/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/ရန်ကုန်ပြည်သူ့ဆေးရုံကြီး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသပညာဌာနမှ အောင်မြင်စွာခွဲစိတ်ကုသခြင်းများအကြောင်း အသိပေးရှင်းလင်း

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        အကြောင်းကိစ္စအမျိုးမျိုးတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ပြတ်တောက်သွားသော လက်ချောင်းများ အား ပြန်လည်ခွဲစိတ်ကာ ကုသပေးနိုင်သည့်အကြောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ Training Center ၌ လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသပညာဌာနမှ ဇူလိုင်လ 26 ရက်နေ့က အများပြည်သူ အသိပညာရရှိစေရန် သတင်းမီဒီယာများအား အသိပေးရှင်းလင်းခဲ့သည်။

       ''ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရင်ကအရိုးရောဂါအထူးကုဌာနပဲရှိခဲ့ပါတယ်။ 2016 ခုနှစ် ဇန်နဝါရီ 1 ရက်နေ့ကစပြီး ရန်ကုန်ဆေးရုံကြီးကို ကုတင် 1500 ကနေ ကုတင် 2000 အဆင့်ထိ တိုးမြှင့်လိုက်ပါတယ်။ အဲ့ဒီ့လိုတိုးမြှင့်ရာမှာ လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသဌာနသဘောမျိုး သီးသန့်လည်းပါပါတယ်။ သီးသန့် ပါမောက္ခဌာနမှူးတွေနဲ့ ဆောင်ရွက်နေပါတယ်။ ခုချိန်မှာ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုတွေ တော်တော် များများအောင်မြင်နေပါတယ်။ ပြည်တွင်းမှာတင် လုပ်နိုင်တဲ့အခြေအနေကို ရောက်နေတယ်။ အဲ့ဒီ့အတွက်ဂုဏ်ယူပါတယ်။ ဆေးရုံအုပ်ချုပ်တဲ့ ကျွန်တော်တို့အနေနဲ့ကလည်း လိုအပ် တာတွေ ထောက်ပံ့ပေးသွားမှာပါ'' ဟု ရန်ကုန်ဆေးရုံအုပ် ဒေါက်တာအေးကိုကိုကပြောသည်။

       ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသမှုပေါင်း 50 ကျော်ကို ပြုလုပ်ခဲ့ရာ လက်မောင်း၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်နှင့် လက်ချောင်းလေးများ ပြတ်တောက်သွားမှုအတွက် မူလလက်များ သည် သွေးကြောများအကောင်းအတိုင်းတည်ရှိနေပါက ပြန်လည်ဆက်ပေးခြင်း၊ လက်ချောင်းလေး များပြတ်တောက်သွားမှုအတွက် ခြေချောင်း စသောနေရာများမှ အစားထိုးနိုင်သော အင်္ဂါအစိတ်အပိုင်းများကို ရယူ၍ ခွဲစိတ်ကုသထည့်ပေးခြင်း စသည်တို့ကို အောင်မြင်ကောင်းမွန်စွာ ကုသပေးနေကြောင်း သိရသည်။

