ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး PCV အကြောင်း အင်တာဗျူး
ပြင်းထန်အဆုတ်ရောင်ရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါသည်် ဖြစ်ပွားပါက လည်း သေဆုံးမှုများအထိဖြစ်နိုင်ပါသည်။ ယင်းရောဂါသည် နုနယ်သောကလေးငယ်များတွင်ဖြစ်ပွားပါက လျှင်မြန်စွာရောဂါလက္ခဏာများကို ခံစားရခြင်းနှင့်အတူ အသက်အန္တရာယ်ကိုပါ ရှိစေနိုင်ပါသည်။
ထို့ကြောင့် ယခုနှစ် ဇူလိုင်လ 1 ရက် မှစတင်ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေး PCV ကို ထည့်သွင်းထိုးနှံသွားမည်ဖြစ်ပါသဖြင့် ယင်း PCV ကာကွယ်ဆေးထိုးလုပ်ငန်း၏ တာ၀န်ရှိသူဖြစ်သော ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း အား ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်နှင့်ပက်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး ။ ။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေအပြင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး ထည့်သွင်းထိုးနှံတာက ဘာကြောင့်ပါလဲရှင့်။ ပြင်းထန်အဆုတ်ရောင်ရောဂါက မြန်မာနိုင်ငံမှာဖြစ်ပွားနေပြီလားရှင့်။
ဖြေ ။ ။ ဟိုးအရင်ကတည်းက ပြင်းထန်အဆုတ်ရောင်ကြောင့် သေဆုံးမှုတွေ တောက်လျှောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီရောဂါအတွက် ကာကွယ်ဆေးမထိုးနိုင်ခဲ့ဘူး။ ခုကျမှကျွန်မတို့က ကာကွယ်ဆေးတွေကို ဒီရောဂါကာကွယ်ဖို့ အတွက် စပြီးအသုံးပြုလာကြတယ်။ အနောက်နိုင်ငံတွေမှာတော့ ဒီကာကွယ်ဆေးကိုသုံးစွဲပြီးသားဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့က ဒီဆေးကိုဒီနှစ်မှထည့်နိုင်တာပါ။
မေး ။ ။ ဒီကာကွယ်ဆေးထိုးလုပ်ငန်းတွေက ဇူလိုင်လ 1 ရက် နေ့မှာစမယ်လို့သိရပါတယ်။ စတင်တဲ့အခါမှာ ဘယ်လိုနေရာတွေမှာစတင်ပြီး ဘယ်သူတွေကို စတင်ထိုးနှံပေးမလဲ။ အသက်အရွယ် အပိုင်းအခြား ကန့်သတ်ခြင်း ရှိ/မရှိ သိပါရစေ။
