ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ "ရင်သားကင်ဆာဂရုပြု" အစီအစဉ် ကျင်းပပြုလုပ်ခဲ့
ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ "ရင်သားကင်ဆာဂရုပြု " အစီအစဉ်အား 2016 ခုနှစ်၊ မေလ၊ 15 ရက်နေ့၌ ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
“ကင်ဆာရောဂါဟာ ကမ္ဘာမှာကော၊ မြန်မာမှာပါ အဖြစ်များနေတယ်ဆိုတာ အားလုံးသိကြပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေအတွက် ရင်သားကင်ဆာဟာ အဖြစ်လည်းများနေပါတယ်။ သေဆုံးမှုလည်း များနေပါတယ်။ သိရဲ့သားနဲ့ဘာလို့ ဒီလိုတွေ သေဆုံးနေရတာလည်းဆိုရင် စောစောစီးစီး မသိရှိလို့၊ စောစောစီးစီးကုသမှုမခံယူလို့ ဒီလိုပျောက်အောင်ကုသလို့ရတဲ့ ရောဂါကြီးဟာ ဒုက္ခပေးနေတယ်ဆိုတာ အားလုံးသတိထားဖို့လိုအပ်ပါတယ်။ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းအနေနှင့် ပထမဦးဆုံးအကြိမ် 2014 ဇူလိုင်လ 26 ရက်နေ့မှာ ရင်သားကင်ဆာကို စောစီးစွာသိရှိနိုင်ရန်နဲ့ မိမိရင်သားကို မိမိကိုယ်တိုင်စမ်းသပ်ရန် နည်းလမ်းများကို စနစ်တကျ အလုပ်ရုံဆွေးနွေးပွဲအသွင်နဲ့ သင်တန်းပို့ချခဲ့ပါတယ်။ အခါအားလျော်စွာလည်း ရင်သားကင်ဆာ အကြောင်း သိရှိစေဖို့ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေကို အချိန်နဲ့တစ်ပြေးညီမပြတ် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဒီနေ့အစီအစဉ်ဟာ ဂရုပြုရန်လောက်သာ မဟုတ်ဘဲ ရင်သားဂရုပြုစမ်းသပ်တတ်မှုနဲ့ မိမိကိုယ်တိုင်စမ်းသပ်တတ်ပြီး မိမိကနေတစ်ဆင့် မိမိပတ်၀န်းကျင်နဲ့ နီးစပ်ရာလူတွေအတွက်ပါ ဆင့်ပွားမျှေ၀ပေးနိုင်ဖို့ရည်ရွယ်ပါတယ်။” ဟု ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ နာယကသမားတော်ကြီး ပါမောက္ခဒေါက်တာဒေါ်မာလာသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ 2014 ခုနှစ်ဖေဖော်ဝါရီလ၌ ထုတ်ပြန်သော သတင်းမှတ်တမ်းများအရ 2012 ခုနှစ်၌ အမျိုးသမီးများတွင် ရင်သားကင်ဆာရောဂါသည် ကမ္ဘာတစ်၀ှမ်းလုံး၌ အဖြစ်အများဆုံး၊ သေဆုံးမှု အများဆုံးရောဂါဖြစ်ကြောင်းသိရပြီး နှစ်စဉ်အောက်တိုဘာလအား “ရင်သားကင်ဆာဂရုပြုလ” အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ သတ်မှတ်ထားကာ နှစ်စဉ်ဇွန်လ၏ ပထမဆုံး တနင်္ဂနွေနေ့အား “ရင်သားကင်ဆာကုသအောင်မြင်ထားသူများနေ့” အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။
