ရင်သားကင်ဆာအကြောင်းအသိပညာပေးအစီအစဉ်ပြုလုပ်
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် 2017 ခုနှစ် အရှေ့တောင်အာရှဒေသဆိုင်ရာ ရင်သားကင်ဆာဆွေးနွေးပွဲကို ကြိုဆိုသောအားဖြင့် “ရွှေရောင်နှင်းဆီကင်ဆောင်ဖောင်ဒေးရှင်း”အဖွဲ့၏ “ပန်းရောင်နှင်းဆီကင်ဆာကူညီထောက်ပံ့ရေး”အဖွဲ့ခွဲမှ အမေရိကန်နိုင်ငံရင်သားကင်ဆာပညာရှင်များနှင့်ပူးတွဲ၍ ဇူလိုင်လ 13 ရက်နေ့တွင် သူနာပြုတက္ကသိုလ်ခန်းမ၌ ပြည်သူလူထုအား ရင်သားကင်ဆာအကြောင်းအသိပညာပေးအစီအစဉ်တစ်ရပ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ပညာပေးအစီအစဉ်၏ အဓိကဖြန့်ေ၀လိုသော သတင်းစကားမှာ “ရင်သားကင်ဆာအားသတိပြုပါ။ မိမိကိုယ်ကိုဂရုစိုက်ပါ” ဖြစ်ပြီး ပြည်သူလူထုအကြား ရင်သားကင်ဆာကာကွယ်ရေးနှင့် စောစီးစွာသိရှိနိုင်ရန် အသိပညာများတိုးပွားလာစေရန်ရည်ရွယ်ကြောင်း သိရကာ ရင်သားကင်ဆာကာကွယ်ကုသမှုနှင့်ပတ်သက်၍လည်း ေ၀ဒနာရှင်များအချင်းချင်း အသိပညာဖလှယ်သည့်အစီအစဉ်များပါ ပူးတွဲထည့်သွင်းပြီး ပြုလုပ်ခဲ့ကြသည်။
“2008 နဲ့ 2012 မှာ အာဆီယံဒေသမှာ ကင်ဆာနဲ့ပတ်သက်တဲ့ သုတေသန ထွက်လာပြီးပြီ။ ကြေငြာပြီးပြီပေါ့။ မြန်မာနိုင်ငံမှာ ကင်ဆာနဲ့ပတ်သက်ရင် အမျိုးသမီးတွေမှာ ရင်သားကင်ဆာကတော့ ဖြစ်ပွားမှု နံပါတ် 1 ပေါ့။ ကျန်တဲ့အဆုတ်ကင်ဆာကတော့ နံပါတ် 2 မှာ ရှိတယ်ပေါ့။ သေဆုံးမှုနှုန်းကို ပြန်တွက်တဲ့အခါမှာလည်း ရင်သားကင်ဆာက သေဆုံးနိုင်တဲ့ရောဂါပေါ့နော်။ အဆင့်နောက်ကျမှ ကုသရင်တော့ သေဆုံးနိုင်တယ်။ ရင်သားကင်ဆာက အမျိုးသမီး 8 ယောက်မှာ 1 ယောက်တော့ ဖြစ်နိုင်တယ်။ တစ်ကမ္ဘာလုံးမှာပြောတာပါ။ ယေဘုယျအားဖြင့်ပေါ့နော်။ အမျိုးသားတွေမှာလည်း ဖြစ်လာနိုင်ပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ပွားနိုင်နှုန်းက 1 ရာခိုင်နှုန်းလောက် ရှိပါတယ်။ 99 ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေ ဖြစ်ကြတယ်ပေါ့နော်။ ဒါပေမယ့် အမျိုးသားမှာဖြစ်ရင် ဗီဇကြောင့်ဖြစ်တာများတယ်။ အဲ့ဒီတော့ ကင်ဆာဖြစ်တာက ဘာကြောင့်ဖြစ်လဲဆိုတော့ ဗီဇတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။ ဗီဇနဲ့ပတ်၀န်းကျင်ရဲ့ သက်ရောက်မှုတွေနဲ့ ဆိုင်တယ်။ ရင်သားကင်ဆာလို့ပြောရင် အဓိကက ဘာပြောမလဲဆိုတော့ အ၀လွန်တာပေါ့နော်။ အမျိ်ုးသမီးဟော်မုန်းတွေ သုံးစွဲလိုက်တယ်ဆိုတာမျိုးတွေကလည်း အကြောင်းပြချက်ဖြစ်တယ်ပေါ့နော်။ မလိုအပ်ဘဲနဲ့ ဆရာ၀န်ညွှန်ကြားချက်မရှိဘဲနဲ့ သနေ္ဓတားဆေးတွေ တားတယ်။ တချို့ဆို 5နှစ် 10 နှစ် ဆရာ၀န်ပြန်မပြတော့ဘူး။ အဲ့လိုသောက်တဲ့လူတွေမှာလည်း ဖြစ်ဖို့များတယ်။ အခြားဟော်မုန်းပြဿနာတွေကြောင့်လည်း ရောဂါဖြစ်ပွားတာရှိပါတယ်"ဟု ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာဒေါ်ရင်ရင်ထွန်းက ပြောသည်။
အဆိုပါ ရင်သားကင်ဆာပညာပေးအစီအစဉ်သို့ ရင်သားကင်ဆာကုသအောင်မြင်သူများနှင့် မိသားစု၀င်များ၊ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းအဖွဲ့၀င်များနှင့် စိတ်ပါ၀င်စားသူများတက်ရောက်ခဲ့ကြပြီး ရင်သားကင်ဆာအား စောစီးစွာသိရှိနိုင်ရန် စမ်းသပ်ရမည့် နည်းလမ်းပုံစံများကိုလည်း ပြသပေးခြင်း၊ ကင်ဆာကုသအောင်မြင်သူများ၏ အတွေ့အကြုံများကို အချင်းချင်းေ၀မျှပြောကြားနိုင်ရန် စာပွဲ၀ိုင်းများစီစဉ်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုအစီအစဉ်များပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
May Su Hlaing (www.drmyanmar.com)






























