။

 

>>    အဆစ်အမြစ် နာတာကို ကုသဖို့ -

          အဆစ်အမြစ် နာတယ်ဆိုပြီး ဆေးရုံ၊ ဆေးခန်း ရောက်လာပြီဆိုရင် အရင်ဆုံးနာတဲ့ပုံစံ၊ ဖြစ်ဖူးတဲ့ရောဂါတွေ၊ မိသားစုရာဇဝင်တွေ မေးမြန်း၊ စမ်းသပ်စစ်ဆေးပြီး ဓာတ်မှန်ရိုက်၊ သံလိုက်ဓာတ်မှန်ရိုက်တာတွေ ပြုလုပ်ရပါလိမ့်မယ်။

          ရောဂါကို တိတိကျကျသိရပြီဆိုရင် ကုသမှုကတော့ အဆစ်အမြစ်ရောဂါအမျိုးအစား၊ နာကျင်မှုအပြင်းအပျော့၊ ဘယ်နား နာတာတွေအပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ အဓိကကတော့ နာတာ သက်သာအောင် သေချာထိန်းဖို့၊ ဆက်ပြီး ဆိုးမလာအောင် တားဖို့၊ ကောင်းကောင်းလှုပ်ရှား လုပ်ကိုင်နိုင်ဖို့ပါ။

          အဆစ်အမြစ်ရောင်ခြင်းရဲ့ ဖြစ်ပြီးသား နောက်ဆက်တွဲတွေကို ပြန်ကောင်းအောင် ပြုပြင်လို့တော့ မရနိုင်ပေမယ့် ထိန်းလို့တော့ရပါတယ်။

 

>>    ကျီးပေါင်းသမားတွေအတွက်

●        အိုင်ဗျူ ပရိုဖန်လို အရောင်ကျဆေးတွေသောက်ပေးတာ

●        ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေး ကုထုံးတွေလုပ်တာ

●        အဆစ်အမြစ်ထဲကို စတီးရွိုက်ထိုးဆေးတွေ၊ ချောဆီအနေနဲ့ လုပ်ဆောင်ပေးတဲ့ hyaluronic acid တွေ ထိုးတာ

●        အဆစ်အမြစ် လဲလှယ်ရေး ခွဲစိတ်မှုတွေ လုပ်တာတွေ လုပ်လို့ရပါတယ်။

 

>>    သွေးလေးဖက်နာအတွက်

●        အိုင်ဗျူ ပရိုဖန်လို အရောင်ကျဆေးတွေသောက်တာ

●        စတီးရွိုက် သောက်ဆေးတွေ သောက်တာ

●        ရောဂါ ထပ်တိုးတာ မဖြစ်အောင် ရောဂါပြုပြင်ပြောင်းလဲတဲ့ သွေးလေးဖက်နာဆေးတွေ သောက်တာ

●        ရောင်ရမ်းနေတဲ့ အမြှေးပါးတွေကို ဖယ်ထုတ်၊ ပျက်စီးသွားတဲ့အရွတ်တွေ ပြင်ဆင်၊ အဆစ်ကို ပြန်အစားထိုးစတဲ့ ခွဲစိတ်မှုတွေ ပြုလုပ်တာ စတဲ့ ကုသမှုတွေ ပြုလုပ်နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)