/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/လူနာများ၏-အာဟာရလိုအပ်ချက်ကို-ဖြည့်တင်းပေးနေသော

လူနာများ၏ အာဟာရလိုအပ်ချက်ကို ဖြည့်တင်းပေးနေသော တန်ဘိုးသင့်ထမင်းဟင်းများ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        ကျန်းမာရေးချို့တဲ့နေသောလူမမာတစ်ဦးအတွက် သန့်ရှင်းပြီး အာဟာရပြည့်ဝသော အစားအစာများ မှီ၀ဲစားသုံးရရေးသည် အဓိကကျသော လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း အာဟာရထမင်းဟင်းလိုအပ်ချက်များအား လှူဒါန်းနိုင်ရန် စီစဉ်ပေးနေသော “တန်ဘိုးသင့်နေ့လည်စာ”အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါက်တာ မသန္တာဝင်းနှင့် ကျွန်မတို့ Dr Myanmar ကျန်းမာရေး၀က်ဘ်ဆိုက်ဒ်မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

မေး  ။     ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တန်ဘိုးသင့်ညနေစာလှူဒါန်းလို့ရမယ့် အကြောင်းလေးနဲ့ပတ်သက်ပြီး သိချင်ပါတယ်ရှင့်။ တန်ဘိုးသင့်ညနေစာကို ဘယ်အချိန်ကစပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လှူဒါန်းနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့တာလဲဆိုတာလေးသိပါရစေရှင့်။

ဖြေ  ။     ။ ကျွန်မတို့တန်းဘိုးသင့်ညနေစာစတာကတော့ ဖေဖော်ဝါရီလ 2 ရက်နေ့ပေါ့.. ဒီ 2016 ခုနှစ်ထဲမှာပါ။ စဖြစ်တာကတော့ အင်္ဂပူမှာ ဒေါက်တာနန္ဒဝင်းက တန်ဘိုးသင့်ညနေစာဆိုပြီးတော့ အင်္ဂပူမြို့နယ်ထဲမှာ လုပ်တဲ့နေရာမှာအောင်မြင်တယ်။ အဲ့မှာသူက ပြည်သူ့ဂုဏ်ရည်ဆုတွေဘာတွေရတယ်။ အဲ့ဒီလုပ်ငန်းနဲ့လည်း လူနာတွေရော ကျေးလက်ဒေသကရွာသူရွာသားတွေရော အကျိုးရှိတယ်ဆိုတာ တွေ့ရတယ်ပေါ့။ အဲ့ဒါကို ရန်ကုန်မှာလည်းလုပ်ချင်တယ်ဆိုတာနဲ့ ဆရာနန္ဒဝင်းရယ် ကျွန်မရယ် နောက်ပြီးကျွန်မသူငယ်ချင်းတွေ ကျွန်မတို့ same batch တွေနဲ့စပြီးတော့ ကုတင် 500 ဆေးရုံမှာ စလုပ်ဖြစ်ကြတယ်။ ကုတင် 500 ဆေးရုံရှေ့မှာ အဲ့တုန်းကတော့ တန်ဘိုးသင့်နေ့လည်စာဆိုပြီးစရောင်းကြတယ်။ ရောင်းပြီးသိပ်မကြာဘူး… 15 ရက်လောက်ပဲရှိသေးတယ်။ စည်ပင်ကနေပြီး လမ်းဘေးမှာဖြစ်တဲ့အတွက် မရောင်းဖို့လာပြောတဲ့အတွက် သူငယ်ချင်းတွေ ပြန်တိုင်ပင်ကြတယ် အဲ့ဒါဆိုရင် မရောင်းကြရရင် ဆေးရုံတွေမှာလှူကြမယ်ဆိုပြီး အဲ့ဒီကနေ အလှူလေးစတာပေါ့နော်။ အဲ့ဒါက ကုတင် 500 မှာစတာ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာကျတော့ အလှူရှင်တစ်ယောက်က နှစ်ဆန်း 1 ရက်နေ့မှာလှူချင်တော့… လှူချင်ပေမယ့် ကုတင် 500 ဆေးရုံမှာက လူနာကလည်းနည်းနေတယ်။ သူက လူနာ 600 စာလှူချင်တယ်။ ကုတင် 500 ဆေးရုံမှာ လူနာက 300 လောက်ပဲရှိတယ် 300 စာပိုနေတယ်။ နောက်နေ့အတွက်ဆိုတော့ မဟုတ်ဘူး… ရန်ကုန်ဆေးရုံကြီးမှာလည်း လှူကြမယ်ဆိုပြီး အဲ့ဒီကနေစဖြစ်တယ်ပေါ့။

