/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အူအတက်-ဖြတ်ပြီးနောက်-သတိပြုဖွယ်များ

အူအတက် ဖြတ်ပြီးနောက် သတိပြုဖွယ်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အူအတက် ရောင်လို့ပဲဖြစ်ဖြစ်၊ အူအတက် ပေါက်ထွက်သွားလို့ပဲဖြစ်ဖြစ် အူအတက် ဖြတ်တောက်ခွဲစိတ်ပြီးနောက် ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးပါ့မယ်နော်။

          အူအတက် ခွဲစိတ်ရာမှာ ဗိုက်မှာ အပေါက်ကလေးတွေဖောက်ပြီး မှန်ပြောင်းနဲ့ခွဲတာပဲဖြစ်ဖြစ်၊ ခွဲကြောင်းရာပေးပြီး ဗိုက်ဖွင့်ခွဲတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။

          ခွဲစိတ်အပြီးမှာ ရက်ပိုင်းလောက်ကို လူနာဟာ နုံးချိပင်ပန်းနေတတ်ပြီး ဗိုက်လည်း နာကျင်နေတတ်ပါတယ်။

          ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ လေပွတာ၊ ခေါင်းကိုက်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။ ဒါတွေဟာ ရက်ပိုင်းလောက်မှာတင် သက်သာသွားမှာပါ။

          နာလန်ထူတဲ့အချိန်ဟာ ခွဲစိတ်မှုပေါ်လိုက်ပြီး ကွာခြားပါတယ်။ မှန်ပြောင်းခွဲစိတ်မှုတွေဟာ ၁ ပတ်ကနေ ၃ ပတ်လောက်အတွင်းမှာ ပုံမှန်အတိုင်း ပြန်လုပ်ဆောင်နိုင်ပြီး ဗိုက်ဖွင့်ခွဲသူတွေဆိုရင်တော့ ၂ ပတ်ကနေ ၄ ပတ်အတွင်းမှာ ပုံမှန်အတိုင်း လုပ်နိုင်ကိုင်နိုင်ပါတယ်။ အူအတက် ပေါက်ထွက်သွားသူတွေမှာတော့ ခွဲကြောင်းကနေ ဗိုက်ထဲကို ပိုက်ထည့်ထားရတတ်ပါတယ်။

          အူအတက် ဖြတ်လိုက်လို့တော့ လူမှာ ဘာမှထူးထူးခြားခြားကြီး ပြောင်းလဲသွားတာမျိုးတော့ မရှိပါဘူးနော်။ အစားအသောက်၊ အနေအထိုင်တွေလည်း ထူးပြီးပြောင်းလဲသွားတာမျိုး မရှိပါဘူး။

 

>>    ဆေးရုံက ဆင်းလို့အိမ်ပြန်ရောက်သွားတဲ့အခါ ...

လှုပ်ရှားမှု

●        ပင်ပန်းတဲ့အခါ အနားယူပါ။ ကောင်းကောင်း အိပ်ရေးဝမှသာ ကောင်းကောင်း နာလန်ထနိုင်မှာပါ။

●        နေ့တိုင်း လမ်းလျှောက်ပေးပါ။ တစ်နေ့ နည်းနည်းစီ တိုးတိုးပြီး လမ်းလျှောက်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အဆုတ်ရောင်၊ ဝမ်းချုပ်စတဲ့ ပြဿနာတွေကို နည်းစေနိုင်ပါတယ်။

●        ၂ ပတ်လောက်အထိကို အလေးအပင်တွေ မ,မပါနဲ့။ ကလေး၊ ဈေးခြင်းတောင်းတွေ၊ နို့ဘူးတွေ၊ အထုပ်အပိုးတွေ၊ ဖုန်စုပ်စက်တွေ စတာတွေကို ချီပိုးမတာမျိုးတွေကို ရှောင်ပါ။

●        ခွဲစိတ်အပြီး ၂၄ နာရီကနေ ၄၈ နာရီအကြာမှာ ရေချိုးလို့ရပါပြီ။ ပြီးရင်တော့ ခွဲကြောင်းနေရာကို သေချာခြောက်အောင် သုတ်ပေးပါ။ ၂ ပတ်လောက်အထိတော့ ရေချိုးကန်မှာ ရေစိမ်ချိုးမျိုးကို ရှောင်ပါ။ ဗိုက်ထဲ ပိုက်ထည့်ထားရင်လည်း ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။

