/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အားကစားလုပ်ပြီးချိန်-ရေ-အများကြီးသောက်တာ-အန္တရာယ်-ဖြစ်နိုင်သလား

အားကစားလုပ်ပြီးချိန် ရေ အများကြီးသောက်တာ အန္တရာယ် ဖြစ်နိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဘောလုံးကန်တာ၊ မာရသွန်ပြေးတာ၊ တောင်တက်တာ၊ အလေးမတာ စတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ အကြာကြီး ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန် ရေအများကြီး သောက်ချလိုက်တဲ့အခါ သွေးတွင်းမှာရှိတဲ့ ဆားဓာတ် အလွန်အကျွံ ကျဆင်းသွားပြီး  မူးတာ၊ ရီဝေဝေဖြစ်တာ၊ သတိလစ်တာ၊ တက်တာ၊ ဦးနှောက် ဖောရောင်လာတာတွေဖြစ်ပြီး အဆုတ် ရေမွန်းကာ အမောဖောက်ပြီး ဆုံးပါးသွားတတ်ပါတယ်။

          ၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လေ့ကျင့်ခန်းနဲ့ ဆက်စပ်သော သွေးတွင်း ဆိုဒီယမ်ကျဆင်းခြင်းညီလာခံအရ ဒီလိုရောဂါဟာ လေ့ကျင့်ခန်း ပြုလုပ်စဉ်နဲ့ ပြုလုပ်အပြီး ၂၄ နာရီအတွင်း ဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်လို့ ထောက်ပြထားခဲ့ပါတယ်။ သိပ်ကိုကျန်းမာတဲ့ စစ်သားတစ်ဦးဟာ အပူလွန်ကဲရောဂါနဲ့ ဆိုဒီယမ်ကျဆင်းရောဂါကြောင့် လေ့ကျင့်ရေးဆင်းနေတုန်း ရုတ်တရက် သေဆုံးခဲ့ဖူးပါတယ်။

          ပူအိုက်တဲ့ရာသီ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ ပေါင်းစပ်တဲ့အခါ သိပ်ပင်ပန်း ရေငတ်နေတုန်း ရေအများကြီး မော့ချလိုက်တဲ့အခါ SIADH ဆိုတဲ့ အန္တရာယ်ရှိ ကိုယ်တွင်းအခြေအနေတစ်ခု ဖြစ်တည်လာပြီး -

●        ခေါင်းကိုက်မယ်

●        အန်မယ်

●        အမြင် ဝေဝါးမယ်

●        တက်မယ်       

●        အမော ဖောက်လာမယ်

          လေ့ကျင့်ခန်း သိပ်ကြာကြာလုပ်တာနဲ့ ရေ ရုတ်တရက် အများကြီးသောက်ပြီး မောပြီး၊ တက်ပြီး၊ သေဆုံးတာနဲ့ ဆက်စပ်လျက်ရှိပါတယ်။ တကယ်တော့ သွေးတွင်း ဆားဓာတ် အလွန်ကျဆင်းပြီး ဦးနှောက်ဖောရောင်ပြီး၊ မောပြီး သေဆုံးနိုင်တဲ့အဖြစ်တွေဟာ မရှားပါးလှပါဘူး။

          ဒီလိုအခြေအနေ ရှိနေတတ်တာကို ၁၉၈၁ ကနေ စတင်တွေ့ရှိခဲ့ပြီး ၁၉၈၅ ခုနှစ်မှာ အားကစားသမားလေးဦးဟာ ခုနှစ်နာရီကြာ အားကစားလုပ်အပြီး ရေဆာနေတုန်း ဒလဟော ထိုးသောက်တဲ့အခါ သွေးတွင်းဆားဓာတ် အလွန်အကျွံ ကျဆင်းလာပြီး အသက်အန္တရာယ် အခြေအနေတစ်ခုကို ရောက်ရှိသွားတာ တွေ့ခဲ့ကြပါတယ်။

          လတ်တလော သုတေသနတွေအရ အားကစားလုပ်ပြီး ရေအလွန်အကျွံ သောက်လိုက်တဲ့အခါ ဆားဓာတ် ကျဆင်းသွားပြီး ကြွက်သားပြိုကွဲပျက်စီးတာတွေ ဖြစ်ပွားလာပါတယ်။

          ကိ်ုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနဲ့ သွေးတွင်းဆိုဒီယမ် ကျဆင်းမှုဟာ ရှုပ်ထွေးနက်နဲတဲ့ဖြစ်စဉ်ပါ။

●        လေ့ကျင့်ခန်းလုပ်ရင်း ချွေးထွက်ကာ ဆိုဒီယမ် ဆုံးရှုံးတယ်

●        လေ့ကျင်ခန်း လုပ်နေတုန်း ရေနဲ့ဓာတ်ဆား ပြန်မဖြည့်တင်းမိဘူး

●        ဆိုဒီယမ် ကျသထက် ကျလာတယ်

●        ရေတွေ အလွန်အကျွံ သောက်လိုက်တယ်

●        ရေတွေကို အူလမ်းကြောင်းက မြန်မြန်စုပ်ယူလိုက်ပြီး ရေ ရုတ်တရက် ရောလိုက်တာကြောင့်

●        ဆားဓာတ်တွေ ထပ်ကျသွားတယ် အဲဒီမှာ အလွန်အန္တရာယ်ရှိ အသက်သေဆုံးနိုင်တဲ့ သွေးတွင်းဆားဓာတ် ကျဆင်းမှု ဖြစ်လာတော့တာပါပဲ။

          ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေသောက်နည်းဆိုတာ -

●        လေ့ကျင့်ခန်း မလုပ်ခင် နှစ်နာရီကနေ သုံးနာရီကြားမှာ ရေနှစ်ခွက် သောက်ပါ။

●        လေ့ကျင်ခန်း လုပ်နေတုန်း တစ်ခွက်နဲ့ ခွက်တဝက် ဖြည်းဖြည်းသောက်ပါ။

●        လေ့ကျင့်ခန်းလုပ်ပြီး မိနစ်သုံးဆယ်အကြာ ရေတစ်ခွက် သောက်ပါ။ ပြီးမှ အမောဖြေရင်း တဖြည်းဖြည်း ဆက်သောက်ပါ။

          အားကစားပြုလုပ်ရင်း ရုတ်တရက် သေဆုံးတာတွေမှာ တခြားအကြောင်းရင်း များစွာရှိသေးပေမယ့် လေ့ကျင်ခန်း အကြာကြီး လုပ်ပြီးတဲ့အခါ ချက်ချင်း ရေ အလွန်အကျွံ မော့ချတာ၊ အများကြီး သောက်တာကို ရှောင်ကြဉ်ခြင်းဖြင့် အန္တရာယ်ကို ကာကွယ်နိုင်ကြစေကြောင်း ပညာပေး အသိမျှဝေလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)