 

မေး  ။     ။ တန်ဘိုးသင့်ညနေစာမှာ ဘယ်လိုမျိုး အစားအစာတွေကို လူတစ်ဦးဆိုရင် ဘယ်လောက်နှုန်းဆိုပြီး စီစဉ်ပေးပါသလဲ။ ဟင်းအမျိုးအမည်ဘယ်နှစ်ခုလောက် ထည့်သွင်းပေးထားပါသလဲ။

ဖြေ  ။     ။ လှူရတဲ့ဟာကတော့ တစ်ယောက်ကိုတစ်ထောင်နှုန်းပေါ့။ တစ်ယောက်တစ်ထောင်မှာ ကျွန်မတို့က ပေါ်ဆန်းမွှေးထမင်းပါတယ်။ အသားဟင်းနှစ်တုံးပေါ့…ကြက်ဆိုရင် အသားတစ်တုံး အရိုးပါတာတစ်တုံးပေါ့နော်။ အသားမဟုတ်ရင်တော့ ဘဲဥနဲ့အာလူးပေါ့။ ပြီးတော့သီးစုံပဲကုလားဟင်း… 3 မျိူး ပေးတာပေါ့။ လှူတာကတော့ ကြိုက်တဲ့အရေအတွက် လှူလို့ရတာပေါ့နော်။ ကျွန်မတို့က အလှူပစ္စည်းနဲ့ လှူမယ့်နေရာ၊ ဆေးရုံမှာရှိတဲ့ လူနာအရေအတွက်နဲ့မျှတအောင်စီစဉ်ပြီး သိပ်ပြီးလိုလို့လည်းမရဘူး။ သိပ်ပြီးပိုလို့လည်းမဖြစ်ဘူးပေါ့။ ဟင်းအမျိူးအစားတွေကတော့ ကျွန်မတို့ကအများစာဖြစ်တဲ့အတွက် 4 မျိုးစီစဉ်ထားတယ်ပေါ့။ ကြက်သားဟင်း၊ ငါးကြော်နှပ်၊ ငါးဖယ်ဟင်းနဲ့ နောက်ဘဲဥနဲ့အာလူးဆိုပြီး 4 မျိုးရှိပါတယ်။ အဲ့ထဲကမှ အလှူရှင်က ကိုယ်ကြိုက်တဲ့ဟင်းနဲ့မှာပြီးကျေွးလို့ရပါတယ်။ ကိုယ်အာသီသရှိတဲ့ဟာ ဘယ်ဟာပဲယူယူ တစ်ထောင်နှုန်းပါ။ ဈေးအပြောင်းအလဲမရှိပါဘူး။ ထမင်းဆိုင်လို ရောင်းတာလည်းမဟုတ်တဲ့အခါကျတော့ ဘဲဥဆိုလည်း ဈေးသက်သာရင်သက်သာသလို ပိုထည့်ပြီး စီစဉ်ပေးလိုက်တာမျိုးတွေလည်းရှိပါတယ်။

 

မေး  ။     ။ အလှူရှင်တွေအနေနဲ့ တောင်းဆိုတာတွေကိုရော သီးခြားစီစဉ်ပေးတာမျိုးတွေရှိပါသလား။ ဥပမာ တန်ဘိုးသင့်ညနေစာအစား နေလည်စာဆိုပြီး အလှူရှင်တောင်းဆိုလို့ စီစဉ်ပေးတာမျိုးလေးတွေရောရှိပါသလား။

