ခွေးရူးရောဂါကာကွယ်ရေးနှင့်ရောဂါကင်းစင်ရေးလုပ်ငန်းများအတွက် ကာကွယ်ဆေးထိုးခြင်းအပြင် အများပြည်သူပူးပေါင်းမှုများပါလိုအပ်
မြန်မာနိုင်ငံတွင် ခွေးလေခွေးလွင့်များ အမြောက်အများရှိနေဆဲဖြစ်ပြီး ခွေးရူးရောဂါအဖြစ်များသော နိုင်ငံစာရင်းတွင်လည်း ပါဝင်နေရာ ယင်းပြသနာရပ်အား ကာကွယ်ရန်၊ လျှော့ချရန်နှင့် ကင်းစင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများ၏ တာဝန်ရှိသူများနှင့်အတူ ပြည်သူလူထုကလည်း ပူးပေါင်းဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို လုပ်ဆောင်ရန်လိုအပ်ပါကြောင်း အောက်တိုဘာလ 1 ရက်နေ့က မြန်မာနို်င်ငံဆရာဝန်အသင်းခန်းမဆောင်တွင်ပြုလုပ်သော ခွေးရူးပြန်ရောဂါအကြောင်း အသိပညာပေးအခမ်းအနားမှ သိရသည်။
'' မြန်မာနိုင်ငံက ခွေးရူးရောဂါကင်းစင်တဲ့ နိုင်ငံမဟုတ်သေးပါဘူး။ ကမ္ဘာ့တိရစာၦန်ကျန်းမာရေးအဖွဲ့မွေးမြူရေးနှင့်ကုသရေးဝန်ကြီးဌာနက ခွေးရူးရောဂါကင်းစင်ဖို့အတွက် ကြိုးစားအားထုတ်နေဆဲဖြစ်ပါတယ်။ ခွေးရူးရောဂါက ဘယ်လိုဖြစ်ပွားသလဲဆိုတာ ပြည်သူလူထုသိသင့်တဲ့ အချက်လေးတွေရှိပါတယ်။
ခွေးရူးပြန်ရောဂါက virus ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပြီး သွေးနွေးသတ္တဝါတိုင်းကို ကူးစက်နိုင်ပါတယ်။ ခွေးမှာအများဆုံးဖြစ်ပြီး အိမ်မွေးတိရစာၦန်တွေမှာလည်း ဖြစ်ပွားပါတယ်။ ခွေးရူးရောဂါဖြစ်ပွားနေတဲ့ တိရစာၦန်ကနေ ရောဂါမဖြစ်တဲ့ တိရစာၦန်ကို ကိုက်မိရင်ကိုက်မိတဲ့ တိရစာၦန်မှာ ရောဂါလက္ခဏာပြတာက အနည်းဆုံး 7 ရက်ကနေ 6 လအထိ ကြာမြင့်နိုင်တယ်လို့ ကမ္ဘာ့တိရစာၦန်ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ခွေးရူးပြန်တဲ့ ရောဂါလက္ခဏာက တစ်ပတ်၊ ဆယ်ရက်အတွင်းပြတာပဲမဟုတ်ဘူး။ 6 လ လောက်အထိနဲ့ တစ်ခါတစ်ရံမှာ ဒီထက်မကကြာမြင့်ပြီးမှလည်း ရောဂါလက္ခဏာပြတတ်တယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။ မွေးမြူရေးနဲ့ကုသရေးဌာနကလုပ်နေတဲ့ ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေး Camping အရ ကာကွယ်ဆေးထိုးခြင်းက 100 မှာ 80 လောက်က rabies virus မဖြစ်ဖို့အတွက် cover ဖြစ်ပါတယ်။ ခွေးကို အဓိကထားကာကွယ်ဆေးထိုးပေးတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါပိုးရှိတဲh ခွေးကိုက်မိရင်၊ ခြစ်မိရင် အန္တရာယ်ရှိပါတယ်။ ကမ္ဘာ့တိရစာၦန်ကျန်းမာရေးအဖွဲ့က ကျွွန်တော်တို့ကို ကာကွယ်ဆေး 2 သိန်းကို ရှေ့ပြေးစီမံကိန်းအနေနဲ့ပေးထားပြီး အခုစီမံချက်ကာလအနေနဲ့ ရေဦးမြို့နယ်မှာ ကာကွယ်ဆေးထိုးစီမံချက်ဆောင်ရွက်နေပါတယ်။ လက်ရှိအချိန်အထိ ဆေးထိုးပြီးတဲ့ ခွေးကောင်ရေ 4 သောင်းဝန်းကျင်ရှိတယ်။ တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနိုင်ဖို့ကျန်းမာရေးဌာနကနေပြီးတော့ ကြိုတင်ပြင်ဆင်မှုများ လုပ်ခဲ့ပြီး လူ 25 ယောက်နဲ့ အချိန် 2လ ကြာလုပ်ဆောင်ခဲ့တဲ့နေရာမှာ မနက်မိုးလင်းကနေ ညနေစောင်းအထိ ခွေးတွေလိုက်ဖမ်းပြီးလုပ်ရတဲ့အခါ ကြာလာတော့ခွေးဖမ်းတဲ့ အလုပ်မလုပ်ချင်ကြတော့ဘူး။ ဒါကြောင့် သက်ဆိုင်ရာဒေသခံပြည်သူလူထုအနေနဲ့ လေလွင့်ခွေးတွေကို ကာကွယ်ဆေးထိုးနိုင်ဖို့ အားလုံးပူးပေါင်းပါဝင်ကူညီဖို့လိုအပ်ပါတယ်။ ခွေးကိုက်ခံရရင်လည်း နီးစပ်ရာဆရာဝန်နှင့်တိုင်ပင်ပြသဖို့လိုအပ်ပါတယ်။ ဒီနေ့က10 ကြိမ်မြောက် World Rabies Dayဖြစ်ပြီး ယခုနှစ်ရဲ့ အသိပညာပေးဆောင်ပုဒ်အရ ခွေးရူးရောဂါကာကွယ်ဖို့ကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်လို့ ပညာပေးပြောကြားခြင်းဖြစ်ပါတယ်''ဟု နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်နိုင်ဦးကပြောသည်။
