/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့-2016

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ 2016

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        ဆေးလိပ်၊ဆေးရွက်ကြီးနှင့်ပတ်သက်သည့် အန္တရာယ်ဖြစ်စေမှုတွေကို မီးမောင်း ထိုးပြနိုင်ရန်၊ ဆေးလိပ်သောက်သုံးမှုလျှော့ချနိုင်ရန် ရည်ရွယ်ပြီး နှစ်စဉ်နှစ်တိုင်း မေလ(31)ရက်နေ့ကို ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO)နှင့် အဖွဲ့၀င်များရဲ့ ဆုံးဖြတ်ချက်အရ သတ်မှတ်ထားပါတယ်။

          သြစတြေးလျနိုင်ငံမှာ 2012 ခုနှစ်ကစပြီး ဆေးလိပ်ထုပ်ပိုးသော စက္ကူဗူးခွံပေါ်တွင် ဆေးလိပ်သောက် ချင်စိတ်ကို ပိုတိုးစေနိုင်မည့်ဆွဲဆောင်မှုဖြစ်စေသော ဆေးလိပ်ကုမ္ပဏီရဲ့အမှတ်တံဆိပ် (Logo)ကို အသုံးပြုခြင်း၊ စွဲမက်ဖွယ်ရာအရောင်များကိုသုံးပြီး ဗူးခွံကို ပိုမိုပေါ်လွင်ထင်ရှားအောင်လုပ်ခြင်း၊ ရောင်းအားမြင့် တက်စေရန်အတွက် ဗူးခွံထဲတွင်ပါသောပစ္စည်းကို ညွှန်းထားသောစာသားများပါရှိခြင်း အစရှိသည်တို့ကို မပါရှိစေရဘဲ စက္ကူဗူးအညိုဗလာသက်သက်ပေါ်တွင် ကုန်ပစ္စည်းရဲ့နာမည်ကိုသာ စာလုံးအသေးဖြင့် ဖော်ပြရန်နှင့် ဆေးလိပ်ကြောင့် ဖြစ်စေသော ဆိုးကျိုးများကို ပုံများဖြင့်ပါ ဖော်ပြရန် သတ်မှတ် ပြဌာန်းခဲ့ပါတယ်။ ရိုးစင်းသော ဆေးလိပ်ဗူး  အသွင်အပြင်ကြောင့် အမြင်အာရုံဖမ်းစားမှု ကို လျော့နည်းစေပြီး ဆေးလိပ်သောက်လိုစိတ်ပြင်းပြမှုကို လျော့ပါးသွားစေဖို့အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြဌာန်းထားခြင်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ နိုင်ငံအ၀ှမ်းမှာပါ ဒီပုံစံအတိုင်း လုပ်ဆောင်ကြဖို့ WHO က တိုက်တွန်းထားပါတယ်။

          ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးနှင့်နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အဆုတ်ကင်ဆာ အပါအ၀င် အဆုတ်ရောဂါအမျိုးမျိုး၊ မျိုးအောင်နိုင်ခြေကျဆင်းခြင်း၊ ဆေးလိပ်သောက်သူမိဘများမှ ပေါင်မပြည့်သော ကလေးများမွေးတတ်ခြင်း (တချို့ကလေးများတွင် ပန်းနာရင်ကြပ်ရောဂါ/ အဆုတ်၏ လုပ်ငန်းဆောင်တာ မကောင်းခြင်းများ မွေးရာပါ ဖြစ်လာတတ်ခြင်း)၊ အစာရေမြိုပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပါးစပ်ကင်ဆာနှင့် အစာအိမ်ကင်ဆာ၊ မိမိကိုယ်တိုင်သာမက ပတ်၀န်းကျင်မှ လူများ၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ခြင်းစတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင် ဖြစ်ပါတယ်။

 

CMS

www.drmyanmar.com