အရေပြား လေးဖက်နာရဲ့ ရှေးဦးလက္ခဏာများ
အရေပြား လေးဖက်နာ ဆိုတာ ခန္ဓာကိုယ်မှာ ရောင်ရမ်းခြင်းတွေ ဖြစ်ပေါ်စေပြီးတော့ လက္ခဏာမျိုးစုံဖြစ်စေတဲ့ ကိုယ့်ကိုယ်ကို ပြန်တိုက်တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အရေပြား လေးဖက်နာရဲ့ သက်ရောက်မှုက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ လက္ခဏာ အနည်းငယ်သာ ခံစားရတဲ့သူတွေရှိသလိုပဲ ပိုပြီးတော့ ပြင်းထန်တဲ့လက္ခဏာတွေကို ခံစားကြရတဲ့သူတွေလည်း ရှိပါတယ်။
ရောဂါလက္ခဏာတွေက အရွယ်ရောက်ခါစ ဆယ်ကျော်သက် အချိန်ကနေပြီးတော့ အသက် ၃၀ အရွယ်အချိန်မှာ စပြီး ပြလေ့ရှိပါတယ်။ လက္ခဏာတွေက ငြိမ်သွားလိုက် ပြန်ထလိုက် ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် စဦးလက္ခဏာတွေကို သတိမပြုမိဘဲ လွတ်သွားတတ်ပါတယ်။
စဦးလက္ခဏာတွေက အခြားရောဂါလက္ခဏာတွေနဲ့ ဆင်တူနေတဲ့အတွက် ဒါတွေဖြစ်တိုင်းလည်း lupus လို့ ပြောလို့မရပါဘူး။ စဦးလက္ခဏာတွေကတော့ -
● ပင်ပန်းနွမ်းနယ်ခြင်း
● ကိုယ်ပူခြင်း
● ဆံပင်ကျွတ်ခြင်း
● အစက်အပြောက်များ ထွက်ခြင်း
● အဆုတ်ပြဿနာများ
● ကျောက်ကပ်ပြဿနာများ
● အဆစ်များ ရောင်ရမ်းခြင်း
● အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများ
● သိုင်းရွိုက်ပြဿနာများ
● ပါးစပ်နှင့် မျက်လုံးများ ခြောက်သွေ့ခြင်း စတာတွေ ဖြစ်ကြပါတယ်။
1. ပင်ပန်းနွမ်းနယ်ခြင်း
Lupus ရောဂါရှိသူတွေရဲ့ 90% လောက်က ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားကြရပါတယ်။ နေ့လည်ဘက် တစ်ရေးအိပ်လိုက်ခြင်းက အချို့မှာ သက်သာရာ ရရှိစေပေမယ့်လည်း အိပ်တာ များသွားရင်လည်း ညဘက် အိပ်မပျော် ဖြစ်တတ်ပါတယ်။ ဒီတော့ ဒီလိုမျိုး ပင်ပန်းနွမ်းနယ်နေတာက နေ့စဉ်ဘဝအတွက် အနှောင့်အယှက် ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်ပြသပြီး ကုသမှုခံယူပါ။
2. အကြောင်းအရင်းမရှိ ကိုယ်ပူခြင်း
Lupus ရဲ့ စဦးလက္ခဏာတစ်ခုကတော့ ဘာအကြောင်းမှမရှိဘဲ ကိုယ်နည်းနည်းနွေးနွေးနေခြင်း ဖြစ်ပါတယ်။ ကိုယ်အပူချိန်က 98.5°F နဲ့ 101°F ကြားမှာပဲ ရှိတဲ့အတွက် ဆရာဝန်ပြဖို့လည်း မလိုဘူးလို့ ထင်တတ်ပါတယ်။ Lupus ရောဂါခံစားနေရသူတွေက ဒီလိုကိုယ်ပူတာ ပေါ်လိုက်ပျောက်လိုက်နဲ့ ကြုံရတတ်ပါတယ်။ ဒါက ရောင်ရမ်းခြင်း၊ ရောဂါပိုးဝင်ခြင်းနဲ့ ငုန့်နေတဲ့ရောဂါထခြင်းကြောင့် ဖြစ်နိုင်ပါတယ။် ဒါကြောင့် ခဏခဏ ကိုယ်ပူပူနေတယ်ဆိုရင်တော့ ဆရာဝန်ပြကြည့်ပါ။
3. ဆံပင်ကျွတ်ခြင်း
