အရိုးပွခြင်းနဲ့ အရိုးသိပ်သည်းဆနည်းခြင်း
ဒီလိုခေါင်းစဉ်ကိုတွေ့ရင် ဟင် ... အတူတူကြီး မဟုတ်ဘူးလားလို့ ဇဝေဇဝါ ဖြစ်သွားကြမှာပေါ့။ တူ၊ မတူ ကြည့်ကြရအောင်နော်။
>> ကြံ့ခိုင်တဲ့အရိုးဆိုတာ -
● အရိုးဆိုတာ ဘဝတစ်လျှောက်လုံးမှာ ဖြိုခွဲလိုက်၊ ပြန်တည်ဆောက်လိုက်လုပ်နေတဲ့ သက်ရှိတစ်သျှူးတွေပါပဲ။ အရိုးကို သိပ်သည်းခိုင်မာအောင် ကယ်လ်ဆီယမ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။
● ကလေးဘဝနဲ့ လူငယ်ဘဝမှာ အရိုးဆုံးရှုံးမှုထက် အရိုးအသစ်ဖြစ်တာ ပိုများပါတယ်။ အသက် ၁၈ နဲ့ ၂၅ အတွင်းမှာ အရိုးသိပ်သည်းဆ အမြင့်ဆုံးကို ရောက်ပါတယ်။
● အရိုးသိပ်သည်းဆဟာ မိသားစုမျိုးရိုးနဲ့လည်း ဆိုင်ပါသေးတယ်။ တချို့မိသားစုတွေမှာ အရိုးပိုသိပ်သည်းတတ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေထိုင်မှုပုံစံက အရိုးသိပ်သည်းမှုကို အားပေးပါလိမ့်မယ်။
● ဒီလိုအချိန်တွင်းမှာ အရိုးသိပ်သည်းဆ အများဆုံးဖြစ်နေမှသာ ဘဝတစ်လျှောက်လုံး သုံးစွဲရမယ့် ကယ်လ်ဆီယမ်ဘဏ်တိုက်ကြီး ပြည့်ဝနေမှာပါ။ အသက်ကြီးလာတာနဲ့အမျှ ကယ်လ်ဆီယမ် ထုတ်ယူသုံးစွဲတာက စုပုံတာထက် ပိုများလာတာကြောင့် အရိုးသိပ်သည်းဆ လျော့နည်းလာပြီး အရိုးတွေ ပါးလာ၊ အားနည်းလာပါတယ်။
>> အရိုးပွခြင်းနဲ့ အရိုးသိပ်သည်းဆ နည်းပါးခြင်း
● အရိုးပွတယ်ဆိုတာ အရိုးပမာဏနည်းလာတာမျိုးဖြစ်ပြီး အရိုးကိုအားနည်းသွားစေတာမို့ အရိုးကျိုးနှုန်းကိုများစေပါတယ်။ ရိုးရိုးမတ်တပ်လဲရုံနဲ့တင်အရိုးကျိုးတာမျိုးပေါ့။
● အရိုးသိပ်သည်းဆနည်းခြင်း၊ တစ်နည်းအခေါ် အရိုးပါးတာကိုတော့ ရောဂါလို့မသတ်မှတ်ပါဘူး။ လူတစ်ယောက်ဟာ တစ်သက်တာလုံး အရိုးသိပ်သည်းဆနည်းပေမယ့် အရိုးပွရောဂါ လုံးလုံးမဖြစ်တတ်တာမျိုးလည်း ရှိပါတယ်။ အရိုးသိပ်သည်းဆလည်း နည်းနေတယ်၊ အချိန်ကြာလာတာနဲ့အမျှ အရိုးဆုံးရှုံးမှုလည်း များလာတယ်ဆိုရင်တော့ အရိုးပွရောဂါ ဖြစ်လာနိုင်ခြေ များပါတယ်။ အရိုးသိပ်သည်းဆနည်းပြီး အရိုးကျိုးနိုင်တဲ့လက္ခဏာရပ်တွေ ရှိနေသူတွေမှာ အရိုးကျိုးဖို့ကို ကြောက်ရပါတယ်။
● အရိုးပွရောဂါနဲ့ အရိုးကျိုးတာတွေဟာ အသက်နဲ့ချည်းဆိုင်တာ မဟုတ်ပါဘူး။ ဘဝတစ်လျှောက်မှာ သန်မာတဲ့အရိုးတွေရရှိနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့လိုပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရိုးဆုံးရှုံးမှု ပိုများလာတယ်ဆိုပေမယ့် မျိုးရိုးဗီဇ၊ လူနေမှုပုံစံတွေပေါ် မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားနိုင်ပါတယ်။
>> အရိုးသိပ်သည်းဆနည်းခြင်းနဲ့ အရိုးပွခြင်းတို့ကို ဘယ်လိုသိနိုင်မလဲ။
