/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/စတုတၳအကြိမ်မြောက်

စတုတၳအကြိမ်မြောက် ကမ်ဘာ့အသည်းရောင်ရောဂါအထိမ်းအမှတ်နေ့ကျင်းပ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ 28 ရက်နေ့၌ ကမ်ဘာတစ်လွှားနေရာအနှံ့အပြားတွင် အသည်းရောင်ရောဂါနေ့များကို ကျင်းပလျှက်ရှိကြရာ မြန်မာနိုင်ငံအနေဖြင့်လည်း အသည်းဖောင်ဒေးရှင်း၏ ဦးဆောင်ကျင်းပမှုဖြင့် စတုတၳအကြိမ်မြောက် ကမ်ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းမှတ်ပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ သူနာပြုတက္ကသိုလ်ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

        ယင်းအထိမ်းမှတ်ပွဲကိုကျင်းပရခြင်းမှာ ယခင်ကခုခံအားကျဆင်းမှုရောဂါ၊ တီဘီရောဂါ၊ ဌက်ဖျားရောဂါ စသည့်ရောဂါများကိုသာ ကာကွယ်ရန်၊ ကုသရန် စသောလုပ်ငန်းတွေမှာ နိုင်ငံတကာရှိခေါင်းဆောင်များမှ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးဆိုင်ရာပုဂ္ဂိုလ်များက အာရုံစိုက်၍ရန်ပုံငွေရှာဖွေထည့်၀င်ကြကာ ကာကွယ်ရေး၊ နှိမ်နင်းရေး လုပ်ခဲ့ကြသည်။ ထိုအချိန်များ၌ပင် အသည်းရောင်ရောဂါသည် တစိမ့်စိမ့်၀င်လာပြီးလူသားများ၏ အသက်အန္တရာယ်ကိုခြိမ်းခြောက်လာရာ အသည်းရောင်ရောဂါသည် အမျိုးအစားအားဖြင့် A, B, C, D, E စသည်ဖြင့်ရှိပြီး အဆိုးရွားဆုံးမှာ B နှင့် C ဖြစ်၍ ကူးစက်မှုများယုံသာမက နောက်ဆက်တွဲဖြစ်ရပ်များပေါ်လာပြီး လူထုကိုဒုက္ခပေးလျှက်ရှိနေခြင်းကြောင်း ယင်းရောဂါအတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များမှအာရုံစိုက်ပြီး ကာကွယ်မှု၊ ကုသမှုများဆောင်ရွက်နိုင်အောင် ယခုကဲ့သို့အခမ်းအနားအား ကျယ်ကျယ်ပြန့်ပြန့်ကျင်းပရခြင်းဖြစ်သည်ဟု အသည်းဖောင်ဒေးရှင်းမှသိရသည်။

        ယခု 2016 ခုနှစ် ကမ်ဘာ့အသည်းရောင်ရောဂါနေ့ (World hepatitis day) ၏ ဆောင်ပုဒ်မှာ “Elimination” “အသည်းရောင်ရောဂါပပျောက်ရေး” ဖြစ်ပါသည်။ အသည်းရောင်ရောဂါနေ့အခမ်းအနားကို အသည်းဖောင်ဒေးရှင်း၏ ဂုဏ်ပြုတေးသီးချင်းဖြင့်စတင်ဖွင့်လှစ်ပြီး ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဦးမြင့်ကြူ ၏သ၀ဏ်လွှာကို ဆေးသုတေသန ရန်ကုန်မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့် မှ ဖတ်ကြားပေးကာ အသည်းဖောင်ဒေးရှင်း (မြန်မာ) မှ အမှုဆောင်အဖွဲ့ဥက္ကဌ ဒေါက်တာဦးတင်ညွှန့် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ကမ်ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်မှ အမှာစကားပြောခြင်း၊ World Hepatitis Alliance President Mr.Charles Gore ၏ သ၀ဏ်လွှာကို အသည်းဖောင်ဒေးရှင်းဦးဆောင်အဖွဲ့ဥက္ကဌ ဒေါက်တာဒေါ်ခင်ပြုံးကြည် မှ ဖတ်ကြားခြင်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးဥက္ကဌ ဦးလူမင်း မှ စီစဉ်တင်ဆက်သော “အသည်းရောင်ရောဂါပပျောက်ရေး" သရုပ်ဖော်ခြင်းကို အနုပညာရှင်များမှ တင်ဆက်ခြင်း၊ အသည်းဖောင်ဒေးရှင်းသို့ အလှူငွေများလှူဒါန်းခြင်းနှင့် ဂုဏ်ပြုလွှာများပြန်လည်ပေးအပ်ခြင်းတို့အား ဆောင်ရွက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