ဖြေ ။ ။ Pneumococcal Vaccine (PCV) ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေးကို 1 နှစ်အောက်ကလေးများတွင် သုံးကြိမ်ထိုးပေးမှာပါ။ မြန်မာနိုင်ငံရဲ့ ပုံမှန်ကာကွယ်ဆေးထိုးအစီစဉ်မှာ 2 လ၊ 4 လ၊ 6 လ သုံးကြိမ်ထိုးပေးမယ်။ ကာကွယ်ဆေးထိုးတဲ့နေရာမှာ ဇူလိုင်လမှာ ပထမအကြိမ်ထိုးဖို့လာတဲ့ 2 လ အရွယ်ကလေးတွေကို ကာကွယ်ဆေးထိုးပေးပါ့မယ်။ နောက်တစ်ခုက ကလေးဟာ ကာကွယ်ဆေးကို အကြောင်းအမျိုးမျိုးကြောင့် မထိုးနှံလိုက်ရပဲ 3 လ ပြည့်သွားတယ် ပြီးတော့ခုစမယ့် ကာကွယ်ဆေးထိုးတဲ့ အချိန်မှာ ပထမဆုံးအကြိမ်ဆေးလာထိုးတာဖြစ်မယ်ဆိုရင် အဲ့ဒီ့ကလေးကို PCV ကာကွယ်ဆေးထိုးပေးပါမယ်။ အကြမ်းဖျင်းတော့ ပထမဆုံးအကြိမ် ကာကွယ်ဆေးလာထိုးတဲ့ ကလေးက ဒီ PCV ကိုရမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးဖို့ ဒုတိယအကြိမ်လာတဲ့ ကလေးနဲ့ တတိယအကြိမ်လာတဲ့ကလေးတွေကတော့ ဒီဆေးကိုမရနိုင်တော့ပါဘူး ဘာလို့လည်းဆိုတော့ ကျွန်မတို့ရဲ့ အစီစဉ်က ဇူလိုင်လမှ စမှာဖြစ်လို့ပါ။ ကာကွယ်ဆေးထိုးနှံမှုအတွက် မိဘတွေကို ဆက်သွယ်တဲ့အခါမှာလည်း နားလည်ပြီးတော့ အပြစ်မမြင်ဘဲ ဒီကလေးတွေက ပထမထိုးတဲ့ကလေးပဲ ရမယ်ဆိုတာသိစေချင်လို့ပါ။ မီဒီယာများမှလည်းဒါမျိုးကို information ကျယ်ကျယ်ပြန့်ပြန့်လေးပေးစေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကာကွယ်ဆေးတွေက 1 နှစ် စာကြိုတင် မှာယူထားပြီးဖြစ်ပါတယ်။ 1 နှစ်စာ ကလေးအတွက်ပဲ လုံလောက်ပါတယ်။ ဒီကာကွယ်ဆေးထိုး အစီအစဉ်က ဇူလိုင်လမှာ စဖြစ်သွားတော့ ပထမမွေးပြီးပြီးခြင်း ကတော့ ဆေးရုံတွေမှာပဲ ထိုးနိုင်ပါတယ်။
မေး ။ ။ ဆေးထိုးတဲ့အခါမှာရော ဆောင်ရန်ရှောင်ရန်အချက်တွေ ရှိပါသလား။ ဆေးတစ်ကြိမ်ထဲထိုး တာနဲ့ လုံလောက်မှုရှိသွားမှာလား (ဒါမှမဟုတ်) အကြိမ်အရေအတွက် ဘယ်လောက်ထိ ထိုးနိုင်ပါသလဲ။ ဆေးရဲ့ အကျိုးအာနိသင်အပိုင်းနဲ့ ဒီဆေးကမြန်မာပြည်မှာ ပထမဆုံးစထိုးမှာဆိုတော့ ကာကွယ်ဆေးနဲ့ ပက်သက်ပြီး save ဖြစ်မှု ရှိ/မရှိ အပိုင်းလေးသိချင်ပါတယ်ရှင့်။
ဖြေ ။ ။ PCV က အခြားကာကွယ်ဆေးတွေနဲ့အတူပေးရင် အန္တရာယ်ကင်းတဲ့ဆေးဖြစ်ပါ တယ်။ နောက်ဆက်တွဲဆိုးကျိုးကတော့ ငိုက်မြည်းတာတို့ ကာကွယ်ဆေးထိုးတဲ့နေရာမှာ နီတာ၊ နာတာ၊ ခဏဖျားတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနည်းငယ်နေမကောင်းဖြစ်ရင်လည်း ထိုးပေးစေချင်ပါတယ်။ ဘယ်အချက်ကပဲအရေးကြီးလည်းဆိုတော့ ကလေးက