/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/ရန်ကင်းကလေးဆေးရုံကြီးတွင်-ရာသီတုပ်ကွေး-h1n1-postive

ရန်ကင်းကလေးဆေးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 postive ကလေးငယ်နှင့် H3N2 postive ကလေးငယ်၂ဦး စစ်ဆေးအတည်ပြု

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

            ရာသီတုပ်ကွေးရောဂါ Seasonal influenza type A အမျိုးအစားသည် ဇူလိုင်လအတွင်းဖြစ်ပွားလျက်ရှိနေရာ လက်ရှိတွင်လူနာ၄ဦးသေဆုံးပြီးဖြစ်၍ သံသယလူနာများကိုလည်း စစ်ဆေးထားရာမှ Postiveလူနာအဖြစ် အတည်ပြုထားသူများရှိနေရာ ကလေးလူနာများလည်းပါ၀င်ပြီး ရန်ကုန်မြို့၊ ရန်ကင်းကလေးဆေးရုံ၌ Seasonal Influenza type A H1N1 အမျိုးအစားကလေးငယ်နှင့် Seasonal Influenza type A H3N2 အမျိုးအစားကလေးငယ်၂ဦးတို့တက်ရောက်နေပြီး အထူးကြပ်မတ်ကုသပေးလျက်ရှိနေကြောင်း သိရသည်။

            "ဟုတ်ပါတယ်။ အမတို့ ရန်ကင်းကလေးဆေးရုံမှာ H1N1နဲ့ပတ်သက်တဲ့ ကလေးလူနာတွေ တက်ရောက်ကုသနေပါတယ်။ အမတို့ ဓာတ်ခွဲစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ H1N1 postiveက တစ်ယောက်။ H3N2 postiveက တစ်ယောက်ပေါ့။ တုပ်ကွေးရောဂါထဲမှာဆိုရင်Infiuenza Type Aရယ်၊TypeBရယ်၊Type Cဆိုပြီးတော့ Virus အမျိုးအစားအလိုက်ရှိပါတယ်။Type Aမှာကတော့ H1N1ရော၊ H3N2ရော ပါပါတယ်။ ၁၄ရက်နေ့က တစ်ယောက်ပါ။ နောက်၂၃ရက်နေ့က တစ်ယောက်ပါ။ ၁၄ရက်နေ့မှာကတော့ ပဲခူးတိုင်းသက္ကလမြို့နယ်က အသက်၅နှစ်နဲ့၆လ တစ်ယောက်ဖြစ်ပါတယ်။ ၂၃ရက်နေ့မှာကတော့ ရန်ကုန်စမ်းချောင်းမြို့နယ်ထဲက အသက်၃နှစ်နဲ့တစ်လ တစ်ယောက်ပါ။ နှစ်ယောက်စလုံးက ယောကျာ်းလေးတွေချည်းပါပဲ။ အခုလက်ရှိမှာ ကလေးနှစ်ယောက်ရဲ့အခြေအနေကတော့ အထူးကြပ်မတ်ကုသဆောင်မှာကုသပေးလျက်ရှိနေပါတယ်။ အခြေအနေကတော့ မနေ့ကထက်စာလို့ရှိရင် အခြေအနေနည်းနည်းတိုးတက်လာတယ်လို့ ယူဆရပါတယ်။ ပုံသေကြီးတော့ ပြောလို့မရသေးပါဘူး။”

            “အခုလောလောဆယ်မှာတော့ ကျွန်မတို့ဆေးရုံမှာ ရာသီတုပ်ကွေးရောဂါတွေဖြစ်လာရင် သံသယရှိတဲ့လူနာတွေ့ရင် အမတို့အနေနဲ့သီးသန့်လူနာဆောင်တွေ စီစဉ်ထားရှိပါတယ်။ နောက်ICUထဲမှာ ကြပ်မတ်ကုသဆောင်မှာ အမတို့သီးသန့်ခန်းတွေနဲ့လည်းထားရှိပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီတော့ သံသယလူနာတွေလာပြီဆိုရင် အမတို့ကပြင်ပလူနာဌာနမှာ စမ်းသပ်မှုအနေနဲ့ ဒီရောဂါလက္ခဏာတွေအနေနဲ့ဖျားမယ်။ အသက်ရှူရခက်မယ်။ အရမ်းဖျားနေတဲ့လူနာတွေ၊ အရမ်းအန်နေတဲ့လူနာတွေ၊ သတိလစ်နေတဲ့လူနာတွေရှိတယ်ဆိုရင် ပထမဆုံးစမ်းသပ်စစ်ဆေးဖို့အတွက် သီးသန့်အခန်းမှာထားရှိပါတယ်။ အဲ့ဒီ့အခန်းမှာထားပြီးတော့မှ စမ်းသပ်ကြည့်လိုက်လို့ Seasonal influenza A က positive ဖြစ်တယ်ဆိုရင် ထပ်ပြီးသီးသန့်ခန်းတွေမှာထားပြီးတော့ အမတို့ပြုစုကုသမှာဖြစ်ပါတယ်။ ပိုပြီးဆိုးလာပြီး အသက်ရှူကျပ်လာ၊ အခြေအနေဆိုးလာတဲ့လူနာတွေဆိုရင် အထူးကြပ်မတ်ကုသဆောင်မှာထားပြီး ကုသဆောင်မှာ သီးသန့်ခန်းသပ်သပ်ရှိပါတယ်။ အဲ့ထဲမှာထားပြီးတော့ အသက်ရှူစက်တွေ၊ လိုအပ်တဲ့ဆေးဝါးတွေ ပစ္စည်းကိရိယာတွေနဲ့ အမတို့က စောင့်ရှောက်ကုသသွားမှာဖြစ်ပါတယ်။ လိုအပ်တဲ့ဆေးဝါးတွေကိုလည်း ကျန်းမာရေးနဲ့ကုသရေးဌာနက လိုအပ်သလိုထောက်ပံံ့ပေးလျက်ရှိပါတယ်။ အဲ့ထဲမှာမှ maskတွေလည်း ပါ၀င်ပါတယ်။ maskမှာမှ အမတို့က ဘယ်maskကိုအသုံးပြုမလဲဆိုရင်N95 maskကို အသုံးပြုရမှာဖြစ်ပါတယ်။ N95 maskကိုအသုံးပြုမှသာ ဒီရောဂါပိုးတွေက အလွယ်တကူ၀င်ရောက်နိုင်ခြင်းမရှိဘဲ စိတ်ချရမှာပါ။ အဲ့အတွက် N95 maskတွေကိုလည်း ဗဟိုဆေးသိုလှောင်ရေးဌာနတွေကနေ ပံ့ပိုးပေးပါတယ်။ ကျန်တဲ့ဌာနတွေကလည်း အလုံအလောက်ပေးပါတယ်။ အမတို့ရဲ့ ၀န်ကြီးဌာနကလည်း အမတို့အတွက်လိုအပ်တဲ့ပစ္စည်းမှန်သမျှကို ထောက်ပံ့ပေးလျက်ရှိနေပါတယ်။”