        “ကမ်ဘာ့အသည်းရောင်နေ့အထိမ်းအမှတ်ကို 2011 ခုနှစ်မှစပြီး ကမ်ဘာ့အသည်းရောင်မဟာမိတ်အသင်းကြီး၏ တိုက်တွန်းချက်အရ ကမ်ဘာ့ကျန်းမာရေးအဖွဲ့မှ စတင်အသိအမှတ်ပြုကျင်းပခဲ့ကြောင်းသိရှိရပါတယ်။ ကမ်ဘာတ၀ှမ်းနိုင်ငံပေါင်း 100 ကျော်မှာ ကမ်ဘာ့အသည်းရောင်ရောဂါနေ့အထိမ်းအမှတ်ကို ကျင်းပလျှက်ရှိရာ အသည်းဖောင်းဒေးရှင်း (မြန်မာနိုင်ငံ) မှလည်း 2013 ခုနှစ်မှစ၍ အစဉ်တစိုက်ကျင်းပခဲ့ပါတယ်။ အသည်းရောင်ရောဂါအကြောင်းကိုသိဖို့၊ ကာကွယ်ဖို့၊ ကုသဖို့ လူတိုင်းမှာတာ၀န်ရှိပါတယ်ဆိုတဲ့အတိုင်း ကျွန်တော်တို့က အသည်းရောဂါနဲ့ပတ်သက််၍ ဗဟုသုတသတင်းအချက်အလက်များ သိဖို့လိုပါတယ်။ အသည်းရောင်ရောဂါဟာ ကမ်ဘာ့အနှံအပြားတွင်ဖြစ်ပွားလျှက်ရှိပြီး ကမ်ဘာ့လူဦးရေ၏ သန်း 500 ခန့်မှာ ရောဂါကူးစက်ခံနေရပြီး တစ်နှစ်လျှင် လူဦးရေ 1.4 သန်းခန့် သေဆုံးနေရကြောင်း သိရှိရပါတယ်။ ဆေးရုံလူနာ မှတ်တမ်းနှင့် သုတေသနလုပ်ငန်းများ၏တွေ့ရှိချက်အရ မြန်မာနိုင်ငံတွင်လည်း အသည်းရောင် B ပိုးနှင့်  C ပိုး ဖြစ်ပွားမှုနှုန်းများပြားလျှက်ရှိပါတယ်။ အသည်းရောင်အသားဝါ A နှင့် E ပိုးများလည်း လူများတွင်မကြာခဏဖြစ်ပွားလျှက်ရှိကြောင်း သိရပါတယ်။ အသည်းဖောင်ဒေးရှင်းမှ အသည်းရောဂါများဖြစ်ပွားမှုကျဆင်းရေး၊ အသည်းရောဂါကြောင့် သေဆုံးနှုန်းများပြည်သူလူထုအတွင်း ကျဆင်းရန်ကြိုပမ်းဆောင်ရွက်လျှက်ရာ မြန်မာနိုင်ငံအနှံ့အပြားတွင် ကျန်းမာရေး အသိပညာပေးခြင်းနှင့် အသည်းရောင်ရောဂါ B ပိုး ရှိ/မရှိကို ပြည်သူလူထုအတွင်းစစ်ဆေးခဲ့ပြီး B ပိုး ကာကွယ်ဆေး အလုံးရေ (2) သန်း၀န်ကျင် အသုံးပြုခဲ့ပြီဟု သိရှိရ၍ အသည်းဖောင်ဒေးရှင်း၏ စွမ်းဆောင်မှုကို အသိအမှတ်ပြုပါတယ်” ဟု ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဦးမြင့်ကြူ ၏ မိန့်ခွန်းသ၀ဏ်လွှာ ကို ဆေသုတေသနရန်ကုန်မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ဇင်သန့် ကဖတ်ကြားခဲ့သည်။

 

May Su Hlaing

www.drmyanmar.com