သူ့ဟာသူနေမကောင်းဖြစ်နေတယ်။ မသိသာဘူး အဲ့အချိန်မှာ ကာကွယ်ဆေးထိုးလိုက်တယ်။ ကလေးက သူ့ရဲမူရင်းဖြစ်နေတဲ့ ေ၀ဒနာပြင်းထန်လာတဲ့ အချိန်ကြရင် ကာကွယ်ဆေးထိုးလိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတဲ့အချိန်ကြတော့ မိဘတွေအနေနဲ့ ကာကွယ်ဆေးကြောင့်လို့ အမှတ်မမှားရအောင်လို့ ကျန်းမာရေး၀န်ထမ်းတွေကို ညွှန်ကြားထားတာက အဲ့လိုမျိုးရောဂါရှိတဲ့ ကလေးတွေကိုသိဖို့အတွက် သေချာစမ်းသပ်ပါ။ လိုအပ်လို့ရှိရင် ဆေးထိုးတာကို ယာယီရွှေ့ဆိုင်းပါလို့တော့ ညွှန်ကြားထားပါတယ်။ ဒါပေမယ့် သာမန်နေမကောင်းတဲ့ ကလေးတွေ မှာတော့ ဆေးကိုထိုးပေးနိုင်ပါတယ်။ လုံးလုံးမထိုးပေးတာတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါက အရင်တုန်းက ကာကွယ်ဆေးတွေထိုးတဲ့အခါမှာ ပြင်းပြင်းထန်ထန် ဓာတ်မတည့်တာ ဖြစ်ဖူးတယ်ဆိုရင်တော့ ကာကွယ်ဆေး မထိုးပေးပါဘူး။ အခြားအကြောင်းရင်းနဲ့ကျတော့ ခေတ္တယာယီရွှေ့ဆိုင်းတာပဲ လုပ်လို့ရပါတယ်။ သာမန်ကတော့ ထိုးပေးသင့်ပါတယ်။ ကလေးအသက်နုစဉ် မှာ ဆေးထိုးပေးထားခြင်းက ရောဂါပိုးဖြစ်စေနိုင်မှုကို ကာကွယ်ပေးနိုင်ပေမယ့် ဆေးကိုတစ်ကြိမ်ထဲထိုးရုံနဲ့ မကာကွယ်နိုင်ပါဘူး။ သုံးကြိမ်အပြည့်အ၀ထိုးပေးမှသာ ကာကွယ်နိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာဆို ဆေးတွေ ထိုးနေတာကြာပြီဖြစ်တဲ့အတွက်က ကျွန်မတို့မြန်မာနိုင်ငံအနေနဲ့က နောက်ကနေလိုက်ထိုးတာဖြစ်တဲ့အတွက် save ဖြစ်တဲ့ အန္တရာယ်ကင်းတဲ့အခြေအနေတွေ အများကြီးရှိတယ်ဆိုတဲ့ အခြေအနေလေးကိုပြောပြချင်ပါတယ်။
မေး ။ ။ ပြင်းထန်အဆုတ်ရောင်ရောဂါရဲ့ လက္ခဏာတွေကိုသိချင်ပါတယ်။ ဖြစ်ပွားခဲ့မှုစတင်ခဲ့ပြီ ဆိုရင်ရော ကုသနိုင်မှာပါလားရှင့်။
ဖြေ ။ ။ ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ရောဂါပိုးတွေက အများကြီးပါပဲ ဒါပေမယ့် ဒီလို ပိုးအမျိုးမျိုးကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင်ဆိုတာ သာမန်နှာစေး၊ အအေးမိ၊ အသက်ရှု လမ်းကြောင်းရောဂါလို့ ခေါ်ဆိုနိုင်ပါတယ်။ အဓိကတော့ နှာစေး၊ ချောင်းဆိုးတယ် စသဖြင့်ပေါ့နော်။ ပြင်းထန်လာရင် ကလေးက အသက်ရှုကြပ်လာတယ်။ နောက်ပြီးဖျားလာတယ်ပေါ့နော်။ ပြီးတော့အသက်ရှုမြန်လာတယ်။ သိပ်ဆိုးဝါးတယ်ဆိုရင် သူကအသက်ရှုရတာ ခက်ခဲလွန်းလို့ ရင်ဘက်အောက်ကအရိုးလေးတွေ ချိုင့်၀င်သွားလောက်အောင်ရှုရတယ်။ တစ်ခါတစ်ခါ ကလေးကပြာလာတဲ့အထိဖြစ်တတ်ပါတယ်။ ပြင်းထန် အဆုတ်ရောင်ရောဂါဖြစ်တဲ့ ပိုးအမျိုးအစားပေါင်း 90 ကျော်အနက် PCV ကာကွယ်ဆေးသည် ပြင်းထန်သော ရောဂါဖြစ်စေနိုင်သောပိုးအများစုကို ကာကွယ်ပေးနိုင်ပါတယ်။
ဖြစ်ပွားခဲ့ပြီဆိုရင် ကုသမှုအပိုင်းအနေနဲ့ကတော့ ပြင်ပမှာကုလို့မရရင်တော့ ဆေးရုံမှာသွားရောက်ပြီး ကုရတယ်။ ကျွန်မတို့ တခြားကလေးကျန်းမာရေးပညာဌာနကလည်း ကုသရေးအပိုင်းတွေ လုပ်နေပါတယ်။ နောက်တစ်ခါ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှာရှိတဲ့ ကလေးကျန်းမာဌာနလည်းရှိပြီး ပူးပေါင်းဆောင်ရွက်နေတာမျိုးတွေရှိပါတယ်။ ရောဂါဖြစ်နေတဲ့ ကလေးတွေ တွေ့လို့ရှိရင်လည်း ဘယ်လိုနည်းလမ်းနဲ့ကုသမလဲ၊ ဘယ်ဆေးကို သုံးမယ် စသဖြင့်ပေါ့နော် အဲ့ဒါနဲ့ပတ်သက်ပြီး အသေးစိတ်တော့ ကျွန်မပြောပြဖို့နည်းနည်းေ၀းပါတယ်။ ဒါပေမယ့် ကုသတဲ့အစီအစဉ်လည်း သီးခြားရှိနေပါတယ်လို့ပြောချင် ပါတယ်။
မေး ။ ။ အခုဒီဌာနကပြုလုပ်မယ့် PCV ကာကွယ်ဆေး ထည့်သွင်းထိုးနှံမှုဟာ ဒီ 2016-2017 ဘဏ္႑ာရေးနှစ်မှာပဲ ပြုလုပ်ပေးမှာလား နောင်နှစ်တွေမှာရော ဆက်လုပ်ပေးဖို့အစီအစဉ် ရှိ/မရှိ သိပါရစေ။
ဖြေ ။ ။ နောင်နှစ်တွေမှာလည်း ဆက်လုပ်သွားဖို့ရှိပါတယ်။ တစ်နိုင်ငံလုံးကို ပုံမှန်ကာကွယ်ဆေး ထိုးတဲ့အနေနဲ့ ဆောင်ရွက်တဲ့နေရာမှာ PCV ကိုဆေးအသစ်အနေနဲ့ အခြားထိုးနေတဲ့ ကာကွယ်ဆေးတွေနဲ့ အတူ ထည့်သွင်းထိုးပေးသွားမှာပါ။ ကာကွယ်ဆေးက ကလေး 2 ယောက်စာ ထိုးနိုင်တဲ့ အရည်ပုလင်းဖြစ်ပြီး ဖွင့်ပြီး 6 နာရီကြာတာနဲ့ ပစ်ရတာမျိုးတွေရှိတဲ့အတွက် ကာကွယ်ဆေးထိုးတဲ့အခါမှာ ဆေးထိုးစုရပ်ကို ကလေးတွေပိုပြီး လာနိုင်ဖို့လိုအပ်တယ်ပေါ့။ ဒီဆေးက ရောဂါပိုး 11 မျိုးကို ကာကွယ်နိုင်စွမ်း ရှိပြီး ရှေ့နှစ်ရောက်ရင်တော့ ကလေး 4 ယောက်စာ ရောဂါပိုး 13 မျိုး ကာကွယ်နိုင်မယ့် ဆေးကိုပြောင်းလဲ ထိုးပေးမှာဖြစ်ပါတယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောကြားလိုတာလေးပြောပေးပါဦးရှင်။