ဖြေ  ။     ။ အလှူရှင်တွေက ပေါ်ဆန်းထမင်းရယ်၊ အသားဟင်းနဲ့သီးစုံကုလားဟင်း 3 မျိုးအပြင် အရွက်ကြော်လေး၊ ချည်ပေါင်ကြော်လေး ထည့်ချင်တယ်လို့ သူတို့တောင်းဆိုရင်စီစဉ်ပေးတာမျိုးတော့ရှိပါတယ်။ ပုံမှန်အနေနဲ့ကတော့ မလုပ်ပေးပါဘူး။ ပုံသေကတော့ ခုနက 3 မျိုးပါပဲ။ ကျွန်မတို့အနေနဲ့ အာဟာရတန်ဖိုးလည်းတွက်ထားပေးပါတယ်။ သီးစုံပဲဟင်းဆိုလည်း အသီးအရွက်အစုံထည့်ပေးထားပြီး ဟင်းရည်ဖြစ်ရင်ပြီးရောလုပ်ထားတာမျိုးမဟုတ်ဘူးပေါ့။ စီစဉ်ပေးထားတဲ့ 3 မျိုးနဲ့တင်ပဲ အာဟာရတန်ဖိုးလုံလောက်တယ်ပေါ့။ အလှူရှင်က အရွက်ကြော်လေးထည့်ပေးရင် ပိုကောင်းမယ်…ထည့်ပေးပါဆိုလို့ရှိရင်လည်း ကျွန်မတို့ကလုပ်ပေးပါတယ်။ အဲ့အတွက်ကတော့ ကုန်ကျစရိတ်သပ်သပ်ပေးရတယ်ပေါ့။ ရှိတဲ့ 3 မျိုးပဲလှူလိုက်ကြတာပိုများပါတယ်။

 

မေး  ။     ။ တန်ဘိုးသင့်ညနေစာပဲ လှူဒါန်းလို့ရနိုင်တာလားရှင့်။ ညနေစာနေရာမှာ နေ့လည်စာ လှူချင်သူတွေအတွက်ရော စီစဉ်ပေးတာမျိုးရှိပါသလာ။ အခက်အခဲရှိ/မရှိသိပါရစေ။

ဖြေ  ။     ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပထမဆုံးညနေစာအလှူနဲ့ နှစ်ဆန်းတစ်ရက်နေ့ကနေ စတင်ခဲ့တယ်။ ပြီးတော့ ကျွန်မတို့အဖွဲ့က ဇွန်လကနေစပြီး ရန်ကုန်ဆေးရုံကြီးစားသောက်ဆိုင်တန်းမှာ ဆိုင်ခန်းလေးတစ်ခန်းယူလိုက်တယ်။ ဆေးရုံအုပ်ချုပ်ရေးဝန်ထမ်းတွွေအကုန်လုံးနဲ့ညှိနှိုင်းပြီး တန်ဘိုးသင့်နေ့လည်စာဆိုပြီး စပြီးတော့ဖွင့်ပေးတယ်။ လူနာတွေမဝယ်စားနိုင်မှာစိုးလို့ 800 နဲ့ရောင်းပေးတယ်။ ပေါ်ဆန်းထမင်းရယ်။ အသားဟင်းတစ်မျိုးနဲ့ သီးစုံကုလားဟင်း 3 မျိုးကို ဈေးချရောင်းပေးတယ်။ အဲ့ဒီ 800 က ဘေးဆိုင်တွေနဲ့လည်း ဈေးညှိပြီးရောင်းပေးတာဖြစ်ပေမယ့် ချက်ပြုတ်တဲ့ပစ္စည်းတွေအနေနဲ့တော့ အခြားကထက် အကောင်းတွေကိုပဲအသုံးပြုထားပါတယ်။ ဆန်ဆိုရင် ပေါ်ဆန်းမွှေးနဲ့ ဆီဆိုလည်းနေကြာဆီကို အသုံးပြုပါတယ်။ အချိုမှုန့်လုံးဝအသုံးမပြုပါဘူး။ ငရုတ်သီးမှုန့်ကလည်း ဆိုးဆေးလုံးဝမပါတဲ့ ကိုယ်တိုင်ကြိတ်တဲ့ အကောင်းစားကိုအသုံးပြုထားပြီး သန့်ရှင်းမှုကို အလေးထားစီစဉ်ချက်ပြုတ်ကြတာပါ။ ဆိုင်မှာရောင်းရင်းနဲ့ကနေ နောက်တော့ နေ့လည်စာအတွက် သီးသန့် suspension (စောင့်ဆိုင်း) အစီအစဉ်လေးတွေဖြစ်လာတာကြောင့် အလှူရှင်တွေလာလှူတဲ့အခါ ဆိုင်နဲ့စီစဉ်ရတာလေးတွေကြောင့် အခက်အခဲလေးတွေ မအားတာလေးတွေဖြစ်လာတာကြောင့် တန်ဖိုးနည်းညနေစာကိုပဲလှူဖြစ်ဖို့ အလှူရှင်တွေကိုမေတ္တာရပ်ခံရတယ်။ တစ်ချို့ကတော့ နေ့လည်မှာပဲ ကျေွးချင် တယ်ဆိုလည်း ချွင်းချက်အနေနဲ့ စီစဉ်ပေးတာတော့အနည်းငယ်ရှိပါတယ်။

