အိမ်ကနေ အလုပ်လုပ်တဲ့အခါ ဘာတွေသတိထားရမလဲ
ကိုရိုနာဗိုင်းရပ် ပျံ့နှံနေတဲ့အချိန်မှာ မသွားမဖြစ်အလုပ်အချို့ကလွဲရင် အလုပ်တွေ တော်တော်များများက အိမ်ကနေ လုပ်ခိုင်းကြပါတယ်။ အိမ်ကနေ အလုပ်လုပ်လို့ ရတဲ့အတွက် ကောင်းတာတွေ အများကြီး ရှိပါတယ်။ သီချင်းတွေ အကျယ်ကြီး ဖွင့်ထားမလား။ ရပါတယ်။ ဒါပေမဲ့ အာရုံပျံလွင့်စရာတွေကလည်း များပါတယ်။ ဒီတော့ အကျိုးရှိရှိ အိမ်ကနေ ဘယ်လို အလုပ်လုပ်ကြမလဲ။
● အင်္ကျီလဲပါ။
အိပ်ရာကထပြီး Laptop ရှေ့ ဒီတိုင်းပဲ ထိုင်လိုက်ချင်တယ်မလား၊ မလုပ်ပါနဲ့။ ညအိပ်အင်္ကျီ ဝတ်ထားသရွေ့ ဦးနှောက်ကလည်း အလုပ်လုပ်ဖို့ အာရုံစိုက်လို့ရမှာ မဟုတ်ပါဘူး။ အလုပ်မသွားခင် လုပ်သလိုပဲ မျက်နှာသစ်၊ ရေချိုး၊ အဝတ်အစား လဲလိုက်ပါ။ မဟုတ်ရင်တော့ အိမ်မှာ ဒီတိုင်း နေနေသလိုဘဲဖြစ်ပြီး အလုပ်လည်း ပြီးမှာ မဟုတ်ပါဘူး။ တစ်ရက်တလေကတော့ ကိစ္စမရှိပင်မယ့် ရက်တွေကြာလာရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။
● အလုပ်လုပ်မယ့်နေရာ သတ်သတ်မှတ်မှတ် ထားပါ။
အိပ်ရာပေါ်ကနေ အလုပ်မလုပ်ပါနဲ့။ ဆိုဖာပေါ်ကနေလည်း မလုပ်ပါနဲ့။ အလုပ်မှာ အာရုံစိုက်လို့ရမှာ မဟုတ်ပါဘူး။ အိမ်မှာ အလုပ်ခန်း သီးသန့်မရှိရင်တောင် ထမင်းစားပွဲမှာ လုပ်လို့ရပါတယ်။ အဓိကကတော့ ဒီနေရာမဟာ အလုပ်လုပ်တဲ့နေရာလို့ သတ်သတ်မှတ်မှတ် ထားပါ။ ဦးနှောက်ကလည်း ဒီပုံစံ အလုပ်လုပ်ပါတယ်။
● အပြင်ထွက်ပါ။
အလုပ်မှာလို ရေထသောက်၊ မုန့်ထစားလို့ မရတဲ့အတွက် ထိုင်နေတာပဲ များနေတတ်ပါတယ်။ မလုပ်ပါနဲ့။ ကျန်းမာရေးအတွက် မကောင်းပါဘူး။ အနည်းဆုံးတော့ လမ်းတစ်ပတ်လျှောက် လိုက်ပါ။ သင့်မှာ မွေးထားတဲ့ ခွေးလေးရှိရင် ခွေးကျောင်းထွက်လိုက်ပါ။ ကြောင်လေး၊ ငါးလေး မွေးထားရင်တော့ သူတို့နဲ့ စကားပြောတာကလည်း အဆင်ပြေပါတယ်။
● လုပ်ဖော်ကိုင်ဖက်တွေနဲ့ များများစကား ပြောပေးပါ။
အရင်ကလို နေ့လယ်ဘက် ကော်ဖီ သွားသောက်တာမျိုး၊ အလုပ်ပြီး bar သွားတာမျိုး လုပ်လို့ မရတော့ရင်တောင် အလုပ်မရှိလည်း လုပ်ဖော်ကိုင်ဖက်တွေကို စကားသွားပြောပါ။ သင်ကိုယ်တိုင်ရော သူတို့ပါ အထီးကျန်တယ်လို့ မခံစားရတော့ဘူးပေါ့။
● TV မကြည့်ပါနဲ့။
သင်ဟာ သင် ထင်နေသလို TV ဖွင့်ထားပြီး အလုပ် မလုပ်နိုင်ပါဘူး။ ခဏလောက် ကြည့်လိုက်တာကနေ တစ်နေကုန် ဖြစ်သွားနိုင်ပါတယ်။ ဒီထဲမှာ စာအုပ်တွေ၊ games တွေလည်း အကျုံးဝင်ပါတယ်။ အလုပ်မှာ လုပ်လို့မရတာတွေကို အိမ်မှာလည်း မလုပ်ပါနဲ့။
● သရေစာတွေကို ကြိုပြင်ထားပါ။
မုန့်တွေပဲ စားမိနေတယ်မလား။ မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ ကိုယ်လက်လှမ်းမိတဲ့ နေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာ ဥပမာ - အသီးတွေ ပြင်ဆင်ထားပါ။ ဒါမှပဲ အာလူးကြော် တစ်ထုပ်လုံး ကုန်အောင်စားလိုက်ပြီးမှ နောင်တရတာမျိုးတွေ မရှိတော့မှာပါ။
● အဆုံးသတ်တတ်ပါ။
အလုပ်သွားရတာရဲ့ အကောင်းဆုံးတစ်ချက်က အသွားအပြန် လုပ်ရတာပါပဲ။ ထူးဆန်းနေလား၊ ဒီလိုပါ။ အလုပ်နဲ့ အိမ်နဲ့ ခွဲခြားသတ်မှတ်ပြီးသား ဖြစ်သလို ဒီတစ်နေ့ပြီးပြီ အနားယူရတော့မယ်ဆိုတဲ့ ခံစားချက်လည်း ရစေတယ်လေ။ အိမ်ကနေ အလုပ်လုပ်တဲ့အခါမှာ ဒီခံစားချက် မရတော့ပါဘူး။ ဒါနဲ့ ပတ်သတ်ပြီး အကြံပေးနိုင်တာကတော့ mail တွေ မဖတ်နဲ့တော့။ အလုပ်နဲ့ ပတ်သက်တဲ့ chat တွေကို ပိတ်ထားလိုက်ပါ။ ဒါမှမဟုတ်လည်း အလုပ်ပြီးတဲ့အချိန်လောက်ဆို gym ဆော့တာမျိုး၊ အပြင်မှာ အားကစားတစ်ခုခု ထွက်လုပ်လိုက်တာမျိုးနဲ့ သင့်ရဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်ပါ။
Dr. Htar (www.drmyanmar.com)






























