အိမ်သာထဲကို လက်ကိုင်ဖုန်းယူပြီး အသုံးပြုခြင်းကြောင့် ဘယ်လိုအန္တရာယ်တွေဖြစ်နိုင်သလဲ
နည်းပညာတွေမြင့်တက်လာတာနဲ့အမျှ ကျွနု်ပ်တို့ရဲ့ နေ့စဉ်ဘဝကိုလည်း အပြောင်းအလဲတွေဖြစ်စေပါတယ်။ လက်ကိုင်ဖုန််းတွေကို အိမ်သာထဲပါမချန် နေရာတိုင်းကို ယူသွားလေ့ရှိကြပါတယ်။ အရင်ခေတ်ကလူတွေကတော့ အိမ်သာထဲမှာ သတင်းစာ၊ မဂ္ဂ္ဂဇင်းစတာတွေယူသွားပြီး ဖတ်လေ့ရှိကြပေမယ့် အခုခေတ်မှာတော့ ဖုန်းတွေက အစားထိုးဝင်ရောက်လာပါတယ်။ အိမ်သာထဲမှာ ဖုန်းပြောတာ၊ ဖုန်းသုံးတာတွေကလည်း ပုံမှန်လိုဖြစ်လာကြပါတယ်။
ဒီလိုအိမ်သာထဲမှာ ဖုန်းသုံးတဲ့အကျင့်က Salmonella ကဲ့သို့သော ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ ကပ်ငြိနိုင်ချေများစေပါတယ်။ Salmonella ပိုးဟာ အစာအဆိပ်သင့်ခြင်း၊ ဖျားခြင်း၊ ဗိုက်ရစ်နာခြင်း၊ ၀မ်းပျက်ခြင်း၊ အူရောင်ငန်းဖျားဖြစ်ခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။
အိမ်သာတက်ပြီး အညစ်အကြေးကိုင်တွယ်သန့်စင်ပြီးချိန်မှာ ဖုန်းကိုကောက်ကိုင်လိုက်ခြင်းဖြင့် ဘက်တီးရိးယားပိုးတွေက ဖုန်းမှာကပ်ငြိလာစေနိုင်ပါတယ်။ ဒီလိုဆို လက်ဆေးလည်း အလကားပါပဲ။ ဒါကြောင့် အိမ်သာထဲကို ဖုန်းယူမသွားသင့်ပါဘူး။
ဖုန်းမှာ ရောဂါပိုးတွေဘယ်လောက်ကပ်ပါလာမလဲဆိုတဲ့ပမာဏက ကိုယ်အသုံးပြုတဲ့အိမ်သာအပေါ်မူတည်ပါ။ ရုံးကအိမ်သာနဲ့ ဟော်တယ်ကအိမ်သာတွေမှာဆိုရင် လူမျိုးစုံကအသုံးပြုထားတဲ့အတွက် ဗိုင်းရပ်စ်ပိုးအမျိုးမျိုး ကပ်တွယ်နိုင်ပါတယ်။
ဗိုင်းရပ်စ်ပိုးတွေက လက်တွေကိုသာမက မိမ်ိအသုံးပြုတဲ့ပစ္စည်းတွေမှာပါ ကပ်ငြိနေနိုင်ပါတယ်။ သွားတိုက်တံတွေ၊ မျက်နှာသုတ်ပုဝါတွေကို အိမ်သာနဲ့နီးတဲ့တန်းတွေ၊ စင်တွေပေါ်မှာထားရင် အိမ်သာထဲက ပိုးတွေကပ်ငြိပြီး ဒီကမှတစ်ဆင့် ခန္ဓာကိုယ်ပေါ်ကို ပျံ့နှံ့နိုင်တဲ့အတွက် ဒါတွေကို အိမ်သာနဲ့နီးတဲ့နေရာတွေမှာမထားပါနဲ့။
လက်ကိုင်ဖုန်းမှာ ပိုးတွေကပ်ပါလာပြီဆိုရင် ဖုန်းကပူလာတဲ့အခါမှာ ပိုးတွေရှင်သန်ပွားများဖို့အတွက် ပူနွေးတဲ့ ပတ်ဝန်းကျင်ကို ဖြစ်စေပါတယ်။ အိမ်သာထဲမှာ ဖုန်းသုံးပြီး အဲဒီဖုန်းကို ထမင်းစား စားပွဲမှာပါသုံးနေတယ်ဆိုတာကို စဉ်းစားဆင်ခြင်ကြည့်ပါ။ လက်ထိပ်မှာကပ်နေတဲ့ အစားအစာတွေနဲ့ အဆီအချို့က ဖုန်းမှာရှိတဲ့ ပိုးတွေအတွက် အစာဖြစ်စေပါတယ်။ ဒီလိုဆိုရင် ဖုန်းမှာ ဘက်တီးရိးယားတွေအများကြီးပေါက်ဖွားတွယ်ငြိသွားပြီပေါ့။
အိမ်သာထဲမှာဖုန်းသုံးခြင်းက သန့်ရှင်းမှုမရှိသလို ကျန်းမာရေးအတွက်လည်း အန္တရာယ်များပါတယ်။ ဒါကြောင့်နောက်တစ်ခါ အိမ်သာသွားမယ်ဆိုရင် ဖုန်းလုံးဝယူမသွားပါနဲ့။ ကျန်းမာရေးပိုမိုကောင်းမွန်စေဖို့အတွက် အိမ်သာထဲဖုန်းယူသွားတတ်တဲ့ အကျင့်ကို စွန့်လွှတ်လိုက်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























