ရန်ကုန်တွင်(H1N1)ရာသီတုပ်ကွေးဖြစ်ပွားသူများအား အထူးကြပ်မတ်ကုသလျက်ရှိပြီး ရောဂါမပျံ့ပွားနိုင်ရေး ကြိုတင်ကာကွယ်နှိုးဆော်ချက်များထုတ်ပြန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)2009) ရောဂါဖြစ်ပွားသူ ၃ဦး စစ်ဆေးတွေ့ရှိပြီး အထူးကြပ်မတ်ကုသမှုများပြုလုပ်ပေးလျက်ရှိသည်။ ရောဂါပျံ့ပွားမှုမရှိနိုင်စေရေးအတွက် ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်းများအနေဖြင့် ဇူလိုင်လ၂၄ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၌မီဒီယာတွေ့ဆုံပွဲပြုလုပ်၍ H1N1ဖြစ်ပွားမှုအခြေအနေအား သတင်းထုတ်ပြန်ခဲ့သည်။
ရာသီတုပ်ကွေးရောဂါသည် နှစ်တိုင်းဖြစ်ပွားနေကြရောဂါဖြစ်ပြီးမြန်မာနိုင်ငံတွင်သာမက အိမ်နီချင်းနိုင်ငံများ၌လည်းဖြစ်ပွားလျက်ရှိနေကြောင်းနှင့် ရောဂါလက္ခဏာသံသယရှိလူနာများအားတွေ့ရှိပါ ကလည်း လျင်မြန်စွာအသိပေးနိုင်ရန်လိုအပ်ကြောင်းနှင့် ကုသမှုများပြုလုပ်ရန် အဆင်သင့်ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။ ရာသီတုပ်ကွေးသည် ကုသ၍ရနိုင်သောရောဂါဖြစ်သဖြင့် ပြင်းထန်မှုအခြေအနေများနှင့်နောက်ဆက်တွဲရောဂါဆိုးရွားမှုများ မဖြစ်နိုင်စေရန် ဂရုပြုဖို့လိုအပ်ကြောင်းများလည်း သိရှိရသည်။
ယခု၂၀၁၇ခုနှစ်၊ ဇူလိုင်လအတွင်း ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ရပ်ကွက်အချို့တွင် ရာသီတုပ်ကွေးရောဂါ(Seasonal Influenza A(H1N1)2009)ကို ဓာတ်ခွဲအတည်ပြုချက်အရ လူနာ ၁၀ဦးတွေ့ရှိခဲ့ပြီး ၁၀ယောက်အနက် ၁ဦးသေဆုံးခဲ့ကြောင်း၊ အလားတူပင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် လူနာ၂ဦး၊ ရန်ကုန်မြို့အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် လူနာ ၁ဦး တို့ကို အဆိုပါ(H1N1)postiveများအဖြစ်တွေ့ရှိခဲ့ရသဖြင့် အထူးကြပ်မတ်ကုသလျက်ရှိနေကြောင်းနှင့် လက်ရှိတွင် ရန်ကုန်ရှိလူနာ၃ဦးလုံးအား စောင့်ကြည့်ပြီးကြပ်မတ်ကုသနေရကြောင်း သိရသည်။
"ရန်ကုန်ပြည်သူ့ဆေးရုံကြီးအထူးကြပ်မတ်ကုသဆောင်မှာအခု(H1N1)postiveလူနာ၂ဦးတက်ရောက် ကုသနေကြပါတယ်။ အဲ့ဒီမှာ၁ဦးက အမျိုးသားဖြစ်ပြီး သူကအင်းစိန်မြို့နယ်၊ ခရေလမ်းမှာနေထိုင်တယ်လို့သိရတယ်။ ၁၅ရက်နေ့က ဆေးရုံစတက်ပါတယ်။ အလားတူပဲ နောက်တစ်ယောက်က ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်တိုက်နယ်ဆေးရုံအတွင်းနေထိုင်တဲ့ အမျိုးသမီးဖြစ်ပါတယ်။ သူကတော့အာဇာနည်နေ့မနက်မှာ ကျွန်တော်တို့ရန်ကုန်ပြည်သူ့ဆေးရုံကြီးကြပ်မတ်ကုသဆောင်ကို ရောက်ရှိပြီး ကုသမှုခံယူနေတာဖြစ်ပါတယ်။ အဲဒီ့လူနာတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်တဲ့အခါမှာ (H1N1)postiveကို တွေ့ရတာဖြစ်ပါတယ်။ အလားတူ နေပြည်တော်၊ ပျဉ်းမနားက ရေဆင်းစိုက်ပျိုးရေးတိရစာၦန်မွေးမြူရေးနှင့်ကုသရေးတက္ကသိုလ်ကကျောင်းသူကလည်း Postiveအနေဖြင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးအထူးကြပ်မတ်ကုသဆောင်မှာ ဇူလိုင် ၂၁ ရက်ကစပြီး ကုသမှုခံယူနေပါတယ်။ အားလုံးကတော့အသက်၂၀ကျော်၊ ၃၀အရွယ်လေးတွေပါ။ လက်ရှိ အနေအထားကတော့ ဒီရာသီက အားလုံးသိရှိပြီးတဲ့အတိုင်း တုပ်ကွေးဖြစ်ပွားမှုဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီပါ။ ဒီရာသီဥတုမှာဖြစ်တဲ့ အဖျားတွေက တုပ်ကွေးလက္ခဏာတွေဖြစ်တဲ့ ဖျားတယ်၊ ခေါင်းကိုက်တယ်၊ ပျို့တယ်၊ အန်တယ်ဖြစ်တယ်။ ရန်ကုန်မြို့တွင်းမှာလည်း ဒီရက်ပိုင်းအတွင်းမှာတုပ်ကွေးရောဂါအဖြစ်များနေပါတယ်။အဲ့မှာဒီလို(H1N1) postive၂ယောက်တွေ့လိုက်တယ်ဆိုတော့ နည်းနည်းကြောက်လန့်သယောင်ဖြစ်ရတာပေါ့။ အဲ့ဒီ့အတွက် ပြည်သူတွေကြားမှာ အသိပညာဖြန့်ဝေပေးဖို့လိုအပ်တဲ့အတွက် အခုလိုမီဒီယာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ပါတယ်"ဟုရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာဦးအေးကိုကို ကပြောကြားသည်။