ဖြေ ။ ။ ကျွန်မတို့နိုင်ငံမှာ သုံးကြိမ်ထိုးရတဲ့ဆေးကို ပထမတစ်ကြိမ်လာထိုးတဲ့အခါမှာတော့ 90 ရာခိုင်နှုန်းကျော်တယ်။ ဒုတိယအကြိမ်မှာ 85 ရာခိုင်နှုန်း၊ တတိယအကြိမ်ရောက်တော့ 80 ရာခိုင်းနှုန်းတောင် အနိုင်နိုင်ဖြစ်သွားတယ်။ အကြောင်းအမျိုးမျိုးကြောင့် မလာတော့ဘူးပေါ့နော်။ ဒါကြောင့်မို့ နောက်တစ်ကြိမ်ရွေ့ ဆိုင်းမယ်ဆိုရင် မိဘကမလာနိုင်ကြတာများပါတယ်။ 10 ရာခိုင်နှုန်းလောက်က သေချာမလာနိုင်တော့ ဒါ့ကြောင့်ဆေးထိုးတာကို သုံးကြိမ်မထိုးချင်ဘူးဆရာမရယ် တစ်ကြိမ်ပဲဆိုတာကိုရွှေ့ဆိုင်းပေးမယ့် အစားတစ်ကြိမ်စထိုးကတည်းက အားပေးပြီးတော့ထိုးနိုင်ဖို့ ကျန်းမာရေး၀န်ထမ်းတွေကို တိုက်တွန်းထားပါတယ်။
လက်ရှိသုံးစွဲနေတဲ့ ကာကွယ်ဆေးတွေထဲမှာ PCV ဆေးက ပြင်းထန်ဆိုးကျိုးအနည်ဆုံးပါ။ မိဘတွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့ ရင်သွေးငယ်တွေကို မပျက်မကွက်ခေါ်လာဖို့ လိုအပ်ပါတယ်။ ပြင်းထန် အဆုတ်ရောင်ရောဂါဟာ ဆိုရင် ကလေးငယ်တွေကို မသန်မစွမ်းဖြစ်စေနိုင်ပြီး အသက်ဆုံးရှုံးသည် အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းက ကလေးငယ်တွေအတွက် အရေးကြီးပါတယ်’’ ဟု ဒေါက်တာထားထားလင်းက ပြောကြားသည်။
အသက်ရှူလမ်းကြောင်းရောဂါပိုး၀င်ခြင်းကြောင့် သေဆုံးမှုနှင့် ငါးနှစ်အောက်ကလေးများ စုစုပေါင်းသေဆုံးမှု ဆက်စပ်လေ့လာချက်များအရ 2000 ပြည့်နှစ်တွင် ကလေးများတွင်ဖြစ်ပွားသော နမိုးနီးယားရောဂါကြောင့် 5 နှစ်အောက် ကလေးများသေဆုံးမှုသည် (1.9) သန်း ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
WHO မှ 2009 ခုနှစ်ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် အသက် 5 နှစ် ကလေးတစ်သိန်းတွင် 100 မှ 300 အထိ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသည်ဟု ယူဆကြကာ 2013 ခုနှစ်မှာ မြန်မာနိုင်ငံ အ၀ှမ်းပြုလုပ်ခဲ့သော 5 နှစ်အောက်ကလေးများ သေဆုံးမှုအကြောင်းအရင်းလေ့လာမှု (Cause – specific under five Mortality Survey) အရ အသက်ရှုလမ်းကြောင်း ရောဂါပိုး၀င်ခြင်းနှင့် ပြင်ထန် အဆုတ်ရောင်ရောဂါကြောင့် သေဆုံးမှုသည် 12 ရာခိုင်နှုန်းရှိကြောင်းသိရသည်။
May Su Hlaing






























