/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/ကမ်ဘာ့အစာအိမ်-အူလမ်းကြောင်းနေ့အထိမ်းအမှတ်အဖြစ်

ကမ်ဘာ့အစာအိမ် အူလမ်းကြောင်းနေ့အထိမ်းအမှတ်အဖြစ် ပါမောက္ခဒေါက်တာဦးသိန်းမြင့်မှ ကျန်းမာရေးအသိပညာများကိုဟောပြောပေးခဲ့

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        2016 ခုနှစ်၊ မေလ 29 ရက်နေ့မှာ ကျရောက်တဲ့ ကမ်ဘာ့အစာအိမ်အူလမ်းကြာင်းနေ့ အထိမ်းအမှတ်အနေဖြင့် အစားအသောက်နှင့် အစာအိမ်အူလမ်းကြောင်းရောဂါအကြောင်း ကျန်းမာရေးဟောပြောပွဲကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI မင်္ဂလာခန်းမတွင် နံနက် (9) နာရီ မှ နေ့လည် (12) နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

        အဆိုပါဟောပြောပွဲကို World Gastroenterology Organization (#WGO) ကမ်ဘာ့အစာအိမ်အူလမ်းကြောင်းအဖွဲ့အစည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့်အူလမ်းကြောင်းဌာနနဲ့ Zifam Company တို့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့် အူလမ်းကြောင်းဌာနမှ ပါမောက္ခဒေါက်တာဦးသိန်းမြင့်မှ အစားအသောက်နှင့် အစာအိမ်အူလမ်းကြောင်းရောဂါ ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့သည်။

        ဦးစွာပထမ ပါမောက္ခဒေါက်တာဦးသိန်းမြင့်မှ အစာအိမ်ရောဂါပိုးနဲ့ပတ်သက်ပြီး ဆွေးနွေးသွားခဲ့သည်။ “အစာအိမ်ပိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (1000) လောက်ကတည်းက လူတွေရဲ့ ခန္ဓာကိုယ်မှာ ရှိခဲ့တာဖြစ်ပြီး အစာအိမ်ရောဂါပိုးဟာ လူရဲ့အစာအိမ်ထဲတွင်သာ အဓိကနေထိုင်နိုင်ကာ သိုး၊ ဆိတ်၊ ခွေး၊ ကြောင်နဲ့ ယင်ကောင်များတွင်ပါ တွေ့ရှိရပါတယ်။ ဒီပိုးကို ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO World Health Organization) က အသည်းရောင် ဘီပိုး၊ စီပိုး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့ကဲ့သို့ ကင်ဆာဖြစ်နိုင်တဲ့ အဆင့်အမှတ် (1) (Class – 1 Carcinogein) အဖြစ် သတ်မှတ်ထားတယ်။ ဒီပိုးက ဘယ်လိုကူးစက်နိုင်သလဲဆိုတော့ မသန့်ရှင်းသောရေ၊ မသန့်ရှင်းသောအစားအစာ၊ တံတွေး၊ လူရဲ့မစင်၊ တိရစၧာန်တွေကနေ ကူးစက်နိုင်ပြီး ၄င်းရောဂါပိုးဟာ အသက်အရွယ်ကြီးသူများ၊ ၀င်ငွေနည်းသော မိသားစုများ၊ တစ်အိမ်ထဲတွင် လူအများစုပေါင်းနေထိုင်သော မိသားစုများ၊ တစ်နေရာထဲမှာ လူအများပေါင်းအိပ််သော မိသားစုများမှာ အဖြစ်များတတ်ပါတယ်” ဟု ဆရာ၀န်ကြီးက ပြောကြားခဲ့ပြီး လက်ဖက်ရည်ကြမ်း (Green Tea)၊ ၀ိုင်အနီ (Red Wine) နှင့် လတ်ဆတ်တဲ့ ဒိန်ချဉ်တို့ကို စားသုံးပေးခြင်းဖြင့် အစာအိမ်ရောဂါပိုး ပြန့်ပွားခြင်းကို တားဆီးနိုင်ကြောင်း ရှင်းပြခဲ့သည်။

        အစာအိမ်ရောဂါပိုး ရှိ၊ မရှိကို အစာအိမ်မှန်ပြောင်းကြည့်ပြီး ပိုးမွေးခြင်း၊ အသားစစစ်ဆေးခြင်း၊ Urea Breath Test၊ Fecal Antigen Test၊ Urine Antigen Test၊ Saliva Antigen Test တို့ဖြင့် ရှာဖွေတွေ့ရှိနိုင်ပြီး အစာအိမ်ဆေး (1) မျိုး၊ ပိုးသတ်ဆေး (2) မျိုး စုစုပေါင်းဆေး (3) မျိုးကို (7) ရက်သောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်းနိုင်ကြောင်း သိရသည်။