ခွေးရူးရောဂါကာကွယ်ရေးအတွက် ခွေးရူးပြန်ရောဂါ နိုင်ငံတွင်းဖြစ်ပွားမှုစာရင်းကို အတိအကျသိရန် လိုအပ်သလို ခွေးကိုက်ခံရခြင်းနှင့် ခွေးရူးရောဂါဖြစ်ပွားခြင်းကို သက်ဆိုင်ရာသို့စာရင်းပေးပို့ခြင်းဖြင့် ကူညီနိုင်ပြီး ခွေးအရေအတွက်ကိုလည်း သိရှိရန်လိုအပ်သည့်အပြင် လေလွင့်ခွေးများကို ထိန်းချုပ်ရန် မျိုးပွားမှုကို ဟန့်တားသည့်နည်းအပြင် ကာကွယ်ဆေးထိုးခြင်းကို ဒေသအလိုက်ဆောင်ရွက်ရန် လိုအပ်သည်။ ခွေများ၊ ကြောင်များကို အသက် 3 လမှ စတင်၍ ကာကွယ်ဆေးထိုးနိုင်ပါသည်။
''ခွေးရူးရောဂါကဖြစ်ရင် 100 ရာခိုင်နှုန်း သေဆုံးပါတယ်။ ပြန်ရှင်တယ်ဆိုတာ ဒီနေ့ဒီအချိန်ထိ မရှိပါဘူး။ ဒီ့အပြင် ဝေဒနာခံစားမှုကလည်း အပြင်းထန်ဆုံးပါ။ အရင်ကဆို ခွေးကိုက်ရင် ကာကွယ်ဆေးက ချက်မှာထိုးရတယ်။ ဆေးထိုးတဲ့ အရေအတွက်က များသလို နာလည်းနာပါတယ်။ အခုနောက်ပိုင်းမှာတော့ ကာကွယ်ဆေးထိုးရတာ မများတော့သလို ဆေးကလည်း တော်တော်လေး ကောင်းလာပါပြီ။ ခွေးရူးပြန်ရောဂါကို ပြည်သူလူထုက တော်တော်လေးသိဖို့လိုပါတယ်။ ဒီရောဂါကြောင့်သေဆုံးတာ အခုထိဖြစ်နေသေးပြီး သူကကြောင်ကိုက်၊ လင်းနို့ကိုက်ရင်လည်း ဖြစ်နိုင်ပါတယ်။ ရောဂါအကြောင်း သေချာသိရင် တစ်ဆင့်စကားတစ်ဆင့်နဲ့ ပညာပေးရင် ဖြစ်လာရင်ဘာလုပ်ရမလဲသိနိုင်တယ်။ ပြဿနာကတော့ မသေးပါဘူး။ ရပ်ကွက်တွေတိုင်းမှာလည်း ခွေးလေခွေးလွင့်တွေ အများကြီးရှိနေပါတယ်'' ဟု မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဌ ဒေါက်တာဦးရဲမြက ပြောသည်။
ခွေးရူးပြန်ရောဂါအတွက် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ကာကွယ်ဆေးထိုးနည်းဖြစ်သည့် အသားဆေး၊ အရေပြားရှပ်ထိုးနည်းများဖြင့် ထိုးနှံနိုင်သည်။ 2030 ပြည့်နှစ်တွင် ခွေးရူးရောဂါကင်းစင်ရေးအတွက် လူနှင့်ခွေးတစ်ပြိုင်တည်း ကာကွယ်ဆေးထိုးခြင်း၊ ကုသခြင်းလမ်းစဉ်များဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းစဉ်အောင်မြင်အောင် လုပ်ဆောင်ရန် မျှော်မှန်းကြောင်းများကို ဆေးပညာဌာန၊ ဆေးတက္ကသိုလ်(2)ရန်ကုန်မှ ဒေါက်တာနန်းဖြူဖြူအောင် ကပြောသည်။
ခွေးရူးရောဂါကို အပြင်းစားနှင့် အပျော့စား ဟူ၍ 2 မျိုးခွဲခြားနိုင်သည်။ အပြင်းစားခွေးရူးရောဂါခံစားနေရသော ခွေးသည် သွားရေများကျပြီး တွေ့ကရာလိုက်ကိုက်တတ်ကာ ဂဏှာမငြိမ်ဘဲ လမ်းပေါ်လျှောက်ပြေးနေသည့် သိသိသာသာမြင်တွေ့နိုင်သော အနေအထားဖြစ်ပြီး အပျော့စားခွေးရူးရောဂါတွင် ခွေးသည် ပုံမှန်တည်ငြိမ်ပြီး နဂိုထက်မှိန်းနေခြင်းဖြစ်လာကာ ယင်း၏ကိုယ်တွင်း၌ Rabies virus ရှိနေခြင်းကို သာမာန်အားဖြင့် မသိနိုင်သော အခြေအနေဖြစ်သည်။ ထို့ကြောင့် ခွေးများပုံမှန်တက်ကြွ သွားလာနေရာမှ ပြောင်းလဲသွားလျှင် သတိထားရန်လိုအပ်ကြောင်းသိရသည်။
May Su Hlaing






























