တရုတ်နိုင်ငံမှလှူဒါန်းသည့် B ပိုးကာကွယ်ဆေး (6.7) သန်းကို ဝေးလံခက်ခဲသောနယ်ဒေသများနှင့် ကာကွယ်ဆေးမရသေးသည့်ကလေးများတွင်ထိုးနှံပေးမည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းသည့် အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေး (6.7) သန်းကို B ပိုးကာကွယ်ဆေးမရရှိခဲ့သော အသက် 10 လကျော် ကလေးများနှင့် ဝေးလံလှသောနယ်ဒေသများတွင် ဦးစားပေး၍ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အစီအမံများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောသည်။
မြန်မာနိုင်ငံသို့တရုတ်နိုင်ငံအစိုးရက B ပိုးကာကွယ်ဆေးများကို ပထမအကြိမ် အနေဖြင့် အောက်တိုဘာလ 25 ရက်နေ့က ဆေးအရေအတွက် 3.28 သန်းလှူဒါန်းခဲ့ပြီး ဒုတိယအကြိမ်အနေဖြင့် အောက်တိုဘာလ 31 ရက်နေ့တွင် ဆေးအရေအတွက် 3.48 သန်း၊ စုစုပေါင်း 6.7 သန်းလှူဒါန်းခဲ့ရာ ယင်းဆေးများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏စီမံချက် program များအရ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် သုံးစွဲဆောင်ရွက်သွားမည်ဟုသိရသည်။
“အရင်ကလည်း အစိုးရကစရိတ်ထုတ်ပြီး B ပိုးကာကွယ်ဆေးကို ကလေးငယ်တွေကို ထိုးပေးနေတာ ရှိခဲ့ပါတယ်။ အခုဆေးကတော့ 18 လ ကျော်တဲ့ ဆေးမထိုးလိုက်ရတဲ့ ကျန်ခဲ့တဲ့သူတွေကိုထိုးမှာပါ။ ဌာနအနေနဲ့ စီမံချက်ချဆောင်ရွက်မှာဖြစ်ပြီး program မှာပါတဲ့ သူ့ရဲ့ဖွဲ့စည်းပုံအတိုင်းလုပ်မယ်။ လုပ်တဲ့ဌာနကလည်း နယ်တွေကိုဦးစားပေးလုပ်မယ်။ ပြည်နယ်တွေဝေးလံခက်ခဲတဲ့နေရာတွေကို အဓိကထား လုပ်ဆောင်မှာဖြစ်ပါတယ်။ နယ်တွေမှာလုပ်တဲ့နေရာမှာ အခြေခံကျန်းမာရေးလုပ်သားတွေရဲ့ အကူညီအင်အား ကိုယူပြီး အားလုံးပေါင်းလုပ်ရမယ်။ အခြေခံ၀န်ထမ်းတွေကို အုပ်စုလိုက် လုပ်ငန်းခွင်သင်တန်းတွေပေးပြီး လုပ်ဆောင်ဖို့ရှိပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဆက်လက်ပြောကြားသည်။
“အခုတရုတ်ကလှူဒါန်းတဲ့ကာကွယ်ဆေးက WHO အရည်သွေးပြည့်မှီသောဆေး ဟုတ်/မဟုတ် စစ်ဆေးတဲ့အဖွဲ့ကနေစစ်ပြီး အရည်သွေးပြည့်မှီကြောင်းအသိအမှတ်ပြုထားသလို ကာကွယ်ဆေးရဲ့စိတ်ချရမှု၊ အစွမ်းသတ္တိရှိမှု၊ အစွမ်းထက်မှု ဒါတွေအားလုံးပြည့်စုံမှသာ ထုတ်ရတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ တရုတ်နိုင်ငံတစ်ခုလုံးမှာလည်း ကျယ်ပြန်စွာသုံးစွဲနေပါတယ်။ အသည်းရောင်အသာဝါ B ပိုးကာကွယ်ဆေး ကို မြန်မာနိုင်ငံကျန်းမာရေးဌာနအနေနဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ 2010 က ဂါဘီကနေ လှူဒါန်းတဲ့အတွက် မွေးပြီးစကလေးငယ်တွေကိုထိုးပေးခြင်းလုပ်ဆောင်ခဲ့ပြီး နောက်ပိုင်း ဂါဘီကနေ ဆေးထပ်မံမရလို့ဆက်မထိုးဖြစ်ခဲ့ဘူး။ 2012 ခုနှစ်မှာ အစိုးရကနေကိုယ်တိုင်စိုက်ထုတ်ဝယ်ယူပြီး ကလေးငယ်တွေကို ဆက်လက်ကာကွယ်ဆေးထိုးပေးနေခဲ့ပါတယ်။ ဒါကြောင့် ကြားထဲကကျန်တဲ့နှစ်မှာ ကာကွယ်ဆေးမထိုးလိုက်ရတဲ့ B ပိုးကာကွယ်ဆေးမရတဲ့ကလေးတွေမှာ အခုဆေးတွေကို သုံးစွဲဖို့ ရည်ရွယ်ထားပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခြင်း အားဖြင့် ဆေးရုံတွေကိုလာသူနည်းသွားမယ်။ ဆေးရုံမှာပြင်းထန်တဲ့ နာတာရှည်လူနာတွေနည်းသွားမယ် ဒါကြောင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းမှာ ပိုပြီးတော့အားဖြည့်ပြီးဆောင်ရွက်နေပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး ထိုးစီမံချက်စီမံကိန်းမန်နေဂျာ) ဒေါက်တာထားထားလင်း ကပြောသည်။
May Su Hlaing






