 

မေး  ။     ။   အခုအမပြောသွားတဲ့ Suspension (စောင့်ဆိုင်း) အစီအစဉ်လေးအကြောင်းလည်း သိပါရစေရှင့်။

ဖြေ  ။     ။    ဇွန်လတုန်းက ရန်ကုန်ဆေးရုံမှာ တန်ဘိုးသင့်နေလည်စာဆိုင်စဖွင့်ပြီး ရောင်းနေရာကနေ ဇူလိုင်လမှာ အသိတစ်ယောက်ကနေပြီး နိုင်ငံခြားမှာဆိုရင် Coffee ဆိုင်တွေမှာ တတ်နိုင်တဲ့လူက Coffee ဝယ်သောက်လိုက်တယ် ပြီးရင်တစ်ခွက်ဖိုး စသဖြင့်လှူခဲ့တယ်။ အဲ့လိုလှူခဲ့ရင် သူတို့နိုင်ငံက အိမ်ခြေယာမဲ့တွေကဝင်လာပြီးတော့ suspension coffee မရှိဘူးလားမေးတယ်။ ဆိုင်ကနေရှိတယ်လို့ တစ်ခွက်ပေးလိုက်တယ်။ အဲ့ဒါကသူတို့နိုင်ငံမှာ အိမ်ခြေယာမဲ့တွေအတွက် လှူပေးတဲ့အစီအစဉ်လေးဖြစ်ပြီး ကျွန်မတို့ဆိုင်မှာလည်း အဲ့လိုလေးလုပ်ဖို့အကြံဉာဏ်ပေးတော့ ကျွန်မတို့ဆီမှာလာဝယ်တဲ့သူတွေဆိုတာကလည်း အဲ့လိုလှူဖို့အတွက် သူတို့အပူနဲ့သူတို့ဖြစ်နေတာ အားလုံးကလည်းလူနာရှင်တွေဆိုတော့ လှူဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲ့လိုနဲ့စဉ်စားလိုက်တော့ ကျွန်မတို့အနေနဲ့ ကိုယ့်ဘာကိုယ်လှူလည်းဖြစ်နိုင်တယ်။ တစ်နေ့ကို 5 ယောက်စာနှုန်းနဲ့ဆို တစ်လကို ရှစ်သောင်းတစ်သိန်းလောက်ကျမယ်ပေါ့။ အဲ့ဒါလေးတော့ လှူနိုင်တယ်လေ။ ကိုယ်ဆိုင်ဖွင့်တဲ့ထဲက ရောပြီးချက်သွားလည်းရနေတော့ သိပ်မသိသာဘူးဆိုပြီးစလိုက်တယ်။ ဆေးရုံထဲက 17၊ 18 မှာ ကျွန််မသူငယ်ချင်း ဒေါက်တာချိုချိုမာဆိုပြီးရှိတယ်။ သူနဲ့တိုင်ပင်ပြီး သူဌာနကလူနာတွေထဲက အလှူထမင်းစားမှဖြစ်မယ့် လူနာ 5 ယောက်လောက်ကို ကျွန်မတို့က ကတ်ပြားလေးတွေစီစဉ်ပြီး အဲ့ကတ်ပြားနဲ့ ဆိုင်မှာထမင်းလာယူရင် ထမင်းဟင်းပေးလိုက်မယ်ဆိုပြီး အစီအစဉ်စခဲ့တယ်။ အဲ့အစီစဉ်လေးကို ကျွန်မကဖေ့ဘုတ်ပေါ်တင်လိုက်ရာကနေ အလှူရှင်တွေသိသွားပြီး ဝိုင်းအုံပြီးလှူလိုက်ကြတာ အလှူငွေအရမ်းများသွားတယ်။ အဲ့လိုနဲ့ 5 ယောက်ကနေ 10 ယောက် အဲ့ကနေတဖြည်းဖြည်းနဲ့တိုးလာတော့ ကတ်ပြားတွေစီစဉ်ရ ထမင်းဟင်းတွေလိုက်ပေးရနဲ့ နောက်ဆုံးကျတော့ အရမ်းများသွားပြီး မနိုင်မနင်းဖြစ်ကုန်တာနဲ့ ဆေးရုံအုပ်ကြီးနဲ့တိုင်ပင်ပြီး ကျွန်မတို့မှာက လှူနိုင်တဲ့အင်အားရှိတယ်။ တစ်နေ့ကို အယောက် 90 လောက်လှူနိုင်တယ်ဆိုပြီး။

