/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အာဟာရဓာတ်တွေ-လိုအပ်နေကြောင်း-ပြသနေတဲ့အချက်တွေ

အာဟာရဓာတ်တွေ လိုအပ်နေကြောင်း ပြသနေတဲ့အချက်တွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို ကောင်းကောင်းစားဖို့က ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ ကျန်းမာနေဖို့က ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေစားမှ ဖြစ်မှာပေါ့။ ဒီလို မှန်မှန်ကန်ကန် မစားသောက်တဲ့အခါ ခန္ဓာကိုယ်က လက္ခဏာတွေ အမျိုးမျိုးပြတော့တာပါပဲ။ ဒီလက္ခဏာတွေဟာ ရေရှည်မှာဒုက္ခပေးနိုင်တာမို့ မပေါ့မဆသင့်ပါဘူး။
         ကျန်းမာကြံ့ခိုင်နေစေဖို့ဆိုတာ လိုအပ်တဲ့ အာဟာရသတ္တုဓာတ်တွေ ပြည့်ဝစွာရရှိနေဖို့ လိုပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်ဟာ ခန္ဓာကိုယ် ကောင်းကောင်းလည်ပတ်လှုပ်ရှားနိုင်ဖို့ အရေးပါပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းမွန်မွန်မကျွေးမွေးတဲ့အခါ လက္ခဏာတွေ အမျိုးမျိုးပြသပါတော့တယ်။ သတ္တုဓာတ်တွေ မလုံလောက်တဲ့အခါ သက်ဆိုင်ရာလက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလက္ခဏာအသီးသီးကို ကောင်းကောင်းနားလည်ပြီး လိုသလိုပြန်ဖြည့်စည်းပေးဖို့ လိုပါတယ်။ ဒီလိုဆိုးကျိုးတွေ မဖြစ်လာရလေအောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်‌တွေကို စား‌ပေးဖို့ လိုပါတယ်။ ကဲဒီတော့ ကောင်းကောင်းမစားရင် ဘာတွေဖြစ်တတ်တယ်ဆိုတာ ကြည့်ကြရအောင် ...

>>    ဆံပင်တွေ ပါးလာခြင်း
         ဆံပင်တွေ ပါးလာတာဟာ ဆံပင်တရားခံ ဟုတ်ချင်မှဟုတ်မှာပါ။ ဆံပင်ပါးရတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ တစ်ခါတလေ သံဓာတ်ချို့တဲ့လို့ ဆံပင်ပါးတတ်ပါတယ်။ ခန္ဓာကိုယ်မှာ သွေးနီဥတွေ ကောင်းကောင်း မထုတ်လုပ်နိုင်တော့တဲ့အခါ ဆံကေသာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာကိုဖြေရှင်းဖို့ အစိမ်းရင့်ရောင် အသီးအရွက်တွေကို များများစားပေးဖို့ လိုပါတယ်။

>>    အသားအရေ ကြမ်းတမ်းခြင်း
    အသားအရေဆိုတာလည်း ကိုယ်စားတဲ့အသားအသောက်၊ ကျန်းမာရေးတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကြောင့် ဝက်ခြံတွေ၊ အရေးအကြောင်းတွေ ဖြစ်တတ်ပါတယ်။ အဆီများတဲ့ သရေစာတွေ အစားများရင်လည်း အမည်းစက်တွေဖြစ်တာ၊ ဝက်ခြံတွေပေါက်တာ ဖြစ်တတ်ပါတယ်။ မျက်နှာမှာ အဖြူစက်တွေပေါ်လာရင်တော့ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့တာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ် ပိုစားပေးဖို့ လိုပါတယ်။

>>    နုံးနေခြင်း
         တစ်ခါတလေ ကောင်းကောင်း အနားယူပြီးချိန်မှာတောင် ပင်ပန်းပြီးနုံးနေသလို ခံစားရတတ်ပါတယ်။ ဒါကြောင့် အချိုတွေ ပိုတောင့်တကြပြန်ပါလေရော။ ဒီလို တာရှည်ကြီး နုံးချိနေတာဟာ ပရိုတင်းအသားဓာတ်တွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေ မလုံလောက်လို့ဖြစ်တာပါ။

>>    ဝမ်းချုပ်ခြင်း
         ရေ ကောင်းကောင်းမသောက်တဲ့အခါ ဝမ်းချုပ်တဲ့ပြဿနာကို ရင်ဆိုင်ရတတ်ပါတယ်။ အစာခြေစနစ် ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ရေနဲ့အမျှင်ဓာတ်တွေ ပြည့်ပြည့်ဝဝလိုပါတယ်။ ဒါကြောင့် ဝမ်းကောင်းကောင်းသွားနိုင်ဖို့ စားတာသောက်တာထဲမှာ အမျှင်တွေ၊ ရေတွေကို များများထည့်စားသောက်ပေးပါ။

>>    ခံတွင်းနံ့နံခြင်း
         ခန္ဓာကိုယ်က ကစီဓာတ် လုံလုံလောက်‌လောက် မရတဲ့အခါ ခံတွင်းနံ့ဆိုးတတ်ပါတယ်။ ခန္ဓာကိုယ်မှာ ကစီဓာတ်စွမ်းအင်တွေ မရှိတဲ့အခါ စွမ်းအင်ကောင်းကောင်းရဖို့၊ သွားလာလှုပ်ရှားနိုင်ဖို့ သိုလှောင်ထားတဲ့အဆီတွေကို ဖြိုဖျက်ရပါတယ်။ ဒီလိုအချိန်မှာ ကီတုန်းလို့ခေါ်တဲ့ အက်ဆစ်တွေ စုပုံလာပါတော့တယ်။ ဒါကြောင့် ကစီဓာတ်ကိုလည်း လုံလုံလောက်လောက် စားပေးဖို့လိုပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)