Intermittent Fasting (IF) ခေါ် အချိန်ခြားပြီး အစာခံခြင်း နည်းလမ်းအမျိုးမျိုး
၅ ရက်ခန့် အချိုရည်သာသောက်ပြီး အဆာခံခြင်းဟာ သင့်ကို ဆာလောင်စေမယ့်အပြင် ကျန်းမာရေးနှင့်လည်း မညီညွတ်စေပါဘူး။
သို့သော် တစ်ပတ်လျှင် ၁၆ မှ ၂၄ နာရီခန့် အဆာခံခြင်းကတော့ သင့်ကို ပိန်သွယ်စေပြီး အားအင်လည်း ပြည့်ဝစေပါတယ်။
Intermittent Fasting ဆိုတဲ့ အဆာခံခြင်းနည်းလမ်းကို ၂၀၁၇ ခုနှစ်တွင် အားကစားနှင့်ပတ်သက်သော အာဟာရပညာရှင်များက လူ့ကိုယ်ခန္ဓာဖွဲ့စည်းပုံအလိုက် ကျန်းမာရေးနှင့်ညီညွတ်သော အဆာခံခြင်းနည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
● ကယ်လိုရီ ကန့်သတ်ခြင်းနည်းလမ်းနှင့်မတူတဲ့အချက်က IF နည်းလမ်းဟာ တစ်ချိန်လုံး ကယ်လိုရီကို တွက်ချက်နေဖို့ မလိုပါဘူး။ ဒါကြောင့် တစ်ချိန်လုံး ဗိုက်ဆာနေခြင်း မရှိပါဘူး။
● ထို့ပြင် IF ဟာ အဆီကောကြွက်သားကော ၂ မျိုးလုံးကို ကျစေခြင်းထက် အဆီတွေကိုသာ ကျစေပြီး ကြွက်သားတွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ထို့ပြင် ကိုယ်ထဲရှိ ကိုလက်စထရောများကိုလည်း ကောင်းမွန်တဲ့အနေအထားရောက်အောင် ထိမ်းညှိပေးနိုင်ပါသေးတယ်။
>> အဆာခံခြင်း နည်းလမ်း (၃) မျိုးကတော့ -
(၁) တစ်နေ့လုံး အစာမစားခြင်း
(၂) တစ်ရက်ခြား အစာမစားခြင်း
(၃) အစာစားချိန် ကန့်သတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။
(၁) တစ်နေ့လုံး အစာမစားခြင်း (5:2 diet)
တစ်ပတ်လျှင် ၁ ရက်ကနေ ၂ ရက်လောက် ရေသီးသန့်သာသောက်ပြီး ကယ်လိုရီ ၅၀၀ သာ စားခြင်း ဖြစ်ပါတယ်။ ထိုကယ်လိုရီ ၅၀၀ တွင် ၂၀၀ ဟာ ပရိုတင်းသာဖြစ်သင့်ပြီး တစ်နပ်အတွင်း ၅၀၀ လုံးစားခြင်း သို့မဟုတ် တစ်နေကုန် ခွဲစားခြင်း စသည်ဖြင့် နှစ်သက်သလို စားနိုင်ပါတယ်။
** ကောင်းကျိုး - ၂၄ နာရီလုံး အစာမစားခြင်းဟာ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုမိုမြန်ဆန်စေပြီး အဆီလောင်ကျွမ်းနှုန်းကို အမြင့်ဆုံးဖြစ်စေပါတယ်။
** ဆိုးကျိုး - စိတ်တိုလွယ်ခြင်း။
● ဘယ်သူတွေနှင့် သင့်တော်လဲ - အစားမရှောင်လိုသူများအနေနှင့် တစ်ပတ်လျှင် ၂ ရက်ဆက်တိုက်သာ အဆာခံပြီး ကျန် ၅ ရက်မှာ နှစ်သက်ရာစားနိုင်ပါတယ်။
(၂) တစ်ရက်ခြား အစာမစားခြင်း
ပထမဆုံး ၂၄ နာရီအတွက် ရေနှင့် ကယ်လိုရီ ၅၀၀ (ပရိုတင်း ကယ်လိုရီ ၂၀၀) ကို တစ်နေ့လုံးစာအတွက် စားပြီးနောက် နောက်ထပ် ၂၄ နာရီမှာ မိမိနှစ်သက်တာတွေ ကြိုက်သလောက် အကုန်စားနိုင်ပါတယ်။
** ကောင်းကျိုး - တစ်ရက် အဆာခံပြီး နောက်တစ်နေ့မှာ ကြိုက်တာတွေ စားနေပေမယ့် ကိုယ်အလေးချိန် ကျဆင်းနေမှာ ဖြစ်ပါတယ်။ တစ်ရက်ခြား အစာမစားခြင်းကို ၁ နှစ်ကျင့်သုံးသူတွေဟာ ကိုယ်အလေးချိန်ရဲ့ ၆ ရာနှုန်းလောက် ကျဆင်းသွားကြပါတယ်။
** ဆိုးကျိုး - Gym ကစားသူများအတွက် စွမ်းအင်နည်းပါးနေမှာ ဖြစ်ပါတယ်။
● ဘယ်သူတွေနှင့် သင့်တော်လဲ - ပုံမှန်စားနေကျအတိုင်း စားလိုသူများအနေနှင့် တစ်ရက်သာ အဆာခံပြီး နောက်တစ်ရက် စိတ်ကြိုက်စားခွင့်ရမှာ ဖြစ်ပါတယ်။
(၃) အစာစားချိန် ကန့်သတ်ခြင်း
တစ်နေ့ကို ၁၆-၂၀ နာရီခန့် အစာမစားပဲ ရေနှင့် Zero Calorie Coke သို့မဟုတ် ရေနွေးကြမ်းကိုသာ သောက်ရပါတယ်။ ထို့နောက် ကျန် ၄-၈ နာရီ (မနက် ၁၀ နာရီကနေ ညနေ ၆ နာရီ သို့မဟုတ် နေ့လယ် ၁၂ ကနေ ည ၈ နာရီ) တွင် နှစ်သက်တာ စားနိုင်ပါတယ်။
** ကောင်းကျိုး - မကြာခဏ ဗိုက်ဆာတတ်သူများအတွက် တစ်နေကုန် အဆာခံခြင်းထက်စာရင် ဒီနည်းလမ်းက ပိုဆင်ပြေပါတယ်။ ထို့ပြင် ကယ်လိုရီ တွက်ချက်စားဖို့ မလိုတဲ့အတွက် စားချင်တာ စားနိုင်ပါသေးတယ်။
** ဆိုးကျိုး - တစ်နေ့တာအတွက် ပထမဆုံးအစာကို နေ့လယ် ၁ နာရီလောက်မှသာ စားရတာမျိုး ရှိနိုင်ပါတယ်။
● ဘယ်သူတွေနှင့် သင့်တော်လဲ - ပုံမှန်အစာစားချိန်ရှိလိုသူများအတွက် သင့်တော်ပါတယ်။ ကယ်လိုရီ တွက်မစားလိုသူများ၊ သရေစာ စားတတ်သူများအတွက်လည်း အဆင်ပြေစေပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