      ဆေးရုံကလည်း ထမင်းချက်ကျေွးနေတာရှိတယ်။ ဒါပေမယ့် သူတို့က တစ်နပ်ပဲကျေွးတော့ ကျွန်မတို့က လူနာတွေ နှစ်နပ်စားရအောင် ဆေးရုံကချက်ကျေွးနေတဲ့ နေ့လည်စာနေရာကို ကျွန်မတို့ suspension နေ့လည်စာနဲ့ စီစဉ်လိုက်တယ်။ ညနေစာကိုတော့ ဆေးရုံကချက်ကျေွးတယ်။ ဆေးရုံတက်နေတဲ့ ဆေးရုံထမင်းစားတဲ့ လူနာ List စာရင်းတွေအတိုင်း ကတ်ပြားတွေလုပ်ပြီး ဆေးရုံအုပ်ချုပ်ရေးက လူမှုရေးအရာရှိကို ကတ်ပြားတွေပေးထားပြီး သူက လူနာတွေကိုပေးပေးတယ်။ လူနာတွေက ဆိုင်မှာနေ့ခင်း 10 နာရီခွဲကနေ 11 နာရီဆိုရင် ဆိုင်မှာတန်းစီပြီး အလှူထမင်းဟင်းကို လာယူကြတယ်။

 

မေး  ။     ။   suspension တန်ဘိုးသင့်နေ့လည်စာထမင်းကို လူနာအရေအတွက် ဘယ်လောက်အတွက်စီစဉ်ပေးပြီး အဖွဲ့ကဘယ်လိုရပ်တည်လုပ်ဆောင်ပေးနေပါသလဲ။

ဖြေ  ။     ။    အခုပုံမှန်လည်ပတ်နေတာက ဆေးရုံကြီးမှာ Suspension စနစ်နဲ့ တန်ဘိုးသင့်နေ့လည်စာထမင်းကို လူနာအရေအတွက် 70 နဲ့ 80 ကြားအတွက်စီစဉ်ပေးနေပြီး ကုတင် 500 ဆေးရုံမှာ လူနာ 15 ယောက်ကို ချိုင့်ပို့ပေးတော့ အားလုံးပေါင်း 90 ခန့်နဲ့ အဲ့ဒီဝန်းကျင်လောက် ကျွန််မတို့နေတိုင်းကျေွးတယ်။ တနင်္ဂနွေတစ်ရက်ကတော့ဆိုင်ပိတ်တော့ တစ်ပတ်ကို 6 ရက်နှုန်းနဲ့သွားတယ်။ suspension ကတ်ပြားအားလုံးကိုအလှူငွေတွေနဲ့လည်ပတ်နေပါတယ်။

 

မေး  ။     ။   လက်ရှိမှာရော အခြားဘာပရဟိတတွေ အမတို့အနေနဲ့ဆောင်ရွက်နေတာရှိပါသလဲရှင့်။

