အူမကြီးကင်ဆာရောဂါ ကင်းစင်သွားသူတစ်ယောက်ရဲ့ စိတ်အားတက်ဖွယ် အတွေ့အကြုံ
ရောဘတ်ဟာ ကျန်းမာသန်စွမ်းပြီး ပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ အမေရိကန်နိုင်ငံမှာ အသက် ၄၅ ပြည့်ပြီးသူတိုင်း လုပ်ဆောင်စစ်ဆေးဖို့ သတ်မှတ်ထားတဲ့ အူမကြီးကင်ဆာကို ပုံမှန် မှန်ပြောင်းနဲ့ ရောဂါ ရှာတာကိုတော့ လုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ သူ့ဇနီးသည်ရဲ့စကားကို မလိုက်နာခဲ့ဘဲ သူ နေကောင်းတယ်လို့ပဲ ခေါင်းမာမာနဲ့ နေခဲ့ပါတယ်။
စတင် နေမကောင်းဖြစ်ပြီး အစာမကြေတာ၊ ဝမ်းချုပ်တာ၊ ပိန်လာတာတွေ ခံစားရတဲ့အခါမှာတော့ သူဟာ နည်းနည်း သတိပြုမိလာပြီး မှန်ပြောင်းစစ်ဆေးမှု ခံယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ အဲဒီအချိန်ထိ ဘာသံသယမှ မ၀င်သေးပါဘူး။
သူ့အတွက်တော့ အကြီးအကျယ် ကံဆုံးမိုးမှောင်ကျတာပါပဲ။ အဖြေက သူ မျှော်လင့်ထားသလို ရိုးရိုးနေမကောင်းတာ မဟုတ်ပါဘူး။ သူ့မှာ အူမကြီးကင်ဆာ ဖြစ်နေပါပြီ။
ကင်ဆာဖြစ်ရင် သေလူလို့ သတ်မှတ်ထားတဲ့လောကမှာ ရောဘတ်တစ်ယောက် အကြီးအကျယ် စိတ်ဓာတ်ကျခဲ့ပါတယ်။
ဇနီးသည်နဲ့ မိသားစုရဲ့ တိုက်တွန်း အားပေးချက်အရ သူဟာ ကြိုးစားရပ်တည်ခဲ့ပြီး ကင်ဆာကုသမှု စတင်ခံယူပါတယ်။ ကုသမှုခံယူစဉ် ကာလတွေကတော့ တကယ်ပြင်းထန်ခက်ခဲတဲ့ အချိန်တွေပါပဲ။
အဆင့်ဆင့်သော သွေးစစ်ဆေးမှုတွေ၊ ဓာတ်မှန်တွေ ရိုက်ပြီး ခွဲစိတ်ကုသမှု လုပ်ခဲ့ရပါတယ်။ ခွဲစိတ်အပြီးမှာ ကင်ဆာဆေး ဆက်သွင်းရပြန်ပါတယ်။ ဆံပင်တွေကျွတ်၊ စားသောက်တွေပျက်၊ အန်တာတွေ၊ အားအင်ကုန်ခန်းတာတွေ အဖုံဖုံ ကြုံခဲ့ရအပြီးမှာ သူဟာ စိတ်ကို ကြိုးစားပြုပြင်ပြီး ခိုင်မာအောင် လုပ်ယူခဲ့ရပါတယ်။
" ကျွန်တော့်ဘဝမှာ အဆိုးဆုံးတွေ ကြုံခဲ့ရပြီ ... သေလူလို့လည်း တွေးခဲ့ဖူးတယ် ... ဒါပေမဲ့ စိတ်မလျှော့သေးဘူး ... ကျွန်တော့်မိသားစုအတွက် အသက် ဆက်ရှင်ရဦးမယ် "
ရောဘတ်ဟာ မိသားစုနဲ့အတူ ထမင်းစားတယ်၊ ခရီးထွက်တယ်၊ ခြံထဲမှာ အပင်စိုက်တယ်၊ ရေလောင်းတယ်။ သူဟာ ဘဝရဲ့အလှအပတွေကို မြင်အောင်ကြည့်ပြီး ဒီလောကမှာ အကောင်းမြင်ဝါဒအပြည့်နဲ့ ဆက်လက် အသက်ရှင်မှာ ဖြစ်ပါတယ်။
ကင်ဆာဆေးသွင်းတဲ့ကာလတွေ လွန်မြောက်သွားတဲ့အခါ သူ နေကောင်းဖို့ အချိန် တော်တော်ကြာကြာ ယူခဲ့ရပါတယ်။
သူ ပြန်လည်ကျန်းမာတဲ့အခါ ပထမဆုံးလုပ်တဲ့ အလုပ်ကတော့ ဘဝတူ ကင်ဆာဝေဒနာသည်တွေကို ကူညီဖေးမ အားပေးတဲ့အလုပ်ပါပဲ။
သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ ဇွဲသတ္တိကို မျှဝေခဲ့ပါတယ်။ ကြင်နာမှုတွေ၊ အားအင်တွေ ဝေပေးရင်း ကင်ဆာစေတနာ့ဝန်ထမ်းအလုပ်မှာ ပျော်မွေ့နေပါပြီ။
ကျောက်စိုင်ကျောက်သားလို ခိုင်မာတောင့်တင်းတဲ့ စိတ်ဓာတ်ဟာ သေခါနီး လူတစ်ယောက်ကို ရှင်သန်ဖို့ အားအင်တွေ ဖြစ်ပါတယ်။ ကင်ဆာဟာ သေဖို့လက်မှတ် မဟုတ်ပါဘူး။ အဲဒီလက်မှတ်ကို ငြင်းဆန်ဖို့၊ နိုင်သလောက် ကုသဖို့က မိမိနဲ့ မိသားစုတာဝန်ပါ၊ ရခဲလှတဲ့ လူ့ဘဝမှာ အလွယ်တကူ ရှုံးနိမ့်ဖို့ဆိုတာ လွယ်လွန်းတဲ့အလုပ်ပါ။ အခိုင်မာဆုံးလူတွေသာ အသက်ရှင် ကျန်ရစ်ကြတာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























