/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ-“ရင်သားကင်ဆာဂရုပြု

ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ “ရင်သားကင်ဆာဂရုပြု”အစီအစဉ်အား မေလ(15)ရက်နေ့တွင် ကျင်းပမည်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

         ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ ဦးဆောင်၍ “ရင်သားကင်ဆာဂရုပြု”အစီအစဉ်အား သူနာပြုတက္ကသိုလ်ခန်းမတွင်     2016 ခုနှစ်၊ မေလ 15 ရက်နေ့ (တနင်္ဂနွေနေ့)၌ နံနက် 9 နာရီ မှ နေ့လည် 12 နာရီ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

          “ရင်သားကင်ဆာကို စတင်တွေ့ရှိသူဟာ အမျိုးသမီးတွေကိုယ်တိုင်သာဖြစ်တယ်။ ဒါပေမယ့် ဆရာ၀န်တွေဆီကို ရောက်တဲ့အခါမှာ အဆင့်ကနောက်ကျနေတာများတယ်။ အခုချိန်မှာ အမျိုးသမီးတွေမှာဖြစ်တဲ့ ကင်ဆာရောဂါတွေထဲမှာ ရင်သားကင်ဆာဟာ နံပါတ်တစ် အဖြစ်အများဆုံးနဲ့ အသေအပျောက်အများဆုံး ရောဂါဖြစ်ပေမယ့် သတိပြုမိတာနည်းနေကြတယ်။ ဒါ့ကြောင့် စောစောသိပြီး ဖြစ်လာရင်လည်း ထိထိရောက်ရောက်ကုသမှုခံယူဖို့အတွက် Breast Cancer Awarness ကိုရစေချင်လို့ ဒီပွဲလေးကို လုပ်တာပါ။ ဒီပွဲကနေတစ်ဆင့် ရင်သားကင်ဆာအကြောင်းကို ပိုသိသွားကြမယ်လို့ ရည်ရွယ်ပါတယ်”ဟုရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်ရင်ရင်ထွန်း မှ ပြောကြားခဲ့ပါသည်။

          အဆိုပါပွဲတွင် ရွှေရောင်နှင်းဆီဖောင်ဒေးရှင်း၏ နာယက ပါမောက္ခ ဒေါက်တာဒေါ်မာလာသန်း မှ အဖွင့်အမှာစကား ပြောကြားမည်ဖြစ်ပြီး ဖောင်ဒေးရှင်း၏ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအား ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်ရင်ရင်ထွန်းမှ ပြောကြားမည်ဖြစ်ကာ အမှုဆောင် ဓာတ်ရောင်ခြည်ကင်ဆာအထူးကု ဆရာ၀န်ကြီး ဒေါက်တာဒေါ်မေကြည်မှ ရင်သားကင်ဆာအကြောင်းကို ဟောပြောပေးသွား မည်ဖြစ်သည်။ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းသည် ကင်ဆာနှင့်ပတ်သက်သည့် အသိပညာဆွေးနွေးပွဲများအား ကျင်းပပေးခဲ့သည်မှာ 45 ကြိမ်ရှိပြီဖြစ်ပြီး ရင်သားကင်ဆာနှင့်ပတ်သက်၍ဆွေးနွေးခြင်းမှာ ယခုပွဲသည် စတုတၳအကြိမ်မြောက် ဖြစ်ကြောင်းလည်း သိရသည်။

          “အသက် 18 နှစ်ကျော် အမျိုးသမီးအားလုံး တက်ရောက်သင့်ပါတယ်။ ဒီပွဲကိုလာတက်ခဲ့အခါမှာ ရင်သားကင်ဆာဖြစ်နိုင်ချေရှိတဲ့ အကြောင်းတွေနဲ့ အဲ့လိုဖြစ်နိုင်ချေတွေ လျော့အောင်ဘာတွေလုပ်ရမလဲဆိုတဲ့ Knowledge တွေရနိုင်ပါတယ်။ ရင်သားအတုနဲ့ စမ်းပြပြီး ကိုယ်တိုင် စမ်းသပ်တတ်အောင်လည်း သင်ပေးမယ်။ ကာထားတဲ့အခန်းတွေထဲမှာ အစမ်းသပ်ခံချင်ရင်လည်း စမ်းသပ်ပေးမယ်။ ပြီးတော့အဲ့နေ့မှာအဖွဲ့15 ဖွဲ့ ဖွဲ့ပြီး အဖွဲ့15 ဖွဲ့က နေ ရင်သားကင်ဆာအသိပညာပေးပွဲတွေကို ဆင့်ပွားလုပ်သွားဖို့အစီအစဉ်ရှိပါတယ်။” ဟု ပါမောက္ခဒေါက်တာဒေါ်ရင်ရင်ထွန်းမှ ပြောသည်။

          ရင်သားကင်ဆာသည် မျိုးရိုးဗီဇလိုက်ခြင်းကြောင့် ဖြစ်တတ်သော်လည်း အ၀လွန်သူများ၊ ဆီးချို သွေးချိုေ၀ဒနာရှင်များ၊ လှုပ်ရှားမှုနည်းသူများ၊ အသင့်စား အစားအသောက် (Fast Foods) များကို အစားများသူများတွင်လည်း ဖြစ်နိုင်ကြောင်းသိရသည်။

          “ရင်သားကင်ဆာကုသအောင်မြင်ထားသူတွေကို ဖိတ်ကြားထားပါတယ်။ သူတို့ဘယ်လိုစသိပြီး ဘယ်လိုကုသမှုခံယူခဲ့တယ်ဆိုတာကို အဲ့ဒီနေ့မှာ ပြောပြပေးမှာပါ။ ရင်သားကင်ဆာ ကုသမှုမအောင်မြင်ခဲ့တဲ့ Family Member တွေလည်း တက်ရောက်မှာဖြစ်ပြီး ဆင့်ပွားပညာပေးလိုသူတွေလည်း တက်ရောက် ကြမှာပါ။ ရင်သားကို ခွဲစိတ်ဖယ်ရှားထားရသူတွေအတွက် ပွဲနေ့မှာ ရင်သားအတုပါတဲ့အတွင်းခံတွေလည်း လှူသွားဦးမှာပါ။ “Pink Rose Program for Breast Cancer Awarness”  “ပန်းရောင်နှင်းဆီ ရင်သားကင်ဆာဂရုပြုအစီအစဉ်”လို့ သတ်မှတ်ထားတာကြောင့် ပွဲနေ့မှာ ပန်းရောင်လေးတွေ ၀တ်ဖို့ပြောထားတယ်။ ၀တ်လာဖို့လည်းမျှော်လင့်ပါတယ်” ဟု ပါမောက္ခဒေါက်တာဒေါ်ရင်ရင်ထွန်းမှဆိုသည်။

          အဆိုပါပွဲနေ့တွင် ရင်သားကင်ဆာလူနာများရံပုံငွေအတွက် ပန်းရောင်ပစ္စည်းများအား ပါ၀င်လှူဒါန်းနိုင်ပြီး ရရှိပစ္စည်းများအား ကူပွန်တစ်ခုကျပ် 3000 ဖြင့် ပါ၀င်ကံစမ်းခြင်းဖြင့် ကုသိုလ်ယူနိုင်ကြောင်း သိရသည်။

 

Chit Chit Khaing

www.drmyanmar.com