ဖြေ  ။     ။    အမတို့အနေနဲ့ လက်ရှိတော့ တန်ဘိုးသင့်ထမင်းဟင်းကိုပဲ ဦးစားပေးလုပ်နေပါတယ်။ အရင်ကတော့ တခြားပရဟိတလေးတွေ ဆောင်ရွက်တာရှိပေမယ့် အမတို့အဖွဲ့က “တန်ဘိုးသင့်နေ့လည်စာ”အဖွဲ့လို့ပဲ နာမည်ပေးထားပါတယ်။ အသင်းမှာ အမအပါအဝင် ဦးဆောင်သူ 6 ယောက်ရှိပြီး ချက်ပြုတ်သူနဲ့ ဝန်ထမ်းစုစုပေါင်း 10 ယောက်လောက်နဲ့ဆောင်ရွက်နေပြီး ကျန်တာကတော့ အလှူရှင်တွေကပဲ ဝိုင်ဝန်းပံ့ပိုးပြီး ကျေွးကြ၊ ဆောင်ရွက်ကြပါတယ်။

 

မေး  ။     ။   အလှူရှင်တွေအနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တန်ဘိုးသင့်နေလည်စာ လှူဒါန်းမယ်ဆိုရင် ဘယ်လိုမျိုးအမတို့နဲ့ဆက်သွယ်နိုင်မလဲရှင့်။ လှူဒါန်းဖို့အတွက်ရော ဘာတွေ လိုအပ်နိုင်မလဲပြောပြပေးပါဦးရှင့်။

ဖြေ  ။     ။    တန်ဘိုးသင့်ထမင်းဟင်းကို လှူဖို့ဆက်သွယ်မယ်ဆိုရင် ကျွန်မရဲ့ ဖုန်းနံပါတ် 09-5177062 ကို စာရင်းနဲ့ ဘယ်နေ့၊ ဘယ်ရက်မှာ ဘယ်နှစ်ယောက်စာလှူမယ်ဆိုပြီး ဆက်သွယ်နိုင်ပါတယ်။ Suspension အစီအစဉ်အတွက် ငွေလှူမယ်ဆိုရင်တော့ ကုတင် 500 ဆေးရုံ၊ အရိုးအကြောအဆစ်ဆေးပညာဌာနက သူနာပြုဆရာမတွေဆီမှာ အလှူငွေပေးလိုက်ရင် ဘောင်ချာဖြတ်ပိုင်းနဲ့ သူတို့လက်ခံပေးပါတယ်။ အလှူကတော့ ညနေစာအတွက် စီစဉ်တာပဲများပါတယ်။ နေ့လည်စာက ဆေးရုံကြီးကဆိုင်အတွက်နဲ့ suspension အတွက် အချိန်ပေးရတာရှိတဲ့အတွက်ပါ။ လှူတာကတော့ အများကြီးလှူကြပါတယ်။ နိုင်ငံခြားတွေကရော လှူကြပါတယ်။

 

မေး  ။     ။   ဒီလိုလှူဒါန်းမှုနဲ့ပက်သက်ပြီး အမအနေနဲ့ဖြည့်စွက်ပြောကြားလိုတာလေးပြောပေးပါဦး။

ဖြေ  ။     ။    လူနာတွေအနေနဲ့ ထမင်းဟင်းတွေလာယူတဲ့နေရာမှာ တကယ့်ကိုစည်းကမ်းရှိပြီး အချင်းချင်းညှာကြပြီးယူကြတယ်။ သူတို့မှာထမင်းတစ်လုတ်စားဖို့ကို ပြဿနာတွေက အများကြီးရှိတော့ အလှူရှင်ဘက်ကရော လူနာတွေဘက်ကရောကြည့်ပြီး ကျွန်မတို့က ဒီလိုစီစဉ်ပေးနိုင်တဲ့အတွက် ပီတိဖြစ်ရပါတယ်။ အခုနောက်ပိုင်းမှာလည်း မော်လမြိုင်၊ နေပြည်တော်တို့ကဆေးရုံတွေနဲ့ မြောက်ဥက္ကလာဆေးရုံတို့ကနေ သူတို့လည်း ဒီတန်ဘိုးသင့်ထမင်းဟင်းအစီအစဉ်တွေကို စိတ်ဝင်စားတယ်ဆိုပြီး ဆက်သွယ်လာတာရှိတယ်။ ကျွန်မတို့အဖွဲ့ကနေပြီး ဘယ်လိုလုပ်ကိုင်ရတယ် စီစဉ်ရတယ်ဆိုတာတွေအပေါ် share လုပ်သွားပေးဖို့ရှိပါတယ်။

 

May Su Hlaing

www.drmyanmar.com