မြန်မာနိုင်ငံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးနေ့အခမ်းအနားကျင်းပ
လုပ်ငန်းခွင်အတွင်းဘေးကင်းလုံခြုံစွာလုပ်ကိုင်နိုင်ရေးနှင့်ကျန်းမာရေးအသိပညာမြှင့်တင်ပေးရန် ရည်ရွယ်ချက် များဖြင့် ဧပြီလ 28 ရက်နေ့က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI မင်္ဂလာခန်းမ၌ မြန်မာနိုင်ငံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနေ့အခမ်းအနားကို အလုပ်သမားရေးရာနှင့်ပတ်သက်သောအဖွဲ့အစည်းများက ပူးပေါင်းကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားရေးရာ၀န်ကြီးဦးဇော်အေးမောင်၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦး၀င်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ၀န်ကြီးဌာနမှ တာ၀န်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၊ ဆက်သွယ်ညှိုနှိုင်းရေးအရာရှိ Mr. Rory Mungoven၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံစက်မှုကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စက်ရုံအလုပ်ရုံများမှ ပိုင်ရှင်မန်နေဂျာနှင့် အလုပ်သမားကိုယ်စားလှယ်များ၊ စိတ်၀င်စားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာရခိုင်တိုင်းရင်းသားရေးရာနှင့်အလုပ်သမားရေးရာ၀န်ကြီးဦးဇော်အေးမောင်က ကမ္ဘာ့လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင်းပပြုလုပ်နိုင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဂုဏ်ယူ၀မ်းမြောက်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
“မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ကို စတင်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်သူများဖြစ်သည့် အလုပ်ရှင်နှင့် အလုပ်သမားများအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို အလေးထားဆောင်ရွက်နိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေမူကြမ်းကိုရေးဆွဲဖော်ထုတ်ခဲ့ပြီး အတည်ပြုပြဌာန်းနိုင်ရန်လွှတ်တော်သို့ပေးပို့ထားကြောင်း၊ အသိအမြင်မြှင့်တင်ပေးခြင်းဖြင့် ကောင်းမွန်သောရလဒ်များကိုရယူနိုင်မည်ဖြစ်ကြောင်း” အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦး၀င်းရှိန်က ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာအချက်အလက်များနှင့် လုပ်ဆောင်မှုများအား သက်ဆိုင်ရာတာ၀န်ရှိသူများက ဆက်လက်ဆွေးနွေးဟောပြောခဲ့ကြသည်။
May Su Hlaing