ဆံပင်ပါးလာခြင်းက Lupus ရဲ့ ပထမဆုံးလက္ခဏာ ဖြစ်တတ်ပါတယ်။ အရေပြားနဲ့ ဦးရေပြားတွေ ရောင်ရမ်းခြင်းကြောင့် အမွေးတွေ ကျွတ်ရတာပါ။ တချို့လူတွေမှာ ပုံမကျပန်းမကျဆံပင်တွေ ကျွတ်တတ်ပြီး ဖြည်းဖြည်းချင်း ဆံပင်ပါးလာပါတယ်။ တချို့လူတွေကျတော့လည်း မုတ်ဆိတ်မွေး၊ မျက်ခုံးမွေး၊ မျက်တောင်မွေးနဲ့ အခြားခန္ဓာကိုယ်အမွေးတွေ ပါးသွားတတ်ပါတယ်။ Lupus ကြောင့် ဆံပင်တွေ ကျွတ်ဆတ်ပြီး ကျွတ်လွယ်စေပါတယ်။ Lupus ကို ကုသမှုခံယူလိုက်ရင် ဆံပင်တွေ ပြန်ပေါက်လာနိုင်ပေမယ့်လည်း ဦးရေပြားပေါ်မှာ အနာဖြစ်တယ် ဆိုရင်တော့ ဆံပင်ကျွတ်တာက ရာသက်ပန် ဖြစ်သွားနိုင်ပါတယ်။
4. အရေပြားပေါ်တွင် အစက်အပြောက်များဖြစ်ခြင်း
Lupus ရဲ့ အမြင်သာဆုံး လက္ခဏာတွေထဲက တစ်ခုကတော့ နှာခေါင်းရိုးနဲ့ ပါးပြင်တွေပေါ်မှာ လိပ်ပြာပုံအကွက်ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ Lupus လူနာ 50% လောက်မှာ ဒီအကွက် ထွက်တတ်ပါတယ်။ ဒါက ရုတ်တရက် (သို့) နေရောင်နဲ့ ထိတွေ့တဲ့အခါမှာ ထွက်လာလေ့ရှိပြီး တစ်ခါတလေမှာတော့ ရောဂါမထခင် ပေါ်လာတတ်ပါတယ်။
Lupus ကြောင့် ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာလည်း မယားတဲ့အကွက်တွေ ထွက်တတ်ပါတယ်။ အင်ပြင်တွေလည်း ထွက်တတ်ပေမယ့် ရှားပါတယ်။ lupus လူနာ တော်တော်များများက နေရောင်နဲ့ မီးအလင်းရောင်တွေကို သိပ်မခံနိုင်ကြပါဘူး။။ တချို့ဆိုရင် လက်ချောင်း၊ ခြေချောင်းတွေ အရောင်ပြောင်းသွားတာမျိုးလည်း ရှိပါတယ်။
5. အဆုတ်ပြဿနာများ
နောက်ထပ်လက္ခဏာတစ်ခုက အဆုတ်စနစ် ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ အဆုတ်ရောင်တာက အဆုတ်သွေးကြောတွေအထိ ပျံ့နှံ့ပြီး ရင်ဝမ်းခြား ကန့်လန့်ကာကြွက်သားကိုတောင်မှ ပြန့်သွားပြီး အသက်ရှူသွင်းတဲ့အခါမှာ ရင်ဘတ်အောင့်ခြင်းကို ခံစားရစေပါတယ်။
အချိန်ကြာလာတဲ့အခါမှာ အသက်ရှူပြသနာတွေကြောင့် အဆုတ်အရွယ်အစား ကျုံ့သွားစေပါတယ်။ ဆက်တိုက် ရင်ဘတ်အောင့်ခြင်းနဲ့ အသက်ရှူမြန်ခြင်းတွေက ဒီအခြေအနေကို ညွှန်ပြနေပါတယ်။
6. ကျောက်ကပ်ရောင်ခြင်း
ကျောက်ကပ်ရောင်တဲ့အခါမှာ သွေးထဲက အဆိပ်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို စစ်ထုတ်ဖို့ ခက်ခဲသွားစေပါတယ်။ အမေရိကန် lupus အဖွဲ့ရဲ့ အဆိုအရ lupus စဖြစ်ပြီး ၅ နှစ်အတွင်းမှာ ကျောက်ကပ်ရောင်လေ့ ရှိတယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာတွေကတော့ -
● ခြေထောက်များ၊ ခြေဖမိုးများ ရောင်ခြင်း
● သွေးတိုးခြင်း
● ဆီးထဲတွင် သွေးပါခြင်း
● ဆီးရောင်ရင့်ခြင်း
● ညဘက်မှာ ဆီး မကြာခဏပိုသွားရခြင်း
● ခန္ဓာကိုယ်ဘေးဘက် အောင့်ခြင်း
စဦးလက္ခဏာတွေကို သတိမမူမိဘဲ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်ရောင်တာကို မကုဘူးဆိုရင် နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါအထိ ဖြစ်သွားနိုင်တဲ့အတွက် ရောဂါသိပြီဆိုရင် ကျောက်ကပ်ကို အမြဲစစ်ဆေးမှုခံယူဖို့ အရေးကြီးပါတယ်။
