/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/ရွှေရောင်နှင်းဆီ-ကင်ဆာဖောင်ဒေးရှင်းမှ-ကင်ဆာရောဂါ

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှ ကင်ဆာရောဂါ အကြောင်းသိကောင်းစရာ ပညာပေးဆွေးနွေးခဲ့

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

         ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)တို့ ပူးပေါင်း၍ ကင်ဆာရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        “ကျွန်မတို့ဒီနေ့ပြောကြားမှာတော့ အဖြစ်များတဲ့ ကင်ဆာတွေအကြောင်းကို ဆွေးနွေးမှာဖြစ်ပါတယ်။ အခုဆိုရင်အရှေ့တောင်အာရှဒေသမှာကော တစ်ကမ္ဘာလုံးမှာကော ရင်သားကင်ဆာက နံပါတ်တစ်ဖြစ်နေပါတယ်။ နံပါတ်နှစ်ကတော့ အဆုတ်ကင်ဆာပါ။ နံပါတ်သုံးအဖြစ်များတာက သားအိမ်ခေါင်းကင်ဆာဖြစ်ပါတယ်။ နံပါတ်လေးက အသည်းကင်ဆာနဲ့ နံပါတ်ငါးက အူမကြီးနဲ့ အစာဟောင်းကင်ဆာတို့ဖြစ်ပါတယ်။ အမျိုးသမီးတွေ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ ရင်သားကင်ဆာအကြောင်းကို ကျွန်မတို့ရဲ့ ဆွေးနွေးဟောပြောပြီး ကျန်းမာရေး စစ်ဆေးပေးမှုတွေပြုလုပ်ပေးသွားမှာဖြစ်ပါတယ်” ဟု ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌပါမောက္ခဒေါက်တာ ဒေါ်ရင်ရင်ထွန်းမှ ပြောကြားခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် အဖြစ်အများဆုံးသော  သားအိမ်ခေါင်းကင်ဆာ ၊ ရင်သားကင်ဆာနှင့် ခံတွင်းကင်ဆာ များအကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ဧည့်သည်တော်များအား ကင်ဆာရောဂါ စစ်ဆေးပေးခြင်း ၊ အသည်းရောင်ဘီပိုး စစ်ဆေးပေးခြင်း ၊ သွေးချိုစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်း၊ ခန္ဓာကိုယ် သိပ်သည်းဆ တိုင်းတာခြင်းနှင့် ခန္ဓာကိုယ်အဆီပါ၀င်မှု တိုင်းတာခြင်းစသည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။

            “သားအိမ်ခေါင်းကင်ဆာဟာ ကမ္ဘာတစ်၀ှမ်းလုံးမှာ နှစ်စဉ်ငါးသိန်းခန့်ဖြစ်တယ်။ ငါးသိန်းလောက်ဖြစ်တဲ့ အထဲမှာမှ တစ်၀က်လောက်က သေသေသွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လာပြကြတဲ့အချိန်က အရမ်းနောက်ကျလို့ပါ။ နောက်ကျကြရတဲ့ အကြောင်းရင်းတွေကတော့ ကျန်းမာရေးဗဟုသုတတွေ နည်းပါးကြတယ်၊ ပြရမှာရှက်ကြတယ်၊ ကြောက်ကြတဲ့ အတွက်ကြောင့်ဖြစ်တယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းတွေကတော့ ကာကွယ်ဆေးထိုးတာနဲ့ သားအိမ်ခေါင်းကင်ဆာရှိ/မရှိစစ်ဆေးဖို့ ဖြစ်တယ်။ သားအိမ်ခေါင်းကင်ဆာဟာ ဘာ့ကြောင့်ဖြစ်လည်းဆိုရင် ကြွက်နို့ပိုးကြောင့်ဖြစ်တယ် ၊ ကြွက်နို့ပိုးဟာ လိင်ဆက်ဆံမှုပြုစဉ်မှာဖြစ်တယ်၊ အဲ့တော့ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေမှာ ဖြစ်ဖို့အလားအလာတွေရှိနေတာမို့ စစ်ဆေးခံဖို့ အဓိကကျပါတယ်” ဟု ပါမောက္ခဒေါက်တာ ဒေါ်ရင်ရင်ဇော်မှ အသိပညာများမျှေ၀ခဲ့ပါသည်။

