အားကစားခန်းမသွားရင်း ရောဂါပိုး ကူးမခံရအောင် ကာကွယ်ကြမယ်
ကိုယ်လုံးအလှလေ့ကျင့်ခန်း လုပ်တာတွေ gym သွားကြတာတွေ ခေတ်စားလာတဲ့အလျောက် အားကစားခန်းမသွားတိုင်း ကျန်းမာသန့်ရှင်းစွာ ကစားကြဖို့ အကြံပြုချက်လေးတွေ ပေးပါရစေ။
ချွေးကထွက် လူကစုံတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းမတွေဟာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုပိုးတွေ ပေါင်းစုံခိုအောင်းရာနေရာ ဖြစ်နေပါတယ်လို့ ပညာရှင်များက ဆိုထားပါတယ်။
● စတက်ဖလိုကောကတ်စ်ရောဂါပိုးဟာ အရေပြားမှာလည်း ပုံမှန်တွယ်ငြိနေတတ်သလို ကိုယ်ကာယသင်တန်းတွေမှာ အတွေ့အများဆုံးပိုးပါ။ အရေပြားမှာ ကုတ်ခြစ်မိတာ၊ ဒဏ်ရာရတာတွေ ဖြစ်တဲ့အခါ အလွယ်တကူ ဝင်သွားနိုင်ပြီး အနာရင်း ဖျားနာတာတွေ ဖြစ်နိုင်ပါတယ်။
● မှိုပိုးတွေ နေရာတကာမှာပါပဲတဲ့။ ချွေးတွေနဲ့ စိုစွတ်နေတဲ့ကိရိယာတွေဟာ မှိုပိုးပေါက်ပွားဖို့ အကောင်းဆုံးနေရာ ဖြစ်နေပါတယ်။
● ဝဲရောဂါပိုးတွေ၊ ကြွကိနို့ရောဂါပိုးတွေ၊ သန်ဥတွေဟာလည်း မမြင်ရပေမယ့် ကြမ်းပြင်မှာ ကပ်တွယ်နေ၊ စက်တွေမှာ ပေါက်ပွား တည်ရှိနေပါသေးသတဲ့။
● နောက်ထပ် ကြောက်စရာတွေက သမင်ကွက်တွေ၊ ဝဲကွက်တွေ ရှိနေတဲ့သူတွေ၊ ရေယုန်ရောဂါပိုးသည်တွေ ကို်ယ့်ရှေ့မှာ ကစားသွားတဲ့အခါ အဲဒီပိုးတွေအကုန် ကြမ်းပြင်နဲ့ ကိရိယာတွေမှာ ပျံ့နှံကျန်ရစ်နေတတ်ပါတယ်တဲ့။
● နောက်ပြီး လေဝင်လေထွက် မကောင်းတဲ့ ကိုယ်ကာယသင်တန်းတွေမှာ နှာစေး၊ ဖျားနာနေသူတွေ လာခဲ့ရင် လာကစားသူတွေ အလွယ်တကူ ကူးနိုင်ပါတယ်။
==========================================================
ဒီတော့ ရောဂါပိုးတွေအပြည့်နဲ့ လူပေါင်းစုံလာနေတဲ့ ကိုယ်ကာယသင်တန်းတွေမှာ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် သန့််သန့်ရှင်းရှင်း နေကြည့်ရအောင်။
● ရောက်တာနဲ့ ကိုယ့်ရဲ့အကျႌတွေ၊ ဘောင်းဘီတွေကို လူတကာ အဝတ်ထည့်တဲ့ လော့ကာထဲ ပစ်မထည့်လိုက်ပါနဲ့။ အိတ်နဲ့ ထုတ်ပါ။ ပြီးမှ ထည့်ပါ။
● ခန်းမထဲမှာ ဖိနပ်စီးပါ။ သန်ဥတွေ၊ ဝဲပိုးတွေ၊ ခြေထောက်ကတစ်ဆင့် ဝင်မလာနိုင်အောင်ပါ။
● မတော်တဆ ထိခိုက်မိတဲ့အခါ ဘယ်လောက်သေးသေး အနာကို ချက်ချင်း ဆပ်ပြာနဲ့ ဆေးချလိုက်ပြီး ဆေးထည့်ပါ။ အုပ်ထားပါ။ အခုနကပြောခဲ့တဲ့ စတက်ဖလိုကောကတ်စ်ပိုးဟာ အရေပြား ပွန်းပဲ့ဒဏ်ရာဖြစ်တာနဲ့ ကူးဖို့ အသင့်ပါပဲ။
● အိမ်သာတွေ၊ လက်ဆေးကန်တွေမှာ ဆပ်ပြာရည်လေး ဆောင်သွားပါ။ အများသုံး ချပေးထားတဲ့ဆပ်ပြာတွေ မသုံးပါနဲ့။
● သူတို့ပေးတဲ့ တဘက်တွေ မသုံးပါနဲ့။ ကိုယ်ပိုင် ချွေးသုတ်တဘက် ဆောင်သွားပါ။ တဘက်ကိုလည်း ဟိုချဒီချ မချပါနဲ့။
● ရေဘူးတွေ သီးသန့်ထားပါ။
● လက်သန့်စင်ဆေးရည် ဆောင်ပါ။ ကိရိယာ တစ်ခုနဲ့တစ်ခုအကူးမှာ မကြာခဏ လက်ကို သန့်ပေးပါ။ လက်ပြေးဆေးဖို့အချိန် သပ်သပ်ပေးပါ။
● ချွေးစိုနေတဲ့သူ အချင်းချင်း ပွေ့တာ၊ ဖက်တာ၊ ပခုံးဖက်တာ မလုပ်ပါနဲ့။
● ပြန်လာတိုင်း အဝတ်အစားတွေကို သေချာလျှော်ဖွပ်ပါ။ နေပူပူမှာ လှမ်းပါ။
ဒါလေးတွေကို လိုက်နာဆောင်ရွက်ပြီး သန့်ရှင်းမှုရှိရှိ၊ ကာကွယ်မှုအပြည့်နဲ့ ခန်းမမှာ ကိုယ်ကာယလှပ လေ့ကျင့်ခန်းလေးတွေ လုပ်ကြရအောင်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