●        အကိုက်အခဲပျောက်ဆေးတွေ သောက်စရာမလိုတော့ဘဲ ခြေထောက် ကောင်းကောင်း လှုပ်ရှားနိုင်ပြီဆိုရင် ကားမောင်းနိုင်ပါပြီ။

●        ၁ ပတ်ကနေ ၃ ပတ်အတွင်းမှာ အလုပ်ပြန်ဝင်လို့ရပါတယ်။ ဗိုက်ဖွင့် ခွဲစိတ်ရင်တော့ ၂ ပတ်ကနေ ၄ ပတ်လောက်အထိ နားဖို့လိုပါတယ်။

●        အိမ်ထောင်ဖက်နဲ့ ဘယ်တော့အတူနေလို့ရမလဲ ဆိုတာကတော့ ဆရာဝန်နဲ့သာ တိုင်ပင်ပါ။

 

အစားအသောက်

●        ပုံမှန်အတိုင်းပဲ စားနိုင် သောက်နိုင်ပါတယ်။ ဗိုက်အောင့်တာမျိုးရှိရင်တော့ ထမင်း၊ ကြက်ပြုတ်၊ ပေါင်မုန့်၊ ဒိန်ချဉ်စသဖြင့် အစာပျော့ပျော့စားပေးပါ။

●        အရည်တွေအများကြီးသောက်ပါ။

●        ခွဲပြီးပြီးချင်းမှာ ဝမ်းကပုံမှန်မဟုတ်တာကို သတိထားမိမှာပါ။ ဖြစ်နေကျပြဿနာပါပဲ။ ဝမ်းချုပ်တာ၊ ဝမ်းအရမ်းညှစ်ရတာတွေကို ရှောင်ပါ။ နေ့တိုင်း အမျှင်များတာလေးတွေ စားပေးပါ။ ရက်ပိုင်းလောက်ကို ဝမ်းမသွားဘူးဆိုရင်တော့ ဝမ်းပျော့ဆေး အပျော့စားလေး သောက်ဖို့လိုမလို ဆရာဝန်နဲ့တိုင်ပင်ပါ။

 

ဆေး

●        သောက်လက်စဆေးတွေ ပြန်သောက်လို့ ရ၊ မရကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

●        သွေးကြဲဆေးတွေဖြစ်တဲ့ warfarin, clopidogrel, aspirinဆေးတွေ သောက်နေရရင် ဆရာဝန်ကို ပြောပြဖို့ လိုလိမ့်မယ်။ ဘယ်အချိန်မှာ ပြန်သောက်လို့ ရမလဲဆိုတာကိုလည်း ဆရာဝန်ကမှာပါလိမ့်မယ်။

●        အူအတက် ပေါက်ထွက်သွားသူတွေမှာ ပိုးသတ်ဆေးကို ရက်ပြည့်အောင် သောက်ဖို့လိုပါတယ်။ သက်သာသွားလို့ဆိုပြီး ရပ်ပစ်လို့မရပါဘူးနော်။

●        အကိုက်အခဲပျောက်ဆေးတွေကိုလည်း ညွှန်ကြားထားတဲ့အတိုင်း သောက်ပေးပါ။

            ○        ဆရာဝန်ပေးတဲ့ အကိုက်အခဲပျောက်ဆေးကို သောက်ပေးပါ။

            ○        ဆရာဝန် ပေးထားတဲ့ အကိုက်အခဲပျောက်ဆေးတွေ မရှိဘူးဆိုရင်လည်း ဆေးဆိုင်မှာ ဝယ်လို့ရတဲ့ ပါရာစ်ိတမော၊ အိုင်ဗျူ ပရိုဖန်၊ နက်ပရောက်ဆန် စတဲ့ ဆေးတွေ သောက်လို့ရပါတယ်။

            ○        ဆရာဝန်မညွှန်ကြားဘဲနဲ့ အကိုက်အခဲပျောက်ဆေးကို နှစ်မျိုးသုံးမျိုး တွဲသောက်တာမျိုး မလုပ်ပါနဲ့။

●        အကိုက်အခဲပျောက်ဆေးကြောင့် ဗိုက်အောင့်တယ်ထင်ရင်

            ○        အစာနဲ့ တွဲသောက်ပေးပါ။

            ○        တခြားဆေးပြောင်းဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

 

ခွဲကြောင်းရာ

●        ဗိုက်ခွဲထားတဲ့လူနာတွေမှာ ချုပ်ရိုးရှိနေမှာပါ။ ၇ ရက်ကနေ ၁၀ ရက်အတွင်းမှာ ချုပ်ရိုးဖြေရပါလိမ့်မယ်။