“ကျွန်မတို့ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှာ ယနေ့အထိခန့်အပ်ထားတဲ့ ၀န်ထမ်းတစ်ယောက်မှ မရှိပါဘူး။ အားလုံးဟာဆရာ၀န်ကြီးတွေ၊ သူနာပြုဆရာမတွေနဲ့ စေတနာ့၀န်ထမ်းတွေ ပေါင်းစည်းထားတာပါ။ အားလုံးဟာ Volunteers(စေတနာ့၀န်ထမ်း) တွေပါ။ နိုင်ငံတကာမှာ ကမ်ဘာ့အဆင့်ရောက်အောင်လို့ ကျွန်မတို့ရွှေရောင်နှင်းဆီဖောင်ဒေးရှင်းအနေနဲ့ ဘာတွေကြိုးပမ်းဆောင်ရွက်နေလည်းဆိုတာကို သြစတေးလျနိုင်ငံမှာလုပ်တဲ့ ကမ်ဘာ့ကင်ဆာညီလာခံမှာ E-Poster တင်သွင်းခဲ့ပါတယ်။" ဟု ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း၏ ဥက္ကဌကင်ဆာဆေးကုသမားတော်ကြီး ပါမောက္ခဒေါ်ရင်ရင်ထွန်းမှ ပြောသည်။
“ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ အချက်တွေကိုကြည့်မယ်ဆိုရင်တော့ အမျိုးသမီးဖြစ်ခြင်းပါ။ အမျိုးသမီးတွေမှာအဖြစ်များပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် ရာနှုန်းအားဖြင့်တော့ အလွန်နည်းပါတယ်။ နောက်တစ်ခုကတော့ အသက်အရွယ်အားဖြင့် အသက်ကြီးလာရင် ရင်သားကင်ဆာ ပိုဖြစ်နိုင်ချေများပါတယ်။ အခုလေ့လာကြည့်ရသလောက် 10 ယောက်မှာ 8 ယောက်က အသက် 50 အထက်မှာ ဖြစ်တာတွေ့ရပါတယ်။ နောက်ဖြစ်နိုင်ချေ များတာတွေကတော့ မိခင်၊ ညီအစ်မ၊ အဖွားနှင့် အဒေါ်တွေမှာ ရင်သားကင်ဆာဖြစ်ဖူးသူ၊ အသက် 12 နှစ်မတိုင်ခင် စောစီးစွာရာသီလာသူ၊ အသက် 55 နှစ်နောက်ပိုင်းမှ သွေးဆုံးသူ၊ အမျိုးသမီးဟော်မုန်းဆေးများကို 5 နှစ်အထက် အသုံးပြုသူ၊ အ၀လွန်သူတွေနဲ့ဆေးလိပ်သောက်သုံးတတ်တဲ့ အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေတွေများပါတယ်။ “မိမိရင်သားကိုဂရုစိုက်ပါ၊ မိမိကိုယ်ကိုဂရုစိုက်ပါ” ဆိုတာကတော့ ကျွန်မတို့ရွှေရောင်နှင်းဆီရဲ့ ဆောင်ပုဒ်လေးပါ။ ဒါ့ကြောင့်မိမိရင်သားကို မှန်မှန်စစ်ဆေးပါ။ ရင်သားဓာတ်မှန်ကို လိုအပ်သလိုစစ်ဆေးပါ။ ရင်သားစမ်းသပ်စစ်ဆေးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘ၀နေထိုင်မှုပုံစံကျင့်သုံးပါ။ ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။ အ၀လွန်ခြင်းကိုကာကွယ်ပါ။ အာဟာရမျှတသော ကျန်းမာရေးနဲ့ညီညွတ်သော အသီးအရွက်များစားသုံးပါ။ သံသဖြစ်ဖွယ်တွေ့ရှိခဲ့မယ်ဆိုရင် စနစ်တကျအမြန်ဆုံးကုသမှုခံယူပါ။” ဟု ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း၏ အမှုဆောင် ဓာတ်ရောင်ခြည်ကင်ဆာအထူးကု ဆရာ၀န်ကြီး ဒေါက်တာဒေါ်မေကြည်မှ အသိပညာပေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရင်သားကင်ဆာကုသအောင်မြင်ထားသူ 42 ဦးတက်ရောက်ခဲ့ပြီး ကင်ဆာရောဂါခံစားနေရသူများ၏ မိဘဆွေမျိုးသားချင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ဖောင်ဒေးရှင်းမှအဖွဲ့ 15 ဖွဲ့ခွဲ၍ ရင်သားကင်ဆာစမ်းသပ်နည်းများလည်း သင်ကြားပြသခဲ့ပြီး ကုသိုလ်ပါ၀င်လှူဒါန်းထားသော ပန်းရောင်ပစ္စည်းများအား ကံစမ်းမဲနှိုက်ပေးခြင်းနှင့် လှူဒါန်းသူများအတွက် ဂုဏ်ပြုလွှာများပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
Chit Chit Khaing






























