/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/gym-ဆော့သူတိုင်းအတွက်-တစ်ကိုယ်ရည်သန့်ရှင်းရေး

Gym ဆော့သူတိုင်းအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အားကစားသမားတွေအပါအဝင် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တဲ့ လူကြီးလူငယ်တွေကြားမှာ အရေပြားမှိုစွဲတဲ့ရောဂါဟာ အလွန်ပင်ဖြစ်လေ့ဖြစ်ထရှိပါတယ်။ (ဥပမာ - Athlete’s foot, ringworm, yeast infection)

          ဘယ်နေရာမှာပဲ လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် ချေွးထွက်နေတဲ့ အဝတ်အစားတွေနဲ့ ပိုးမွှားတွေကပ်ငြိနေတဲ့ အားကစားပစ္စည်းတွေနဲ့ထိတွေ့ရမှာ မလွဲဧကန်ဖြစ်ပါတယ်။ အဲဒါတွေကြောင့်ပဲ အရေပြားမှိုစွဲတဲ့ရောဂါတွေ ပိုမိုဖြစ်စေတာဖြစ်ပါတယ်။

          ၎င်းမှိုရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ရန် လေ့ကျင့်ခန်းပြုလုပ်ချိန်တိုင်း အောက်ပါတစ်ကိုယ်ရည် သန့်ရှင်းရေးလမ်းညွှန်ချက်တွေကို လိုက်နာသင့်ပါတယ်။

1. လက်များကို စင်ကြယ်စွာဆေးကြောပါ

          လေ့ကျင့်ခန်းမပြုလုပ်မီနဲ့ ပြုလုပ်ပြီးချိန်တိုင်း လက်ကိုဆပ်ပြာနဲ့အမြှုပ်ထွက်အောင် သေချာပွတ်၍ အနည်းဆုံးစက္ကန့် 20 ခန့်ဆေးကြောပေးပါ။ ပြီးလျှင် အဝတ်ခြောက်ဖြင့်သေချာသုတ်၍သော်လည်းကောင်း၊ လေဖြင့်သော်လည်းကောင်း အခြောက်ခံပါ။

2. ဆပ်ပြာနဲ့မဆေးကြောနိုင်ပါက လက်သန့်စင်ဆေးရည်ကို အစားထိုးအသုံးပြုပါ

          အရက်ပြန်ပမာဏအနည်းဆုံး 60% ပါတဲ့ ဆေးရည်မျိုးကို ရွေးချယ်ဝယ်ယူပါ။ ၎င်းလက်သန့်စင်ဆေးရည်ကို လက်ဖဝါးပေါ်မှာထည့်၍ လက်မျက်နှာပြင်နဲ့ လက်ချောင်းများလုံးဝခြောက်သွေ့သွားသည်အထိ ပွတ်ပေးပါ။

3. ချက်ချင်းရေချိုးပါ

          လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အချိန်မှာ ဆိုဖာမှာချက်ချင်းပြေးထိုင်တာမျိုးပဲဖြစ်ဖြစ်၊ ချေွးတွေစိုနေတဲ့အဝတ်အစားတွေနဲ့ အပြင်ထွက်ပြီးစားတာပဲဖြစ်ဖြစ် မပြုလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်းပြုလုပ်ပြီးတာနဲ့ ဖြစ်နိုင်သမျှအမြန်ဆုံးရေချိုးလိုက်ပါ။ ဘက်တီးရီးယားပိုးတွေဟာ ချေွးစိုနေတဲ့အဝတ်အစားတွေမှာ ပေါက်ပွားလွယ်တာကြောင့် ရေသေချာချိုး၍ မျက်နှာသုတ်ပုဝါနဲ့ ခြောက်သွေ့အောင်တစ်ကိုယ်လုံးအနှံ့သုတ်ပေးပါ။ ထို့နောက် သန့်ရှင်းခြောက်သွေ့တဲ့အဝတ်အစားတွေကို ဝတ်ဆင်ပါ။

4. ခြေထောက်များကို ကာကွယ်ပါ

          လေ့ကျင့်ခန်းလုပ်အပြီးမှာ ခြေထောက်တွေ အထူးသဖြင့်ခြေချောင်းတွေကို မှိုရောဂါ မစွဲကပ်စေရန် သေချာဆေး၍ ခြောက်အောင်သုတ်ပါ။

5. တစ်ခါလေ့ကျင့်ခန်းပြုလုပ်ပြီးတိုင်း အဝတ်အစားများကိုလျှော်၍ နေပူလှမ်းပါ

          ရေကူးဝတ်စုံနဲ့ ခြေအိတ်များလည်း ထိုနည်းတူပင်ဖြစ်ပါတယ်။

6. အရေပြားကိုဂရုစိုက်ပါ

          အကယ်၍ အရေပြားမှာပွန်းပဲ့ဒဏ်ရာရှိပါက ရေစိုခံပတ်တီးဖြင့်ကာကွယ်ထားပါ။ ဒဏ်ရာနက်ပါက ၎င်းဒဏ်ရာမသက်မသာမချင်း လူများတဲ့နေရာတွေကို သွားလာခြင်းမှရှောင်ကြဉ်သင့်ပါတယ်။

7. တစ်ကိုယ်ရည်သုံးပစ္စည်းများကို မျှဝေမသုံးစွဲပါနှင့်

          မျက်နှာသုတ်ပုဝါ၊ ရေသန့်ဗူး၊ ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်ဓား၊ ဘီး၊ သွားပွတ်တံနဲ့ မိတ်ကပ် စတာတွေကို ခွဲဝေမသုံးစွဲသင့်ပါဘူး။ အခြားသူတစ်ဦးရဲ့ အရေပြားကိုထိတွေ့မိတဲ့ပစ္စည်းတိုင်းဟာ မှိုရောဂါတွေကပ်ငြိနိုင်လို့ပဲဖြစ်ပါတယ်။

8. ကိုယ်ကာယလေ့ကျင့်ခန်းနေရာကို ရွေးချယ်တော့မည်ဆိုပါက သေချာစွာရွေးသင့်ပါတယ်

          ပိုက်ဆံတစ်ခုတည်းကိုမစဉ်းစားဘဲ ကျန်တဲ့အရာတွေအားလုံးကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ လေ့ကျင့်ခန်းပစ္စည်းတွေရဲ့ သန့်ရှင်းမှု၊ ဝန်ဆောင်မှုကောင်းခြင်း၊ ရေချိုးခန်းကြမ်းပြင်များ သန့်ရှင်းနေခြင်း၊ အိမ်သာနဲ့ လက်ဆေးတဲ့နေရာတွေရဲ့ သန့်ပြန့်မှု စတဲ့အချက်တွေကိုလေ့လာပြီးမှ သွားရောက်လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။

Dr. Thinzar Wynn (www.drmyanmar.com)