7. အဆစ်အမြစ်များ ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်း
ရောင်ရမ်းခြင်းကြောင့် အထူးသဖြင့် မနက်ပိုင်းတွေမှာ အဆစ်တွေ ကိုက်ခြင်း၊ တောင့်တင်းခြင်း၊ ရောင်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလက္ခဏာတွေက အစပိုင်းမှာ သိပ်မပြင်းထန်ပေမယ့်လည်း တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာတတ်ပြီး တခြားလက္ခဏာတွေလိုပဲ သူကလည်း ဖြစ်လိုက် ပျောက်လိုက်ပါပဲ။
ဆေးဆိုင်က ဝယ်တဲ့ဆေးတွေနဲ့ အဆစ်အမြစ် ကိုက်ခဲတာ မပျောက်ဘူးဆိုရင် ဆေးခန်းပြသပါ။
8. အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများ
Lupus လူနာအချို့မှာ ရင်ပူခြင်း၊ အက်ဆစ် ပြန်ကန်တက်ခြင်းနဲ့ အခြားအစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ရံဖန်ရံခါ ကြုံတွေ့ရတတ်ပါတယ်။ အပျော့စားလက္ခဏာတွေကိုတော့ ဆေးဆိုင်က အလွယ်တကူရတဲ့ အစာကြေဆေးတွေနဲ့ ကုလို့ရပေမယ့်လည်း မကြာခဏ ဖြစ်နေတယ်် ဆိုရင်တော့ အစာစားတဲ့ပမာဏကို ပြန်လည်သုံးသပ်ပြီး ကဖင်းပါတဲ့ အချိုရည်တွေကို ရှောင်ပါ။ အစာစားပြီးပြီးချင်း မလှဲပါနဲ့။ ဒါနဲ့မှ မသက်သာရင် ဆရာဝန် သွားပြပါ။
9. သိုင်းရွိုက်ပြဿနာများ
Lupus လူနာတွေမှာ သိုင်းရွိုက်ပြဿနာ အဖြစ်များပါတယ်။ သိုင်းရွိုက်က ကျွနု်ပ်တို့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်ရာမှာ ကူညီပေးပြီးတော့ သူ မကောင်းဘူးဆိုရင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ အသည်းစတဲ့ အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်နိုင်ပါတယ်။ ကိုယ်အလေးချိန် တက်ခြင်း၊ ကျခြင်း စတဲ့ လက္ခဏာတွေနဲ့ အရေပြားနှင့် ဆံပင်များ ခြောက်သွေ့ခြင်း၊ စိတ်ခံစားချက် ပုံမမှန်ခြင်း စတာတွေကို ခံစားရစေပါတယ်။
10. ပါးစပ်နှင့် မျက်လုံးများ ခြောက်သွေ့ခြင်း
Lupus လူနာအချို့မှာ Sjogren’s disease လို့ခေါ်တဲ့ ကိုယ်ကိုယ်ကို မှားပြီး ပြန်တိုက်တဲ့ရောဂါတစ်မျိုး ထပ်ဖြစ်တဲ့အတွက် ပါးစပ်နဲ့ မျက်လုံးတွေ ခြောက်သွေ့ခြင်းကို ခံစားရစေပါတယ။် တံတွေးနဲ့ မျက်ရည်ထွက်စေတဲ့ ဂလင်းတွေကို ကောင်းကောင်း အလုပ်မလုပ်စေတဲ့အတွက် ဖြစ်ပါတယ်။ အချို့အမျိုးသမီးတွေမှာဆိုရင် အရေပြားနဲ့ မိန်းမကိုယ် ခြောက်သွေ့ခြင်းတွေကိုတောင် တွေ့ကြုံရစေပါတယ်။
>> အခြားလက္ခဏာများ
ပါးစပ်အနာပေါက်ခြင်း၊ အကြိတ်များ ကြီးခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အရိုးပွခြင်း၊ စိတ်ကျခြင်း စတဲ့ လက္ခဏာတွေကိုလည်း ဖြစ်စေပါတယ်။ ရှားပါးတဲ့လက္ခဏာတွေကတော့ သွေးအားနည်းခြင်း၊ မူးဝေခြင်း၊ တက်ခြင်းတို့ ဖြစ်ကြပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























