ကင်ဆာဝေဒနာရှင် ကလေးငယ်လေးများအတွက် ပထမဆုံးအခမဲ့ စာသင်ကျောင်း HEROES SCHOOL ရန်ကုန်ကလေးဆေးရုံတွင် ဖွင့်လှစ်
ကင်ဆာရောဂါဝေဒနာကို ခံစားနေရသည့် ကလေးငယ်လေးများအား စာသင်ကြားပေးနိုင်ရန် ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်ကလေးဆေးရုံ) တွင် HEROES SCHOOL (သူရဲကောင်းလေးတို့ စာသင်ကျောင်း) အမည်ရ စာသင်ကျောင်းကို ယနေ့သြဂုတ်လ 9 ရက်နေ့တွင် ဖဲကြိုးဖြတ်ကာ စတင်ဖွင့်လှစ် ခဲ့သည်။
HEROES SCHOOL သည် ရန်ကုန်ကလေးဆေးရုံ သွေးနှင့်ကင်ဆာဌာနတွင် ဆေးကုသမှု ခံယူနေသော ရောဂါဝေဒနာသည်များနှင့် မိသားစုများအတွက်ရည်ရွယ်ထားသော စာသင်ကျောင်း တစ်ခုဖြစ်ကာ သွေးနှင့်ကင်ဆာရောဂါဌာနရှိ အတွင်းလူနာများနှင့် မိသားစုဝင်များ တက်ရောက်သင်ယူနိုင် ကာ ဆေးရုံ၏ပထမထပ်နေ့ချင်းပြန် သွေးသွင်းဌာနတွင် HEROES SCHOOL ကို တွေ့မြင်နိုင်ပြီး အပတ်စဉ် တနင်္လာမှ သောကြာ (နေ့လည် 1 နာရီမှ 3 နာရီ) အတွင်း ကလေးငယ်များကို စာသင်ကြားပေး မည်ဖြစ်ကြောင်း သိရသည်။
“ပထမဆုံးတော့ ကလေးကင်ဆာကုသဌာနက 2002 ခုနှစ်မှာ ဒီကလေးဆေးရုံကြီး မှာ ဆေးကုသဆောင်အဖြစ် စတင်ခဲ့တယ်။ 2003 ခုနှစ် မှာ Hemato-Oncology Unit ဆိုပြီးစတယ်။ 2006 ခုနှစ်မှာ အခုကလေးဆေးရုံကြီးရဲ့ အရေးပေါ်ဆောင်မှာ Hemato-Oncology ကို ဖွင့်လှစ်ခဲ့ပြီး အဲ့ဒီ့နှစ်မှာပဲ ရင်သွေးဖောင်ဒေးရှင်း၊ Unicef နဲ့ Save the children တို့လိုအဖွဲ့အစည်းတွေပေါင်းပြီး ကလေးတွေကိုကစားပေးမယ့် ဆရာမ 3 ဦးကို ခန့်ထားပြီး ကစားပေးတာလေးတွေ လုပ်ပေးတယ်။” ဟု ရန်ကုန်ကလေးဆေးရုံကြီး ကင်ဆာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်အေးအေးခိုင် ကပြောသည်။
''ဒီမှာက ကျောင်းသင်ရိုးရော ကျောင်းပြင်ပသင်ရိုးရော နှစ်မျိုးစလုံးနဲ့သင်ပေးမှာပါ။ ကလေးတွေ အနေနဲ့က ကျောင်းတက်နေချိန် ရောဂါကြောင့်ဆေးရုံတက်လိုက်ရတဲ့အခါ လွတ်သွားတဲ့ကျောင်းစာတွေကို ဒီမှာဘာသာစုံပြန်သင်ပေးတယ်။ ကျောင်းမှာစာမေးပွဲပြန်ဖြေနိုင်အောင်။ သင်ရိုးညွှန်တမ်း အနေနဲ့က ကျောင်းတက်နေတဲ့ကလေးက အစိုးရက သင်ရိုးညွှန်းတမ်းနဲ့ဖြစ်ပြီး ကျောင်းမတတ်တော့တဲ့ ကလေးတွေလည်းရှိတော့ သူတို့ကိုကျောင်းပြင်ပသင်ရိုးညွှန်းတမ်းအနေနဲ့ ရေးဆွဲထားတာနဲ့ သင်ကြားပေးသွားပါမယ်။ ကလေးတွေရဲ့အသက်နဲ့ သင်ပုံသင်နည်းလေးတွေတော့ကွဲသွားမယ်။ အခုက ကလေးဗဟိုပြုနည်းလေးတွေနဲ့ ကျွန်မတို့သင်နေမယ်ပေါ့။ ဆရာဆရာမအနေနဲ့က အငြိမ်းစားကျောင်းဆရာမကြီးရယ်။ ပြင်ပပုဂ္ဂလိကကျောင်းကဆရာမတစ်ဦးရယ်နဲ့ Volunteer လုပ်မယ့်ဆရာဆရာမတွေလည်းရှိပြီး အခြားပုဂ္ဂလိကကျောင်းတစ်ခုက ဆရာ၊ ဆရာမတွေလည်း လာသင်ပေးဖို့ရှိပါတယ်။ ကလေးအသက်အရွယ် 6 နှစ်ကနေ အကြီးဆုံး ကလေးအသက် 12 နှစ်လောက်အထိ သင်ကြားမှာဖြစ်ပြီး စာမေးပွဲဖြေမယ့်အစိုးရသင်ရိုးညွှန်းတမ်းနဲ့ သင်မယ့်ကလေးတွေ အတန်းအနေနဲ့ သူငယ်တန်းကနေ အများဆုံး 7 တန်းလောက်အထိ သင်ဖြစ်မှာပါ။ အတန်းတစ်တန်းအနေနဲ့က တစ်ခါတက်ရင် 15 ယောက်ဆံ့တယ်။ seminar ဆိုရင်တော့ အယောက် 30 လောက်ဆံ့ပါတယ်။ ဘာသာရပ်အနေနဲ့က 6 ဘာသာပါပြီး အင်္ဂလိပ်၊ မြန်မာနဲ့ သချၤာ ကို အဓိကသင်ကြားပေးသွားမှာပါ။ Heroes School အနေနဲ့ စပြီးသင်နေတဲ့ pilot project က မေလကစတာပါ။ Opening Ceremony ကတော့ ဒီနေ့ဖွင့်တာပါ'' ဟု HEROES SCHOOL မှ ပညာရေးအတိုင်ပင်ခံ မနော်မီချီ ကပြောသည်။
May Su Hlaing






