● အရိုးပါးလာတာ၊ အားနည်းလာတာကို မမြင်နိုင်၊ မခံစားနိုင်ပါဘူး။ အရိုးပွတာကို တိုင်းတာဖို့ အရိုးသိပ်သည်းဆ တိုင်းတာနည်း (BMD) ကို အသုံးပြုပါတယ်။ ဒီနည်းဟာ အရိုးမှာပါရှိတဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖိတ်စတဲ့ သတ္တုဓာတ်ပမာဏကို တိုင်းတာတာပါ။ တင်ပါးဆုံရိုးနဲ့ ခါးဆစ်ရိုးကို Dual X-ray absorptiometry (DXA) ဆိုတဲ့ အထူးဓာတ်မှန်တစ်မျိုး ရိုက်တာက မြန်ဆန်၊ နာကျင်မှု ကင်းဝေးပြီး ဓာတ်ရောင်ခြည် နည်းနည်းလေးနဲ့ အရိုးရဲ့သိပ်သည်းဆနဲ့အထူကို တိုင်းတာနိုင်ပါတယ်။
● BMD တိုင်းတာခြင်းဟာ လိင်အမျိုးအစားတူ လူငယ်တစ်ယောက်ရဲ့ ပျမ်းမျှအရိုးသိပ်သည်းဆပမာဏနဲ့ နှိုင်းယှဉ်ပြီး အဖြေထုတ်ပေးပါတယ်။ T-score လို့ ခေါ်ပါတယ်။ T-score -1.0 အထက်ဆိုတာ ပုံမှန်အရိုးသိပ်သည်းဆလို့ သတ်မှတ်ပါတယ်။ T-score -1.0 နဲ့ -2.5 ကြားကို အရိုးပါတယ်လို့ သတ်မှတ်ပြီး -2.5 အောက်ကိုတော့ အရိုးပွတယ်လို့ ခေါ်ပါတယ်။
>> အရိုးပါးနေသူတွေအတွက် အရိုးသန်မာစေဖို့
ဘယ်အသက်အရွယ်မှာမဆို အရိုးသန်မာစေဖို့ လူနေမှုပုံစံတွေ ပြောင်းလဲပေးနိုင်ပါတယ်။
● အာဟာရဓာတ်တွေ ပြည့်ဝတဲ့ အသီးအရွက်တွေ အများကြီးစားပေးပါ။
● လိုအပ်တဲ့ ကယ်လ်ဆီယမ်ရရှိဖို့ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးပြီး လိုအပ်မှသာ ဖြည့်စွက်စာ စားပေးပါ။
● ဗီတာမင်ဒီ လုံလောက်အောင် စားပေးပါ။
● နေ့တိုင်း ကိုယ်တတ်နိုင်သလောက် ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပေးပါ။
● ဆေးလိပ်ဖြတ်ပါ။
● အရက်ကို လျှော့သောက်ပါ။
● လဲကျတာမျိုးမဖြစ်စေဖို့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပါ။
● အရိုးကျန်းမာရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။
>> ဆေးဝါးနဲ့ လိုအပ်တဲ့စမ်းသပ်မှုများ
● အရိုးစစ်ဆေးမှုမှာ အရိုးပွနေကြောင်းပြနေခဲ့ရင် အရိုးပွကုထုံးကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ အရိုးသိပ်သည်းဆနည်းတာကတော့ စောင့်ကြည့်ဖို့လိုပေမယ့် ကုသဖို့တော့ မလိုအပ်ပါဘူး။ အရိုးသိပ်သည်းဆနည်းနေပြီး အရိုးပွဖို့၊ အရိုးကျိုးဖို့ အခွင့်အလမ်း များနေခဲ့ရင်တော့ ဆရာဝန်က ဆေးပေးပါလိမ့်မယ်။
● အရိုးဆုံးရှုံးမှုကို နည်းစေပြီး အရိုးသိပ်သည်းဆကိုများစေတဲ့၊ အရိုးကျိုးနှုန်းကို နည်းစေတဲ့ဆေးတွေ အများကြီး ရှိလာပါပြီ။ အဓိက,က ဆေးရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆရာဝန်နဲ့တိုင်ပင်ပါ။
● ကုသမှုကို အရိုးက ဘယ်လောက်တုန့်ပြန်မှာရှိသလဲဆိုတာကို DXA စက်နဲ့ သိပ်သည်းမှု ပြန်တိုင်းတာပါ။ အရိုးဆုံးရှုံးမှုကို ဖော်ပြနိုင်တဲ့ သွေးစစ်ဆေးမှုတွေကိုလည်း လုပ်စေပါလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