●        ခွဲကြောင်းရာပေါ်မှာ တိပ်ကပ်ထားတယ်ဆိုရင်လည်း ၁ပတ်တန်သည်ဖြစ်စေ၊ ကွာကျသွားတဲ့အထိဖြစ်စေ ထားပေးပါ။

●        ခွဲပြီး ၂၄ နာရီကနေ ၄၈ နာရီအကြာမှာ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးနိုင်ပါတယ်။ ခြောက်အောင်သုတ်ဖို့တော့ လိုပါတယ်။

●        ခွဲကြောင်းကို သန့်ရှင်းခြောက်သွေ့နေအောင် ထားပါ။ အရည်တွေ တစိမ့်စိမ့်ထွက်နေရင်ပဲဖြစ်ဖြစ်၊ အဝတ်အစားနဲ့ ပွတ်တိုက်မိနေရင်ပဲဖြစ်ဖြစ် ခွဲကြောင်းပေါ်မှာ ပတ်တီးလေးနဲ့ အုပ်ထားပေးဖို့ လိုပါတယ်။

            ○        အနာဆေးထည့်ပြီး ပတ်တီးလဲရင် နာနိုင်တာမို့ မလဲခင်နာရီဝက်လောက်ကြိုပြီး အကိုက်အခဲပျောက်ဆေးလေး သောက်ပေးနိုင်ပါတယ်။

            ○        အနာနဲ့ ပတ်တီးနဲ့ကပ်နေရင် ရေနွေးလေးနဲ့ ၁၀ မိနစ်လောက် နူးပြီးမှ ခွာပါ။

            ○        ပတ်တီးကိုခွာပြီးရင် အနာကို ရေလေးနဲ့ အရင်ဆေးပေးပါ။ ပြီးရင်ခြောက်အောင် ဖွဖွလေးပုတ်ပေးပါ။

            ○        ခွဲကြောင်းအရွယ်အစားပေါ် မူတည်ပြီးတော့ ပတ်တီး ဘယ်လောက်လိုတယ်ဆိုတာ ဆုံးဖြတ်ရမှာပါ။ တစ်ခေါက်ခေါက်ပြီး ခွဲကြောင်းမှာ အုပ်ပေးပါ။

            ○        ပြီးရင်တိပ်လေးနဲ့ကပ်ပေးလိုက်ပါ။

            ○        အနာကျက်လာတာနဲ့အမျှ အရည်တွေ ထွက်တာကို တွေ့ရပါလိမ့်မယ်။ ပုံမှန်ပဲမို့ မကြောက်ပါနဲ့နော်။

          ဆရာဝန်နဲ့ပုံမှန်ပြဖို့က အရေးကြီးပါတယ်နော်။ ပြဿနာ တစ်စုံတစ်ရာရှိရင် ဆရာဝန်နဲ့ပြဖို့ မမေ့ပါနဲ့။

 

အရေးပေါ်အခြေအနေ

●        သတိမေ့သွားခြင်း

●        မောလာခြင်း

●        ဗိုက်အောင့်ပြိိး ရေတောင် မသောက်နိုင်ခြင်း

●        ဝမ်း မသွား၊ လေမလည်ခြင်း

●        အကိုက်အခဲပျောက်ဆေး သောက်တာတောင် မသက်သာခြင်း

●        ပိုးဝင်တဲ့လက္ခဏာများ ရှိလာခြင်း

○        ပိုနာလာတာ၊ ရောင်လာတာ၊ ပူလာတာ၊ နီလာတာ

○        အနာကနေ အနီကြောင်းတွေဖြစ်လာတာ

○        အနာကနေ ပြည်တွေ ထွက်လာတာ

○        ဖျားတာ

●        ချုပ်ကြောင်း ပြေလာခြင်း၊ ဟသွားခြင်း

●        ပတ်တီးမှာ သွေးနီနီတွေ စွန်းပေနေခြင်း

●        ခြေထောက်သွေးကြောပိတ်လက္ခဏာတွေ ရှိနေခြင်း

            ○        ခြေသလုံး၊ ဒူနောက်၊ ပေါင်နဲ့ ပေါင်ခြံတွေမှာ နာလာတာ

            ○        ခြေထောက်နဲ့ ပေါင်ခြံမှာ နီရဲပြီး ရောင်လာတာ

          ဒီလိုလက္ခဏာတွေဖြစ်လာခဲ့ရင် အရေးပေါ်ဌာနကိုပြဖို့ လိုနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)