/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/အမျိုးသမီးများအပေါ်ခြိမ်းခြောက်နေသည့်

အမျိုးသမီးများအပေါ်ခြိမ်းခြောက်နေသည့် သားအိမ်ခေါင်းကင်ဆာရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

          သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာပေါ်ရှိအမျိုးသမီးများအား တစ်နှစ်လျှင် 2 သိန်းကျော် သေဆုံး သည်အထိ ခြိမ်းခြောက်လျက်ရှိနေကာ အမျိုးသမီးရောဂါများထဲတွင် ဒုတိယအဖြစ်များဆုံးရောဂါ ဖြစ်ကြောင်း သိရသည်။

          ထို့ကြောင့် 2016 ခုနှစ်၊ ဇူလိုင်လ၊ 3ရက်နေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ယင်းနေ့တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ “သားအိမ်ခေါင်းကင်ဆာကာကွယ်ဖို့ တို့တွေအားလုံးလက်တွဲစို့”ဟုခေါင်းစဉ်ဖြင့် သားဖွားနှင့်မီးယပ်အထူးကုဆရာ၀န်ကြီး တွဲဖက်ပါမောက္ခ Dr. ဦးစိုးလွင်နှင့် ကလေးအထူးကုဆရာ၀န်ကြီး ပါမောက္ခ Dr. ဦးစော၀င်းတို့က ဟောပြောဆွေးနွေးပေးခဲ့ကြသည်။

          “ဆရာက လက်ရှိဗဟိုအမျိုးသမီးဆေးရုံမှာ ကုသနေတဲ့ သားဖွားမီးယပ်အထူးကု ဆရာ၀န်တစ်ဦးဖြစ်တယ်။ ဆရာတို့ မျက်စိရှေ့မှာတင် အမျိုးသမီးတွေက ဒီရောဂါကြောင့် သေဆုံးနေကြ တယ်။ ဆေးရုံရောက်လာပြီဆိုရင်လည်း အပြင်းထန်ဆုံးအခြေအနေတွေမှ ရောက်လာတဲ့အတွက် ကြိုးစားကုသလို့မရနိုင်တော့တာတွေ တွေ့နေရတယ်။ ဒီရောဂါက တိုးတက်တဲ့ နိုင်ငံတွေမှာတော့ ဖြစ်ပွားနှုန်း ကျဆင်းလာတယ်။ဖွ့ံဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီးအဖြစ်များလာတယ်။ အရင်ကဆို အသက် 50 နဲ့ 60 ကျော်တွေမှာ ဖြစ်ပွားကျတာ တွေ့ရပေမယ့် အခုနောက်ပိုင်း ပိုပြီးတော့ ငယ်ရွယ်တဲ့ အမျိုးသမီးတွေ မှာပါ ဖြစ်ပွားတာ တွေ့လာရသလို ငယ်ရွယ်တဲ့အချိန်မှာပင် သားအိမ်ခေါင်းကင်ဆာကို ပြင်းထန်စွာခံစား လာရတာ တွေ့နေရတယ်။ ဒီရောဂါကို ကာကွယ်ဖို့က ပထမဆုံးအနေနဲ့ ဘာကြောင့်ဖြစ်တာလဲ သိရမယ်။ ရောဂါဖြစ်ပွားတဲ့အကြောင်းအရင်းတွေကလည်း အများကြီးရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာက HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကနေ ဖြစ်ပွားတယ်။ ဒီရောဂါပိုးက လိင်ဆက်ဆံရတာကတဆင့် ကူးစက်တယ်။ ဒီ HPV ဗိုင်းရပ်စ်ကာကွယ်ဆေးက မြန်မာနိုင်ငံမှာလည်းပေါ်နေပါပြီ။ အသက် 9 နှစ်ကနေ 13နှစ် အမျိုးသမီးငယ်လေးတွေမှာ ကာကွယ်ဆေးထိုးပေးထားမယ်ဆိုရင် ဒီရောဂါကို ကာကွယ်ပြီးသား ဖြစ်နိုင် မှာပါ။”ဟု တွဲဖက်ပါမောက္ခ Dr. ဦးစိုးလွင်က ပြောသည်။

          သားအိမ်ခေါင်းကင်ဆာကို အဆင့်အလိုက်ဖြစ်ပွားမှု ခွဲခြားနိုင်ပြီး အဆိုးဆုံး အဆင့်ရောက်မှရောဂါကို သိရှိခြင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်သဖြင့် ရောဂါအခြေအနေကို ကြိုတင်သိရှိခြင်းက ကုသရာတွင် ထိရောက်နိုင်သည်။

          “ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့မူဝါဒမှတ်ချက်က ဘာပြောထားလဲဆိုတော့ သားအိမ်ခေါင်း ကင်ဆာရောဂါတွေကို ကျန်းမာရေးပြဿနာအဖြစ် မှတ်ယူတဲ့အတွက် အမျိုးသားကာကွယ်ဆေးထိုးအစီစဉ်မှာ ထည့်ထိုးဖို့စဉ်းစားထားတာရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာသည် မြန်မာပြည်မှာဖြစ်တဲ့ ကင်ဆာတွေရဲ့ ဒုတိယအများဆုံးလည်းဖြစ်တယ်။ ဒုတိယအသေအပျောက်အများဆုံးဖြစ်တယ်။ HPV ကာကွယ်ဆေးထိုးလိုက်မယ်ဆိုရင် ဒါကိုကာကွယ်နိုင်တယ်။ သားအိမ်ခေါင်းကင်ဆာမဖြစ်ဘူး။ ဒါပေမယ့် ဒါတစ်ခုထဲနဲ့လည်းမလုံလောက်ပါဘူး။ သားအိမ်ခေါင်းကင်ဆာပုံမှန်စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းတွေကိုလည်း လုပ်ရဦးမှာပါ။ ဘာကြောင့်မို့လည်းဆိုရင် ဒီHPVကြောင့် မဟုတ်ဘဲ အခြားကိစ္စတွေကြောင့်ဖြစ်တဲ့ သားအိမ်ရောဂါတွေကလည်း ဖြစ်နေတယ်။ ဒါပေမယ့် အများစုကတော့ ဒီပိုးကြောင့် ဖြစ်တယ်။ လူငယ်တွေကို မျိုးဆက်ပွားပညာရေးနဲ့ပက်သက်တဲ့ သိသင့်သိထိုက်တဲ့ အတွေးအခေါ်တွေလည်း အသိပညာပေးရ မှာဖြစ်ပါတယ်” ဟု ကလေးအထူးကုဆရာ၀န်ကြီး ပါမောက္ခ Dr. ဦးစော၀င်းက ပြောကြားသည်။

          ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် သားအိမ်ခေါင်းကင်ဆာနှင့်ပတ်သက်၍ မနက် 8 နာရီမှ နေ့လည် 12 နာရီအထိ တစ်ကြိမ် ပြင်ပလူနာဌာနတွင် စစ်ဆေးနိုင်ပြီး အစိုးရဆေးရုံကြီးများနှင့် သားဖွားမီးယပ်ဆရာ၀န်ကြီးများရှိသည့်နေရာတိုင်းတွင်လည်း သားအိမ်ခေါင်းကင်ဆာနှင့်ပက်သက်၍ စစ်ဆေးနိုင်ကြောင်း သိရသည်။

 

May Su Hlaing

www.drmyanmar.com