             “အခုဆိုရင် ကျွန်မတို့အမျိုးသမီးတွေကို အခြိမ်းခြောက်ဆုံးရောဂါတစ်ခုဟာ ရင်သားကင်ဆာပါ။ ရင်သားကင်ဆာဖြစ်နိုင်ချေရှိတဲ့သူတွေကတော့ မိခင်၊ ညီအစ်မ နှင့် ဆွေမျိုးများတွင် ရင်သားကင်ဆာဖြစ်ဖူးသူ၊ အသက် ၃၀ ကျော်မှ ကလေးမွေးသူ၊ မိမိကလေးကို မိခင်နို့မတိုက်ကျေွးသူ၊ အသက် ၁၂ နှစ် မတိုင်ခင်စောစီးစွာ ရာသီစလာသူ၊ အသက် ၅၅ နှစ် နောက်ပိုင်းမှ သွေးဆုံးသူ၊ ကိုယ်အလေးချိန်များလွန်းသူ ၊ အ၀လွန်သူ၊ ဆေးလိပ်သောက်သုံးသူတွေမှာ ဖြစ်နိုင်ချေတွေများပြီး အသက် ၄၀ ကျော်လာလေ ရင်သားကင်ဆာ ဖြစ်ပွားနိုင်မှုများလာလေဖြစ်တယ်။ ရင်သားကင်ဆာကို ခွဲစိတ်ကုသခြင်း၊ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်း၊ ကင်ဆာဆေးသွင်း ကုသခြင်းတို့အပြင် ပဋိဇီ၀ဆေးဝါးတွေန့ဲကုသနိုင်ပြီး အဆင့်ပေါ်မှာ မူတည်ပါတယ်၊ အသက်အရွယ်ပေါ်မှာမူတည်ပြီးရင် အားလုံးသော်လည်းကောင်း၊ လိုအပ်တာတွေတော့ ကုသရပါတယ်။ ရင်သားကင်ဆာမဖြစ်အောင်လို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘ၀ပုံစံကို ကျင့်ယူရမယ်၊ အ၀မလွန်ရဘဲ ပုံမှန်လှုပ်ရှားမှုတွေပြုရမယ်၊ ကျန်းမာတဲ့အစားအသောက်ဖြစ်တဲ့ ဟင်းသီးဟင်းရွက် တွေကို စားသောက်ပြီး အသားငါးတွေကိုလျှော့ရင်းနဲ့ ကျန်းမာသောလူနေမှု ဘ၀ပုံစံလေးကို  ပြောင်းလဲမယ်၊ မိမိ ရင်သားကိုစစ်ဆေးပြီး သံသယဖြစ်စရာတွေတွေ့ရင် တတ်ကျွမ်းနားလည်သူတွေ နဲ့ ပြမယ်ဆိုရင်တော့ ဒီရောဂါသည် ကုသလို့ပျောက်ကင်း နိုင်ပါတယ်လို့ပြောချင်ပါတယ် ” ဟု ဒေါက်တာဒေါ်မေကြည်မှဆွေးနွေးဟောပြောခဲ့ပါသည်။

        ထို့နောက်ပါမောက္ခဒေါက်တာဒေါ်ဆွေဆွေ၀င်းမှ  “ခံတွင်းကင်ဆာဟာ ဆေးလိပ် ကွမ်းယာတွေနဲ့ ဆက်နွယ်နေတယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ နိုင်ငံတကာမှာလုပ်ထားတဲ့ သုတေသနတွေအရ ၆ စက္ကန့်ကို လူတစ်ယောက်သေပါတယ်။ ခံတွင်းကင်ဆာဖြစ်တဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်ကြောင့်ဖြစ်တယ်ဆိုတာ သိဖို့လိုပါတယ်။ ကိုယ်တိုင်ဆေးလိပ် မသောက်ပေမယ့် မိသားစုတွေထဲမှာ ဆေးလိပ်သောက်သူတွေရှိမယ်ဆိုရင် အငွေ့ရှူရုံနဲ့ ရောဂါတွေဖြစ်ပွားနိုင်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးတွေမွေးဖွားလာတာလည်း အဲ့ဒီ့ရဲ့ အကျိုးဆက်တွေပဲဖြစ်ပါတယ်။ နောက်တစ်ခုကကွမ်းယာပါ၊ ကွမ်းစားတဲ့ အခါမှာ ကွမ်းသီးကြောင့် ပါးစောင်အတွင်းသားတွေမာလာမယ် ၊ ဖြူလာမယ် ၊ နောက်ပါးစပ်မဟနိုင်တော့ဘူး။ ပါးစောင်မှာ အနာတွေဖြစ်လာတဲ့အခါမှာ အဲ့ဒီကတစ်ဆင့် ကင်ဆာရောဂါတွေဖြစ်လာတာပါ။ လျှာမှာလည်း ဖြစ်နိုင်တယ်၊ ပါးစောင်မှာလည်းဖြစ်နိုင်တယ်၊ သွားဖုံးရိုးမှာလည်းဖြစ်နိုင်တယ်။ များသောအားဖြင့် ကွမ်းစား၊ ဆေးလိပ်သောက်ခြင်းတွေက ခံတွင်းကင်ဆာကိုဖြစ်စေတာပါ။ ကိုယ့်ပါးစပ်ထဲမှာ အနီကွက်တွေ၊ အဖြူကွက်တွေနဲ့ မသင်္ကာစရာတွေများ တွေ့လာခဲ့မယ်ဆိုရင်လာပြပါ။ ကိုယ့်ရဲ့ပါးစပ်ကို ပြဖို့မရှက်ပါနဲ့” ဟု ပြောကြားခဲ့ပါသည်။

                 အဆိုပါဆွေးနွေးမှုအပြီးတွင် ကျန်းမာရေးအခမဲ့စစ်ဆေးခြင်းများအား ပြုလုပ်ပေးခဲ့ပြီး  ဧည့်သည်တော်များအား ကင်ဆာအထူးကုဆရာ၀န်နှင့်တွေ့ဆုံခြင်း၊ အထွေထွေရောဂါကု ဆရာ၀န်နှင့် တွေ့ဆုံခြင်းစသည့် အစီအစဉ်များလည်းပြုလုပ်ပေးခဲ့ပါသည်။

 

Chit Chit Khaing

www.drmyanmar.com