/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/ကမ်ဘာ့သားဆက်ခြားနေ့-အထိမ်းအမှတ်ဟောပြောပွဲကျင်းပပြုလုပ်

ကမ်ဘာ့သားဆက်ခြားနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပပြုလုပ်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

         မြန်မာနိုင်ငံဆရာ၀န်အသင်း မျိုးဆက်ပွားကျန်းမာရေးစီမံချက်နှင့် ကမ္ဘာ့လူဦးရေရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းကျင်းပမည့် ကမ်ဘာ့သားဆက်ခြားနေ့ ဟောပြောပွဲအခမ်းအနားကို စက်တင်ဘာလ 23 ရက်နေ့တွင် မြန်မာနိုင်ငံဆရာ၀န်အသင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

         ကမ္ဘာ့သားဆက်ခြားနေ့ဟောပြောပွဲ၌ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာအေးအောင်မှ ''သားဆက်ခြားခြင်းအကြောင်းကို အသိပညာပေးဟောပြောပေးခဲ့ကာ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်မှလည်း'' သင့်လျှော်သော သားဆက်ခြားနည်းလမ်းများကို ရွေးချယ်နိုင်ရန် တိုင်ပင်ဆွေးနွေးခြင်း'' အကြောင်းပြောကြားပေးခဲ့သည်။

         မြန်မာနိုင်ငံဆရာဝန်အသင်း မျိုးဆက်ပွားကျန်းမာရေးစီမံချက်၏ ညှိနှိုင်းရေးမှူးဒေါက်တာမြင့်ဇော်က ''ဒီနေ့ပြုလုပ်တဲ့ ကမ်ဘာ့သားဆက်ခြားနေ့အခမ်းအနားက တစ်နှစ်တစ်ခါပုံမှန်ပြုလုပ်နေကြပါ။ အဓိကတော့ ကျန်းမာရေးဝန်ထမ်းတွေထက်စာရင် လူထုအခြေပြုစေတနာ့ဝန်ထမ်းတွေကိုသိစေချင်တာပါ။ သူတို့ကနေ နီးစပ်ရာပတ်ဝန်းကျင်တွေမှာ ဆင့်ပွားသင်တန်းလေးတွေ ပြောပြပေးနိုင်တယ်။ နောက်ထပ်ပတ်ဝန်းကျင်နဲ့ သူငယ်ချင်းတွေကို ဘယ်လိုသားဆက်ခြားနည်းလမ်းတွေက ဘာနည်းတွေရှိတယ်။ သူတို့ရဲ့ရွေးချယ်ဖို့ နည်းလမ်းတွေက ဘာတွေရှိမယ်။ ဘေးထွက်ဆိုကျိုးတွေ ဘယ်လိုရှိတယ်။ ဘယ်အချိန်တွေဆို ဒီဆေးကိုမသုံးရဘူး။ ဘယ်ဆေးသုံးသင့်တယ်ဆိုတာ အနည်းနဲ့အများသိသွားတာပေါ့။ ဒီလိုသိသွားလို့ရှိရင် သူတို့က ဆင့်ပွားသင်တန်းလေးတွေကိုရပ်ကွက်တွေထဲမှာ ပြန်ပြီးအသိပညာတွေပေးသွားနိုင်ပါတယ်။'' ဟု ပြောကြားခဲ့သည်။

          သားဆက်ခြားနည်းလမ်းများတွင် ဟော်မုန်းပါဝင်သည့်ဆေးများနှင့် မပါသောဆေးများအကြောင်း အပါအဝင် သောက်ဆေးဖြင့် သနေ္ဓတားခြင်း၊ ထိုးဆေးနှင့်ကိုယ်ခန္ဓာအတွင်းပစ္စည်းထည့်ခြင်း စသော သားဆက်ခြားနည်းလမ်းများအကြောင်းကို ဒေါက်တာအေးအောင် က အလေးပေးပြောကြားခဲ့သည်။

         ''ဒီနေ့ကမ်ဘာမှာသားဆက်ခြားနေ့ဆိုတဲ့အထိမ်းအမှတ်နဲ့ ဟောပြောပွဲတွေလုပ်တယ်။ ပြီးရင် ဒီကရလာတဲ့အသိပညာတွေကို လက်ဆင့်ကမ်းပေးလို့ ရနိုင်ပါတယ်။ အဲ့ဒါကြောင့်မို့ သားဆက်ခြားနည်းလမ်းတွေကို စနစ်တကျသုံးဖို့ဆိုတာ အချစ်နဲ့မကင်းတဲ့လူတိုင်းအတွက် အင်မတန်ကို အရေးပါပါတယ်။ နည်းလမ်းတွေကိုရွေးချယ်တဲ့အခါမှာလည်း နည်းလမ်းတစ်ခုချင်းတစ်ခုချင်းရဲ့ အဆိုးအကောင်းအကြောင်းအကျိုး အဲ့ဒါတွေအကုန်လုံးကိုသိအောင်လုပ်ပြီးရင်တော့ ရွေးဖို့ပိုလွယ်သွားတယ်။ ကိုယ်ဘာနဲ့သင့်တော်မလဲဆိုတာ အကောင်းဆုံးရွေးချယ်ပေးလိုက်ရင် ok သွားမယ်။ အကောင်းဆုံးဆိုတဲ့နေရာမှာလည်း မိမိဘာနဲ့သင့်တော်မလဲဆိုတာ မိမိတို့က တကယ်ကြိုက်ပြီးရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်။ ဒီနေ့ကမ်ဘာ့သားဆက်ခြားနေ့အထိမ်းအမှတ်မှာ ကျွန်တော်တို့တွေက ဒီနေရာမှာအချစ်နဲ့မကင်းတဲ့လူသားတိုင်း မသိမဖြစ်အရေးကြီးတဲ့ သားဆက်ခြားနည်းတွေကို ကျွန်တော်တို့ပြောကြတယ်။ ဘာကိုရည်ရွယ်လဲဆိုတော့ လူသားလေးတွေ ပေါက်ဖွားတယ်။ အဲ့ဒီ့လူသားလေးတိုင်းကို ပန်းလေးတစ်ပွင့်စီလို့ သဘောထားမယ်ဆိုရင် ပွင့်တဲ့ပန်းတိုင်းလှပဖို့ အရေးပါလှတဲ့ ထိရောက်တဲ့သားဆက်ခြားနည်းတွေကို သုံးကြစို့'' လို့ ဒေါက်တာစိုးလွင် က ဟောပြောပေးခဲ့သည်။ ထို့နောက် သားဆက်ခြားခြင်းဗဟုသုတဆိုင်ရာ ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်းနှင့် ဆုချီးမြှင့်ခြင်းအစီအစဉ်များကိုပါ ကျင်းပပေးခဲ့သည်။

 

May Su Hlaing

www.drmyanmar.com