အူအတက်ရောင်ခြင်းအကြောင်း ဒါတွေ သိထားဖို့ လိုပါတယ်
အူအတက်ဆိုသည်မှာ ဝမ်းဗိုက်ရဲ့ အောက်ဘက်ခြမ်း ညာဘက်ကျကျမှာရှိတဲ့ ရှည်မျောမျော အိတ်ငယ်ပုံစံ ကိုယ်တွင်းအင်္ဂါငယ်တစ်ခုပဲ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် (၂) စင်တီမီတာမှ (၁၀) စင်တီမီတာအထိ ရှည်ပြီး လုံးပတ် (ဝ.၆) စင်တီမီတာခန့် ရှိပါတယ်။ လူသားမျိုးစိတ်ရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်မှာ အပိုအနေနဲ့ ကျန်ရစ်ခဲ့တဲ့အင်္ဂါတစ်မျိုးလို့လည်း ပြောလို့ရပါတယ်။ အူအတက်မှာ ပိုးမွှားတွေ၊ မစင်နဲ့ အကျိအချွဲတွေ လာပိတ်တဲ့အခါမှာတော့ အူအတက်ရောင်ခြင်းကို ခံစားရပါတယ်။
အူအတက်ရောင်ပြီး နာရီပိုင်းမှ ရက်ပိုင်းအတွင်း အူအတက် ပေါက်သွားနိုင်ပါတယ်။ ကုသမှု အချိန်မီ မခံယူပါက ဝမ်းဗိုက်တွင်း ရောင်ရမ်းခြင်းနဲ့ ပိုးဆိပ်တက်ပြီး အသက်သေဆုံးခြင်းတို့ ဖြစ်နိုင်ပါတယ်။
>> အူအတက်ရောင်ခြင်း လက္ခဏာများ
(၁) အစပိုင်းတွင် နေရာတိတိကျကျ နာကျင်ခြင်းမရှိသေးဘဲ နောက်ပိုင်းမှ ဝမ်းဗိုက် ညာဘက်အောက်နား တစ်နေရာထဲတွင်သာ နာနေခြင်း (တစ်ခါတစ်ရံ ဘယ်ဘက်အောက်နားမှာပါ နာတတ်)
(၂) အူအတက်နေရာကိုဖိပြီး ပြန်လွှတ်သည့်အခါ အလွန်နာခြင်း (ခဏခဏစမ်းပါက အူအတက် ပေါက်သွားနိုင်)
(၃) နာရီပိုင်းအတွင်းမှာပင် အလွန်အမင်း နာလာခြင်း
(၄) ကိုယ်ပူခြင်း၊ ချမ်းပြီး တစ်ကိုယ်လုံး တုန်နေခြင်း
(၅) ခံတွင်းပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း (လေမလည်၊ ဝမ်းမသွားတော့လျှင် အူပိတ်သွားတာ ဖြစ်နိုင်)
(၆) ကယောင်ကတမ်းများပြောခြင်း
(၇) ဝမ်းသွားလျှင် အကျိအချွဲများပါခြင်း
(၈) ရက်အနည်းငယ်ကြာသည်အထိ လေပွနေခြင်း၊ ဗိုက်ကယ်နေခြင်း
(၉) သွေးဖြူဥများလာခြင်း
အူအတက်ရောင်ခြင်းအတွက် အမြစ်ပြတ်ကုသနည်းကတော့ ခွဲစိတ်နည်းတစ်မျိုးတည်းသာ ဖြစ်ပါတယ်။
Dr. နေလွင်ထူး (www.drmyanmar.com)






























