/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/မွေးရာပါ-နားမကြားကလေးများအား-အာရုံကြောနှိုးဆွကိရိယာတပ်ဆင်

မွေးရာပါ နားမကြားကလေးများအား အာရုံကြောနှိုးဆွကိရိယာတပ်ဆင်၍ ကုသပေးလျက်ရှိ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

           မွေးရာပါအကြားအာရုံချို့တဲ့သော နားမကြားကလေးငယ်များအား အကြားအာရုံပြန်လည်ကောင်းမွန်စေ ရန် နားအတွင်းခွဲစိတ်၍ အာရုံကြောနှိုးဆွပေးသည့် ကိရိယာထည့်သွင်းပေးခြင်းကို လက်ရှိတွင် ဆောင်ရွက်နေ ပြီဖြစ်ကြောင်းသိရသည်။

          “မွေးရာပါ နားမကြားကလေးငယ်တွေအတွက် ခွဲစိတ်ပြီးတော့မှ နားအတွင်းထဲ အာရုံကြောနှိုးဆွတဲ့ ကိရိယာတွေထည့်ပေးပြီးတော့ ကုသမှုရှိနေပါပြီ။ အရင်ကတည်းက နိုင်ငံခြားအကူအညီနဲ့ ကုတာ လူ 30 လောက်ရှိပြီ အခုမကြာသေးခင်က 4 ယောက်ကိုကုထားတာရှိပါတယ်။ အဲ့ဒါက အစိုးရက အရင်နှစ်ကအတွက်ဝယ်ပေးတဲ့ အကြားအာရုံနှိုးဆွကိရိယာ 7 ခု ဝယ်ထားတဲ့အထဲက 4 ခုကိုအသုံးပြုလိုက်တာပါ။ အာရုံကြောနှိုးဆွတဲ့ နားကြားကိရိယာတွေ နောင်ဘတ်ဂျက်မှာပိုချပေးရင် ကလေးတွေအများကြီးကို ကုသပေးနိုင်ပါတယ်။ မွေးရာပါနားမကြားတဲ့ကလေးတွေကို ကုသပေးခြင်းအားဖြင့် သူတို့နားကြားလာမယ်။ နားကြားတဲ့အတွက် စကားလည်းပြောတတ်လာမှာပါ။ မွေးရာပါနားမကြားဘူးဆိုရင် စကားမပြောတတ်ကြဘူး။ သူတိုရဲ့ဘဝတစ်လျှောက်လုံးက လက်ဟန်ခြေဟန်နဲ့ပဲပြောရတော့မယ် ပုံမှန်မပြောနိုင်ကြဘူး။ အခုဆိုရင် အစိုးရကဝယ်ပေးတဲ့ နားကြားကိရိယာနဲ့ အခမဲ့ခွဲစိတ်တပ်ဆင်ပေးမှုတွေလုပ်ပေးနေပါတယ်’’ ဟု နားနှာခေါင်း၊ လည်ချောင်းခွဲစိတ်အထူးကုဆရာ၀န်ကြီး ပါမောက္ခဌာနမှူး ဒေါက်တာဦးမောင်မောင်ခိုင် ကပြောသည်။

          နားအတွင်းထဲထည့်သွင်းကုသသည့် အာရုံကြောနှိုးဆွကိရိယာတစ်ခု၏ တန်ဖိုးမှာ ဒေါ်လာ 8,500 ပမာဏဖြစ်ပြီး မွေးရာပါနားမကြားကလေးငယ်များအား ခွဲစိတ်ထည့်သွင်းပေးမှုဆောင်ရွက်ရာတွင် လူနာအားကိရိယာကိုထည့်သင့်မထည့်သင့်ကို နားကြားစမ်းသည့်ကိရိယာများဖြင့် စမ်းသပ်စစ်ဆေးပြီးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကုသစရိတ်များမှာ အခမဲ့ဖြစ်ကြောင်းသိရသည်။

 

 May Su Hlaing

www.drmyanmar.com