တတိယအကြိမ်မြောက် အနဂ္ဂရောင်စဉ်မြန်မာနိုင်ငံမသန်စွမ်းသူများအနုပညာပွဲတော်ကျင်းပမည်
မသန်ပေမယ့် စွမ်းသူများ၏ အံသြဖွယ်စွမ်းဆောင်မှုနှင့် အနုပညာစွမ်းရည်များ ဖော်ထုတ်ပြသမည့် “တတိယအကြိမ်မြောက် အနဂ္ဂရောင်စဉ်မြန်မာနိုင်ငံမသန်စွမ်းသူများအနုပညာပွဲတော်” ကို 2016 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်နေ့ ညနေ 5 နာရီမှ ည 11 နာရီအထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC) ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“တူယှဉ်နွဲပျော်၊မသန်စွမ်းအနုပညာပွဲတော်”ဆောင်ပုဒ်နှင့်အတူမြန်မာနိုင်ငံတစ်၀ှမ်းတွင်ရှိနေသည့် မသန်စွမ်းအနုပညာရှင်များ၏အနုပညာစွမ်းရည်ကို အများပြည်သူသို့ဖော်ထုတ်တင်ပြရန်၊ အနုပညလမ်းကြောင်း မှတဆင့် ၎င်းတို့အတွက်အနာဂတ်အခွင့်အလမ်းများပေါ်ထွန်းလာစေရန်၊ မသန်သော်လည်းစွမ်းကြသည့် မသန်စွမ်းသူများ၏စွမ်းဆောင်ရည်နှင့် အခွင့်အရေးများ ကို မြန်မာ့လူအဖွဲ့အစည်းမှ ပိုမိုသိရှိနားလည် လက်ခံလာပြီး နိုင်ငံတော်၏ မူဝါဒချမှတ်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်း စီမံဖော်ဆောင်ပေးလာစေရန်ရည်ရွယ်ပြီး ပွဲတော်ကျင်းပရခြင်းဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။
မသန်စွမ်းအနုပညာရှင် 100 ဦးခန့်ပါ၀င်ဆင်နွဲကြမည့် ယင်းပွဲတော်ကြီးတွင် သံတမာန်အဖြစ် အဆိုတော်ဇော်၀င်းထွဋ်မှ မေတ္တာဖြင့် ပါ၀င်ကူညီမည်ဖြစ်ပြီး အနုပညာအသိုင်းအ၀န်းမှ နိုင်ငံကျော် အနုပညာရှင်အချို့လည်း ပါ၀င်ဖျော်ဖြေကြမည်ဖြစ်သည်။ ယခုပွဲတော်တွင် တမူထူးခြားသည့်တင်ဆက်မှုအဖြစ် ဗြိတိသျှကောင်စီ၏ပံ့ပိုးဖိတ်ခေါ်ပေးမှုဖြင့် ယူကေနိုင်ငံမှ ကမ္ဘာကျော်မသန်စွမ်း၀ှီချဲလ်အကအဖွဲ့ (MILI Wheelchair Dancers)နှင့်လည်း ပူးပေါင်းလေ့ကျင့်ပြီး ကပြဖျော်ဖြေသွားမည် ဖြစ်သည်။
ပွဲတော်လက်မှတ်တစ်စောင်လျှင် 2000 ကျပ်ဖြစ်ပြီး လက်မှတ်များကိုမရမ်းကုန်းမြို့နယ်၊ သာယာအေး 3 ရပ်ကွက်၊ အမှတ် 17/19၊ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (MILI) တွင် ၀ယ်ယူနိုင်ကြောင်း သိရသည်။
May Su Hlaing






























