အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းနေ့ အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်
၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းနေ့ အထိမ်းအမှတ် အခမ်းအနားအနေဖြင့် ကျင်းပသော အသိပညာပေး ဟောပြောပွဲ တစ်ခုကို မေလ၊ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစာအိမ်နှင့် အူလမ်းကြောင်းဌာနမှ အထူးကုဆရာ၀န်ကြီး ပါမောက္ခ္ခ၊ဌာနမှုး ဒေါက်တာသိန်းမြင့်က အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ သိကောင်းစရာများအကြောင်းကို ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပြီး စိတ်ပါ၀င်စားသူများ တက်ရောက်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းနေ့ အထိမ်းအမှတ်အဖြစ် ဆရာကြီးမှ ကူးစက်နိုင်သော အသည်းရောင် အသားဝါရောဂါ A, B, C,၊ H Pylori အစာအိမ်ရောဂါပိုး၊ အမီးဘား၀မ်းကိုက်ပိုး၊ ရှီဂဲလား၀မ်းကိုက်ပိုး၊ ၀မ်းလျော၀မ်းပျက်ရောဂါ၊ သန်ကောင်ရောဂါနှင့် ခန္ဓာကိုယ်တွင်းထဲတွင် အဖြစ်များသော ကင်ဆာအကြောင်းများအား အသိပညာပေး ဟောပြောပေးခဲ့သည်။
"အဖြစ်များတဲ့ရောဂါတွေထဲမှာ ကင်ဆာတွေ ပါတယ်။ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာတွေ စသဖြင့်ပေါ့။ မြန်မာနိုင်ငံမှာ နောက်တစ်ခုက အူလမ်းကြောင်းမှာ တီဘီဖြစ်တာ၊ ဒါလည်း အဖြစ်များတယ်။ တချို့ကျတော့လည်း မျိုးရိုးလိုက်တဲ့ရောဂါတွေ ဖြစ်တယ်။ ခန္ဓာကိုယ်တွင်းထဲမှာ ဖြစ်တာတွေက အစာရေမျိုကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ၊ အဲ့ဒါတွေက ကိုယ်တွင်းပိုင်းမှာ ဖြစ်ကြတယ်။ နောက်တစ်ခုက နိုင်ငံခြားမှာ အဖြစ်များနေတဲ့ ရောဂါတစ်မျိုး ရှိတယ်။ မြန်မာလိုအခေါ်တော့ အူရောင်အနာရောဂါ၊ အူထဲမှာ အနာတွေ အများကြီးဖြစ်နေတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ ဘယ်သူမှ သေချာမသိဘူး။ တစ်ခုခုနဲ့ ဓာတ်မတည့်လို့ ဖြစ်ပါတယ်။ အဲ့လူတွေက ကြာရင် ဆေးသောက်ရတယ်။ နိုင်ငံခြားမှာတော့ တော်တော်လေး အဖြစ်များတယ်။ ၀မ်းလျောတယ်၊ ဗိုက်အောင့်တယ်ဆိုရင် သူတို့က အဲ့ဒီ့ရောဂါလို့ တော်တော်လေး စဉ်းစားတယ်။ ကျွန်တော်တို့က တီဘီတို့၊ တခြားရောဂါတို့ စဉ်းစားတယ်။ သူတို့ကတော့ စဖြစ်တာနဲ့ ဒီရောဂါလို့ စဉ်းစားတယ်။ သူက မျိုးရိုးလိုက်တဲ့ရောဂါ တစ်ခုတည်းမှာလည်း ပါမှာပေါ့။ တချို့ရောဂါပိုးတွေက ကူးစက်တယ်၊ များသောအားဖြင့် အသည်းရောင် အသားဝါပေါ့။ A ပိုးကလွဲရင် ကျန်တဲ့ B ပိုး၊ C ပိုးတို့ ကူးစက်တယ်။ အစာအိမ်ရောဂါပိုးဆိုတာလည်း ကူးစက်နိုင်တဲ့အထဲမှာ ပါတယ်။ အစာအိမ်ရောဂါပိုးက ကူးစက်နိုင်ပြီးတော့ ကင်ဆာပါ ဖြစ်သွားစေနိုင်တယ်။ အဲ့ဒီ့အကြောင်းအရာကို တွေ့ရှိခဲ့တဲ့ ပညာရှင်က နိုဗယ်ဆုပါ ရသွားခဲ့တယ်။ ၀မ်းလျောရောဂါတို့၊ သန်ကောင်ရောဂါတို့နဲ့လည်း အတူတူပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့စားတဲ့ အစားအသောက်တွေမှာ မသန့်ရှင်းတာတွေ၊ ဖုန်တွေနဲ့ ယင်နားတာတွေကတစ်ဆင့် ဗိုက်တွေနာ၊ သန်တွေထတာတွေ ဖြစ်တဲ့အတွက် ရောဂါပိုး ကူးနိုင်တယ်။ အဲ့ဒီတော့ သန်ချတာလည်း ကောင်းပါတယ်။ သန်ကောင်ကလည်း နည်းမျိုးစုံနဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အသက် ၂ နှစ်အထက်က စသန်ချနိုင်တယ်။ အူပိတ်တဲ့လူနာကလွဲလို့ ၆ လတစ်ခါ သန်ချသင့်ပါတယ်။ ဒါကြောင့် သန်ချမယ်ဆိုရင် ၆ လတစ်ခါ သန်ချဆေး သောက်နိုင်ပါတယ်။ တချို့ကလည်း လွဲမှားတဲ့အယူအဆ ရှိတယ်။ သန်ချလို့ရှိရင် အားများ ယုတ်သွားမလားပေါ့။ အမှန်တကယ်က မဟုတ်ပါဘူး။ နောက်တစ်ခုက ၀မ်းဗိုက်ထဲကို အချို့သော အရာ၀တၳုပစ္စည်းတွေဖြစ်တဲ့ အကြွေစေ့၊ ဘရိတ်ဓား၊ ဖန်ဂေါ်လီ စသဖြင့် ၀င်သွားတဲ့ဟာတွေလည်း ရှိတတ်ပါတယ်။ အဲ့ဒီ့ထဲမှာ ပါးစပ်ထဲ ဘက်ထရီလိုဟာမျိုး ၀င်သွားရင်တော့ တော်တော်ဆိုးပါတယ်။ သူက ၂၄ နာရီအတွင်း အပြင်ပြန်မထုတ်နိုင်ရင် ဗိုက်ထဲမှာ ပေါက်ကွဲတတ်ပါတယ်။ ဒါကြောင့် ဘက်ထရီလိုအရာမျိုး ၀မ်းဗိုက်ထဲ၊ အစာအိမ်ထဲ ရောက်မသွားစေဖို့ အထူးအရေးကြီးပါတယ်။ တွေ့ကရာပါးစပ်ထဲ မသိဘဲ ထည့်တတ်တဲ့ကလေးလေးတွေကို ဂရုစိုက်ပေးဖို့ပေါ့။ ဘရိတ်ဓားလိုပစ္စည်းမျိုးဆိုရင် ၀မ်းဗိုက်ထဲ၀င်သွားရင် ထုတ်ရတာလည်း အလွန်ခက်ပါတယ်" ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစာအိမ်နှင့် အူလမ်းကြောင်းဌာနမှ အထူးကုဆရာ၀န်ကြီး ပါမောက္ခ္ခ၊ဌာနမှုး ဒေါက်တာသိန်းမြင့်က ပြောသည်။
May Su Hlaing






























