အပူရှပ်ခြင်းအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲ ဆာကူရာဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့
အပူရှပ်ခြင်း (Heat Stroke)နှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်အတွက် 2016 ခုနှစ်၊ မေလ၊ 14 ရက်နေ့တွင် ဆာကူရာဆေးရုံ၌ အသိပညာပေးဟောပြောပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင် ကလေးရောဂါကုသမှုပါရဂူ ဒေါက်တာဦးဇော်မင်းထွေး မှ ဆွေးနွေးပြောကြားပေးခဲ့ပြီး Pocari Sweat ION ဖြည့်အချိုရည်မှ ကူညီအားဖြည့်ပေးခဲ့သည်။
ဒေါက်တာဦးဇော်မင်းထွေးမှ ယခုလို ပူပြင်းသောရာသီတွင် အဖြူရောင်(သို့) အရောင်ဖျော့သော ချည်ထည်အကျႌများကို ၀တ်ဆင်ရန်၊ နေပူထဲမှ ပြန်လာလာချင်း ရေမချိုးရန်၊ အပူချိန်ပြင်းသည့် နေခင်းအချိန်များ တွင် ကိုယ်လက်လှုပ်ရှားမှုများ မပြုရန် စသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေးအတွက် အရေးကြီးသည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် အပူဒဏ်ကို ခံနိုင်ရည်နည်းပါးပြီး အပူရှပ်ရန်အခွင့်အလမ်းပိုများသည့်အတွက် ပို၍ဂရုစိုက်သင့်ကြောင်း၊ ရေနှင့်ဓာတ်ဆားမဆုံးရှုံးအောင် လူတိုင်းသတိထားသင့်ကြောင်း ဆွေးနွေးပေးခဲ့ပြီး အရိပ်ရသစ်ပင်စိုက်ပျိုးခြင်း၊ သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းခြင်းတို့ ပြုလုပ်သွားသင့်ကြောင်း တိုက်တွန်းပြောကြားသွားခဲ့သည်။






























