Covid-19 ကို အလဲထိုးဖို့အတွက် ဗီယက်နမ်နိုင်ငံက အကြံပြုသော S လေးလုံးနည်းစဉ်
ဗီယက်နမ်နိုင်ငံဟာ လက်ရှိ Covid-19 ရောဂါကို အတည်ငြိမ်ဆုံးအနေအထားဖြင့် ထိန်းသိမ်းထားသောနိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီလိုထိန်းသိမ်းထားနိုင်ဖို့အတွက် ကျင့်သုံးလျက်ရှိသော S လေးလုံးနည်းစဉ်ကို ဗီယက်နမ်နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ Pham Binh Minh က ဗီဒီယိုညီလာခံတစ်ခုတွင် အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
● ပထမ S = Solidarity (စည်းလုံးညီညွတ်မှု)
ဗီယက်နမ်နိုင်ငံအနေနှင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်မှုရနိုင်ကြောင်းကို ယုံကြည်တဲ့အလျောက် နယ်ပယ်အသီးသီးမှ ပညာရှင်ပေါင်းများစွာကို စုစည်းပြီး အားစိုက်ထုတ်စေခဲ့ပါတယ်။
● ဒုတိယ S = Share (မျှဝေပါ)
သတင်းအချက်အလက်များ၊ အတွေ့အကြုံများနှင့် အကောင်းဆုံးလေ့ကျင့်မှုများ၊ သုတေသနအဖြေနှင့် တိုးတက်အောင်မြင်မှုများ၊ ကာကွယ်ဆေးနှင့် ဆေးဝါးများရရှိစေရေး ကြိုးပမ်းမှုများကို အချိန်နှင့်တပြေးညီဆိုသလို ပြည်သူလူထုအား မျှဝေပေးပါတယ်။
● တတိယ S = Stop (ရပ်တန့်ပါ)
ကျွနု်ပ်တို့ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တဲ့အခါမှာ အားစိုက်ထုတ်မှုတွေကို နှောင့်နှေးစေသော သို့မဟုတ် အခြေအနေကို ပိုဆိုးစေသော လှုပ်ရှားမှုများကို ရပ်ရမှာဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေများနှင့် ဆန့်ကျင်သော မူဝါဒများနှင့် ဆောင်ရွက်ချက်များကိုလည်း ရပ်တန့်ရမှာ ဖြစ်ပါတယ်။
● စတုတ္ထ S = Stimulate (လှုံ့ဆော်ပါ)
ပြည်သူလူထုရဲ့ စီးပွားရေးကို လှုံ့ဆော်ခိုင်းတာ ဖြစ်ပါတယ်။
Covid-19 ပြီးဆုံးပြီးနောက် စီးပွားရေးအခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ပြီး စီးပွားရေးဆိုင်ရာ လှုံ့ဆော်မှုများပြုလုပ်ခြင်း၊ အရောင်းအဝယ်နှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် ပြင်ဆင်ထားခြင်း၊ ငွေကြေးဈေးကွက်ကို တည်ငြိမ်အောင်လုပ်ခြင်း၊ စီးပွားရေးသမားများနှင့်တကွ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးခြင်းစတဲ့ ဆောင်ရွက်ချက်များကို ပြင်ဆင်ထားသင့်ပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်ကတော့ ဒီလိုစည်းလုံးညီညွတ်မှုရှိရှိဖြင့် အဘက်ဘက်က အားစိုက်ပါဝင်မှုတွေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဆိုပါက ဒီကပ်ကြီးကို မကြာခင် ကျော်လွှားသွားနိုင်ပြီး ကောင်းမွန်သော ပြန်လည်ထူထောင်ရေးကာလကိုလည်း ပိုင်ဆိုင်နိုင်မယ်ဆိုတာ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























