မြန်မာနိုင်ငံတစ်ဝှမ်းမှ နှုတ်ခမ်းကွဲအာခေါင်ကွဲကလေးများအား ဝိတိုရိယဖောင်ဒေးရှင်းနှင့် Smile Organization တို့ ပူပေါင်းပြီးအခမဲ့ ခွဲစိတ်ကုသပေး
မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲအာခေါင်ကွဲကလေးငယ်များ၏ အပြုံးအလှများနှင့် ကလေးငယ်လေးများ၏ အနာဂတ်များလှပစေရန်ရည်ရွယ်ချက်များဖြင့် ဝိတိုရိယကျန်းမာထောက်ပံ့ကူညီစောင့်ရှောက်ရေးဖောင်ဒေးရှင်းနှင့် အမေရိကန်နိုင်ငံ Alliance for Smiles Organization တို့ပူးပေါင်း၍ စတုတၳအကြိမ်မြောက် အခမဲ့ခွဲစိတ်ကုသခြင်းကို အောက်တိုဘာ 17 ရက်မှ 28 ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နှစ်ပတ်ကြာပြုလုပ်မည့် ပရဟိတ Programတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးငယ် 141 ယောက်ကို ခွဲစိတ်ကုသမှု ပြုလုပ်ရန် သင့်၊ မသင့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးနေပြီး အမေရိကန်နိုင်ငံ Smile Organizationမှ မေ့ဆေးဆရာဝန်ကြီးများ၊ ကလေးဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန်ကြီးများ၊ ပလတ်စတစ် Surgery ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဝိတိုရိယဆေးရုံကြီးမှ ဆရာဝန်များပူးပေါင်း၍ ဆောင်ရွက်ကြကြောင်း သိရသည်။
"ဒီအောက်တိုဘာမှာ ခွဲစိတ်မှုတွေလုပ်နိုင်ဖို့ကို သြဂုတ်လထဲကပြင်ဆင်ထားပြီး Teamတွေနဲ့ချိတ်ဆက်တာနဲ့၊ ကြေးမုံတို့၊ မြန်မာ့အလင်းသတင်းစာတွေကနေ အခမဲ့ခွဲစိတ်ကုသပေးတဲ့ကြော်ငြာတွေထည့်ပြီး လျှောက်လွှာတွေကို ပြန်ပြီးစိစစ်တယ်။ စိစစ်တယ်ဆိုတာကလည်း အသက်အရွယ်လောက်ပဲ အကြမ်းဖျင်းကြည့်ပါတယ်။ ကုသမှုအတွက် အသက်ငယ်တဲ့ကလေးတွေအတွက် ပိုလိုအပ်ရင် အသက်ငယ်တာကို ဦးစားပေးရွေးတာတွေလုပ်တယ်။ 141 ဦးလုံးခွဲစိတ်ဖြစ်၊ မဖြစ်ကတော့ တချို့ကလေးတွေက သွေးအားနည်းတာတို့၊ ခွဲစိတ်မှုမသင့်တာတို့ ပါရင်ပါနိုင်လို့ 141 ယောက်လုံး ခွဲစိတ်ဖြစ်ချင်မှဖြစ်မယ်။ ကံကောင်းရင်တော့ အားလုံးကို ကုသပေးနိုင်မှာပါ။ နှုတ်ခမ်းကွဲကို 10 ပတ် အထက်အရွယ်ကစလက်ခံပြီး အာခေါင်ကွဲကိုတော့ ၁၀လ အထက်က စလက်ခံပါတယ်။ အာခေါင်ကွဲကတော့ သူရဲ့တစ်ရှူးဖွဲ့စည်းမှုခိုင်မာတဲ့ အချိန်မှာ ခွဲတာပိုကောင်းတယ်။ အဲ့ဒါကြောင့် 10 လ အထက်မှ လက်ခံတယ်။ နှုတ်ခမ်းကွဲအာခေါင်ကွဲကလေးငယ် အသက်အငယ်ဆုံး 2 လကနေအသက်အကြီးဆုံး 14 နှစ် အထိ ပါဝင်ပါတယ်။" ဟု ဝိတိုရိယကျန်းမာရေးထောက်ပံ့ကူညီစောင့်ရှောက်ရေးဖောင်ဒေးရှင်းအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာကျော်မင်းသူက ပြောသည်။
လာရောက်စမ်းသပ်စစ်ဆေးကြသော လူနာများမှာ ရန်ကုန်တိုင်းမှသာမက မြန်မာပြည်တစ်ဝှမ်းလုံးအပါအဝင် ဝေးလံခေါင်ဖျားသော ချင်းပြည်နယ်နှင့်ကချင်ပြည်နယ်ဒေသတစ်ချို့မှလာရောက်ကြပြီး အဆိုပါလူနာများနှင့်မိသားစုဝင်တို့အတွက် ခရီးစရိတ်နှင့်နေထိုင်စားသောက်မှုများကို ဝိတိုရိယကျန်းမာရေးထောက်ပံ့ကူညီစောင့်ရှောက်ရေးဖောင်ဒေးရှင်းက စီစဉ်ထောက်ပံ့ပေးကြောင်း သိရသည်။
ဝိတိုရိယဆေးရုံ၌ ပထမအကြိမ်အဖြစ် မတ်လ 2014 မှာ နှုတ်ခမ်းကွဲအာခေါင်ကွဲလူနာ 98 ဦး၊ ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ 2014 မှာ 91 ဦး၊ တတိယအကြိမ်အဖြစ် အောက်တိုဘာလ 2015 မှာ 89 ဦး၊ စုစုပေါင်း 278 ဦးကို အောင်မြင်စွာခွဲစိတ်ကုသပေးပြီးဖြစ်ကာ ယခု စတုတၳအကြိမ်ကိုလည်း စစ်ဆေးစမ်းသပ်ပြီး ခွဲစိတ်ရန်အသင့်ဖြစ်သည့် လူနာများကို ကုသပေးသွားမည်ဖြစ်ကာ ထပ်မံ၍လည်း ယင်းကဲ့သို့အစီအစဉ်များကိုလုပ်ဆောင်သွားရန် ရှိကြောင်းသိရသည်။
May Su Hlaing





