" ဒါကတုပ်ကွေးပါ။ နှစ်တိုင်းလည်းဖြစ်နေကြပါပဲ။ နံပါတ်၁အနေနဲ့လူနာက ရောဂါဘယ်လိုကူးလဲသိဖို့လိုတယ်။ ဘယ်လိုကူးတယ်ဆိုတာသိမှ ရောဂါကိုဘယ်လိုကာကွယ်ရမလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။ ရောဂါကူးစက်တဲ့နည်းလမ်းက၂ခုပဲရှိနိုင်ပါတယ်။ နံပါတ်၁က တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်နိုင်သလို နံပါတ်၂ကတော့ အသက်ရှူလမ်းကြောင်းကနေတဆင့် လေထဲမှာပျံ့နှံ့ပြီးတော့ အဲ့ကနေတဆင့်ကူးမယ်။ ဒီ၂ချက်နဲ့ကူးပါတယ်။ အဲ့ဒီအတွက် အရေးကြီးတာက တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့လိုပါတယ်။ လက်သန့်ရှင်းမှုက အရေးကြီးပါတယ်။ ဘယ်ကပဲပြန်လာလာ လက်ကိုဆပ်ပြာနဲ့ဆေးကြောဖို့လိုပြီး မိမိကနှာစေး၊ ချောင်းဆိုးဖြစ်နေတဲ့အခါဖုံးအုပ်ပြီး နှာချေ၊ချောင်းဆိုးသင့်ပါတယ်။ ဒီရောဂါတွေက များသောအားဖြင့် ခုံခံအားကျဆင်းတဲ့အချိန်ဖြစ်တတ်တဲ့အတွက် အိပ်ရေးအပျက်မခံ၊ အစားပျက်မခံဖို့ လိုအပ်ပါတယ်။ ခုခံအားနည်းသူတွေမှာ အလွယ်တကူဖြစ်နိုင်လို့ အသက်ကြီးသူတွေ၊ အသက်ငယ်ရွယ်သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ အထူးဂရုပြုဖို့လည်းလိုအပ်ပါတယ်။ အအိပ်မှန်မယ်၊ အစားမှန်မယ်ဆိုရင် ဘယ်ရောဂါမှကူးစက်ဖို့ မလွယ်ကူနိုင်ပါဘူး။ ဒီလိုပဲ ဆီချို၊ သွေးတိုး၊ နှလုံးစတဲ့ ရောဂါကြီးကြီးမားမားရှိသူတွေအနေနဲ့လည်း ဂရုစိုက်ကြဖို့လိုပါတယ်။ အမှန်တော့ဒီရာသီတုပ်ကွေးက အမြဲတမ်းဖြစ်နေကြပါ။ ၂၀၀၁ခုနှစ်ကဆို တာချီလိတ်မှာ အတော်ဖြစ်သွားခဲ့ပါတယ်။ ရောဂါက ၂၀၀၉ ခုနှစ်မှာတော့ ကပ်ရောဂါအသွင်ကမ္ဘာမှာဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ့နောက်ပိုင်းတော့မဟုတ်တော့ပါဘူး။ (H1N1)က နှစ်တိုင်းနှစ်တိုင်း အမြဲတစ်ယောက်စနှစ်ယောက်စဖြစ်နေပါတယ်။ ဒီရောဂါအတွက် အရေးကြီးတာက ကြိုတင်ကာကွယ်ရေးတွေ ဂရုပြုဆောင်ရွက်သင့်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးတိုင်းကျန်းမာရေးဦးစီးဌာနမှညွှန်ကြားရေးမှူးဒေါက်တာဦးဝင်းလွင်က ပြောကြားခဲ့ပါသည်။
ယခုဖြစ်ပွားသည့်H1N1ရာသီတုပ်ကွေးသည် ကာကွယ်နိုင်ပြီးကာကွယ်ဆေးလည်းရှိကာ ရာသီတုပ်ကွေးဖြစ်ပွားမှုသည် တစ်ကမ္ဘာ့လုံး လူဦးရေ၏ ၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ နှစ်စဉ်ဖြစ်ပွားလျက်ရှိပြီး ရောဂါဖြစ်ပွားသူများ၏ ၁ ရာခိုင်နှုန်းအောက်သာ သေဆုံးမှုရှိကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ထားပါသည်။ ပြည်သူလူထု အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်သွားကြရန်နှင့် တုပ်ကွေးဆန်သောရောဂါလက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်းပေးပို့ကုသမှုခံယူကြရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းကုသရေးဦးစီးဌာနမှူး ဒေါက်တာဦးသာထွန်းကျော်ကပြောသည်။
May Su Hlaing (www.drmyanmar.com)






