            “ကျွန်မတို့ဆေးရုံက ကလေးဆေးရုံဖြစ်တဲ့အတွက် မွေးစကနေ အသက်၁၂နှစ်အတွင်း လာရောက်ပြီး ကုသတဲ့ကလေးငယ်တွေပါ။ အခု ရာသီတုပ်ကွေးကတော့ လူကြီးတွေမှာ ဖြစ်နေကြတယ်ပေါ့။ ကလေးတွေအနေနဲ့ကတော့ အခုလိုဒါပထမဆုံးအနေနဲ့ သံသယလူနာကနေမှ ရှာဖွေတွေ့ရှိတာ ဖြစ်ပါတယ်။ အဲ့လိုကြောင့် ဒီလိုရာသီမျိုးမှာ မိဘတွေအနေနဲ့လည်း ကိုယ့်ရင်သွေးငယ်လေးတွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။ ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့နေရာမှာ မိမိရဲ့ ကလေးဟာ ဖျားလာမယ်၊ အဖျားကြီးမယ်၊ အဖျားကြီးတာ ၃ရက်နဲ့၃ရက်အထက်ရှိနေမယ်။ ချောင်းတွေဆိုးလာမယ်။ ဒီချောင်းက ၁၀ရက်လောက် ဆိုးနေမယ်။ ကလေးက အသက်ရှူတွေမြန်လာမယ်၊ အသက်ရှူရခက်လာမယ်၊ သတိလစ်သွားမယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်း၊ဆေးရုံကိုပြရပါမယ်။ အဲ့လိုပြပြီး လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေနဲ့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။ H1N1နဲ့ပတ်သက်ပြီး ရန်ကင်းကလေးဆေးရုံမှာ ကလေးသေဆုံးသွားတယ်ဆိုတာ မဟုတ်ပါဘူး။ အမတို့က ကလေးဆေးရုံဖြစ်တဲ့အတွက် အခြားရောဂါနဲ့သေဆုံးသွားတဲ့ ကလေးလူနာတွေရှိပါတယ်။ အဲ့ဒီ့အခါကျတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲပေါ့နော်။ ဒီလိုH1N1ကလေးတွေတက်ရောက်ကုသရှိနေတဲ့အချိန်မှာ ကလေးဆုံးသွားတယ်ဆိုရင်၊ ဒီH1N1နဲ့ဆုံးသွားတယ်ထင်ပြီး သူတို့အမြင်အထင်နဲ့ပဲ ဒီလိုသတင်းတွေထွက်သွားတယ်လို့ အမမြင်ပါတယ်။ ဆေးရုံလာပြတဲ့ကလေးတွေမှာ ဒီရောဂါနဲ့လက္ခဏာတူနေတဲ့ လူနာတွေတွေ့တဲ့အခါမှ သံသယရှိလာပြီဆိုရင် အမတို့ကထပ်ဆင့်စစ်ဆေးပြီးမှ အတည်ပြုရင် ချက်ခြင်းတုန့်ပြန်ပြီး ကုသပေးဖို့ပြင်ဆင်ထားပါတယ်။ နှစ်ယောက်စလုံးက ရာသီတုပ်ကွေးType A အတူတူပါပဲ။ ဒါပေမယ့် မျိုးကွဲအနေနဲ့က H1N1နဲ့ H3N2ပေါ့နော်။ နှစ်ခုစလုံးကတော့ လက္ခဏာအတူတူပါပဲ။ Virus ပိုးတွေမှာ မျိုးကွဲတွေရှိပါတယ်။” ဟု ရန်ကင်းကလေးဆေးရုံအုပ် ဒေါက်တာဒေါ်မြင့်မြင့်ခိုင်က အတည်ပြုပြောကြားသည်။

 

May Su Hlaing (www.drmyanmar.com)