        ထို့နောက် ဆရာကြီးမှ ၀မ်းချုပ်ခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ထပ်မံဆွေးနွေးခဲ့သည်။ “၀မ်းချုပ်ခြင်းဟာ အလူမီနီယံပါတဲ့ အစာအိမ်ဆေး၊ ကိုဒင်းပါတဲ့ အကိုက်အခဲပျောက်ဆေး၊ သံဓာတ်ပါတဲ့ဆေး၊ ၀ိတ်ကျရောဂါကုသဆေး (ဥပမာ - Tripta)၊ သွေးတိုးကျဆေး (ဥပမာ - Calcium Channel Blocker)၊ မူးယစ်ဆေးဝါး (Morphine) အစရှိတာတွေကို သုံးစွဲတာများလွန်းရင်ဖြစ်တတ်ပြီး ဆီးချိုရောဂါ၊ ကျောက်ကပ်အားနည်းရောဂါ၊ ပိုတက်ဆီယမ်ဓာတ်နည်းခြင်း၊ ကယ်လ်ဆီယမ်ဓာတ်များခြင်း၊ သိုင်းရွိုက်ဂလင်း အားနည်းရောဂါနှင့် ကိုယ်၀န်ရှိချိန်တွေမှာ လည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အစာစားသောက်မှုပုံစံ လွဲမှားခြင်း၊ အသီးအနှံ၊ အသီးအရွက်အမျှင်ဓာတ်များမစားခြင်း၊ ၀မ်းသွားအကျင့်မမှန်ခြင်း၊ အသက်ကြီးသူများ၊ ကာလကြာရှည်စွာအိပ်ရာထဲလဲနေသူများ၊ အချိန်ကြာမြင့်စွာကား၊ ရထားစီးသူများလည်း အဖြစ်များတတ်ပါတယ်။ အဲဒီလိုရောဂါတွေဖြစ်လာပြီဆိုရင် ၀မ်းသွားလမ်းကြောင်း စစ်ဆေးခြင်း (PR)၊ သွေးစစ်ဆေးခြင်း၊ ယူရီးယားနှင့် ဓာတ်ဆားများ စစ်ဆေးခြင်းများအပြင် အခြားစမ်းသပ်မှုများကိုပါ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း၊ စအို၀ အသားစယူ၍ စစ်ဆေးခြင်း၊ အူလမ်းကြောင်း ဖြတ်သန်းချိန် တိုင်းတာခြင်း၊ ပူဖောင်းဖြင့် လေသွင်းစစ်ဆေးခြင်း၊ အူလမ်းကြောင်း ကြွက်သားစစ်ဆေးခြင်းနဲ့ပါ စမ်းသပ်စစ်ဆေးနိုင်တယ်။" ဟု ရှင်းလင်းပြောကြားခဲ့သည်။

         ၀မ်းမချုပ်စေရန် ရေများများနှင့် လတ််ဆတ်သော သစ်သီးဖျော်ရည်များကို နေ့စဉ်သောက်ပေးသင့်ပြီး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းမှန်မှန်လုပ်ကာ ၀မ်းပုံမှန်သွားအောင် အလေ့အကျင့် ပြုလုပ်ပေးဖို့ လိုအပ်သည်။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်းနှင့် ၀မ်းချုပ်စေသော ဆေးဝါးများသောက်သုံးခြင်း ကို ရှောင်ကျဉ်သင့်ပြီး စိတ်ဖိစီးမှုမရှိအောင် ဂရုတစိုက်နေထိုင်သွားရန် လိုအပ်သည်။

        "၀မ်းချုပ်လို့ ၀မ်းနှုတ်ဆေးစားတာမျိုး မလုပ်သင့်ပါဘူး။ ၀မ်းနှုတ်ဆေးမစားပါက ပုံမှန်၀မ်းသွား၍ မရတာတွေဖြစ်တတ်ပြီး ပိုတက်ဆီယမ်ဓာတ် လျော့နည်းခြင်းကြောင့် ကြွက်တက်တယ်၊ ကြွက်သားအားနည်း တယ်၊ မောပန်းလွယ်တာ နဲ့ နှလုံးခုန်မမှန်ခြင်း၊ အူလမ်းကြောင်းကြွက်သားများ ညှစ်အားလျော့နည်း တာတွေဖြစ်တတ်ပါတယ်။ ကိုယ်၀န်ဆောင်တဲ့သူတွေလည်း နေ့စဉ်မသောက်သုံးသင့်ဘူး၊ သုံးစွဲတာများလာရင် အူမကြီးအမြှေးပါး အရောင်ပြောင်းကာ မူလအရောင်မှ အမည်းရောင် (သို့) အညိုရောင်သို့ပြောင်းသွားနိုင်ပါတယ်။ တချို့၀မ်းနှုတ်ဆေးတွေက ဆီးချိုရောဂါကိုတောင် ပိုဆိုးစေပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ၀မ်းနှုတ်ဆေးများမစားပါနှင့်” ဟု ပါမောက္ခဒေါက်တာဦးသိန်းမြင့်မှ ၀မ်းချုပ်ခြင်းနှင့်ပတ်သက်၍လည်း ရှင်းလင်းပြောကြားပေးခဲ့သည်။

 

Tint Myo Thwin

www.drmyanmar.com