        "လက်ပိုင်းဆိုင်ရာဌာနအနေနဲ့ ရန်ကုန်ဆေးရုံကြီးမှာ သွေးကြောတွေပြတ်လာရင် ပြန်ဆက်ပေးပါတယ်။ လက်တင်မကဘူး ခြေထောက်မှာပြတ်လာလည်း ကျွန်တော်တို့က သွေးကြောတွေကိုပြန်ဆက်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလက်တွေခြေထောက်တွေမဖြတ်ရအောင် သွေးကြောတွေက အရေးကြီးပါတယ်။ လက်တွေ၊ ခြေထောက်တွေ၊ အသားကပ်တာတွေကိုလည်း ခွဲစိတ်ကုသပေးတယ်။ ဓားနဲ့ခုတ်ခံရတာပဲဖြစ်ဖြစ် အက်ဆီးဒင့်တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် လက်သွေးကြောတွေ၊ အာရုံကြောတွေပြတ်မယ်ဆိုရင် ပြန်ဆက်ဖို့ ခွဲစိတ်ကုပေးပါတယ်။ လက်တစ်ခုပြန်ဆက်တဲ့အခါ ဟိုးအရင်ကဆိုရင် လက်တွေကရောင်ပြီး လှုပ်ရှားဖို့တော်တော်နဲ့မလွယ်ခဲ့ဘူး။ လက်ရှိတွင် ခွဲစိတ်ကုသပြီး 3 ရက် ရောက်တာနဲ့ လက်လေ့ကျင့်ခန်းကို စပြီး လုပ်ခိုင်းပါတယ် ပြန်လည်လှုပ်ရှားမှုလုပ်လာနိုင်အောင်ပါ။ လက်ကပြန်ဆက်လို့ ရ/မရ ဆိုတာကိုတော့ လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသဌာနမှ ဆရာဝန်များက ပြတ်သွားတဲ့လက်ရဲ့ အခြေအနေကို ကြည့်ရှုကာ အဆုံးဖြတ်ပေးကုသနိုင်မှာပါ'' ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ပိုင်းဆိုင်ရာခွဲစိတ်ကုသပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာခင်မောင်မြင့်ကပြောသည်။

       လက်တစ်ခုပြတ်တောက်သွားပါက 6 နာရီအတွင်း ဆေးရုံသို့လာရောက်နိုင်လျှင် အကောင်းဆုံးဖြစ်ပြီး ပြတ်သွားသည့် လက်နေရာမှသွေးကြောများ မချို့ယွင်းသေးပါက ပြန်လည်ခွဲစိတ် ကုသပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါသည်။ အကယ်၍ 6 နာရီအတွင်း ဆေးရုံသို့မရောက်နိုင် ပါက သွေးကြောများ အကောင်းအတိုင်းဖြစ်နေစေရန်နှင့် ပြန်ဆက်လို့ရနိုင်စေရန် ပြတ်သွားသောလက်အား သန့်ရှင်းစွာရေဆေးပြီး ပလက်စတစ်အိတ်ထဲသို့ လုံခြုံစွာထည့်ပိတ်ကာ နောက်ထပ်ပလက်စတစ်အိတ်တစ်ခု အတွင်းတွင် ရေခဲထည့်၍ သေချာသယ်ဆောင် လာရန် လိုအပ်ပါသည်။ ထိုသို့ စနစ်တကျထားပါက နာရီ 30 ကြာသည်အထိ မပျက်စီးနိုင်ကြောင်း၊ ပြန်ဆက်၍ရနိုင်ကြောင်း သိရပါသည်။

        ''လက်ချောင်းတစ်ချောင်း၊ လက်မောင်း … မရှိရင် ဘာဖြစ်မလဲ … လက်မရှိရင် ဘာမှလုပ်လို့ မရပါဘူး။ ပြည်တွင်းမှာလက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုနဲ့ပြတ်သွားတဲ့လက်ကို ပြန်ဆက်လို့ရနေတယ် ဆိုပေမယ့် သွေးကြောတွေကြေမွနေပြီး အစားထိုးစရာမရှိရင်၊ ပြတ်သွားတဲ့လက်က အချိန်ကြာသွားပြီး စနစ်တကျထိန်းသိမ်းထားခြင်းမရှိရင် ပြန်လည်ကုသဖို့အတွက် ခက်ခဲပါတယ်။ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုကို စတင်လုပ်ဆောင်စဉ်က ခွဲစိတ်ချိန် 13 နာရီကြာမြင့်ခဲ့ရာ နောက်ပိုင်းတွင်ပြန်လည်ဆက်ပေး ရန်လိုတဲ့ သွေးကြောပမာဏအလိုက် 4, 5, 6 နာရီ စသဖြင့်ကြာမြင့်ပါတယ်'' ဟု ပါမောက္ခဒေါက်တာခင်မောင်မြင့်က ဆက်လက်ပြောကြားခဲ့သည်။

 

May Su Hlaing

www.drmyanmar.com