၆ ကြိမ်မြောက် ကမ္ဘာ့အော်တစ်ဇင်အထိမ်းအမှတ်နေ့အား ပြည်သူ့ရင်ပြင်၌ကျင်းပခဲ့
မြန်မာအော်တစ်ဇင်အသင်း(ရန်ကုန်)မှဦးဆောင်၍ ၆ ကြိမ်မြောက် ကမ္ဘာ့အော်တစ်ဇင်နေ့ အထိမ်းအမှတ်အခမ်းအနားအား ၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၂ရက်နေ့တွင် ပြည်သူ့ရင်ပြင်ရှိ စမ်းချောင်းသာ Stage ၌ ကျင်းပပြုလုပ်ခဲ့သည်။
အော်တစ်ဇင်ဆိုသည်မှာ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးမှုပုံမမှန်ဖြစ်ခြင်းကြောင့် ဘ၀တစ်လျှောက်လုံး စွမ်းဆောင်ရည်အချို့ ချို့ယွင်းခြင်းဖြင့် နေထိုင်ရသော အခြေအနေ တစ်မျိုးဖြစ်ကြောင်း၊ အော်တစ်ဇင်သည် စိတ်ရောဂါတစ်မျိုးမဟုတ်သကဲ့သို့ ကူးစက်ရောဂါလည်း မဟုတ်ကြောင်း ၊ ၎င်းသည် လူမျိုး၊ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ နေရာဒေသမရွေး၊ ကျားမ မရွေးဖြစ်နိုင်ပြီး ကမ္ဘာပေါ်တွင်ကလေး (၆၈) ယောက်မွေးတိုင်း အော်တစ်ဇင်တစ်ဦးနှုန်းပါ၀င်နေကြောင်း၊ ကမ္ဘာပေါ်တွင် အော်တစ်ဇင်ဖြစ်ပွားသူပေါင်း ၆၇သန်းနီးပါးရှိနေပြီး အော်တစ်ဇင်ဖြစ်ပွားမှုနှုန်းမှာလည်း တဖြည်းဖြည်းတိုးများလာနေကြောင်း၊ နှစ်စဉ်ဧပြီလ ၂ရက်နေ့အား (World Autism Awareness Day) အဖြစ်၂၀၀၈ခုနှစ်မှ စတင်သတ်မှတ်ခဲ့ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၆နှစ်ကဆိုရင် အော်တစ်ဇင်ဆိုတာကို ဘယ်သူမှ သိပ်မသိကြပါဘူး။ အဲ့ဒါကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲလေးကိုလုပ််တာပါ။ နောက်တချက်က ဒီကလေးတွေကို ပ့ံပိုးနေတဲ့အသင်းတွေ ရှိနေတယ် ဆိုတာလည်း မိဘတွေကို သိစေချင်တယ်။ နောက်ပြီးတော့ ဒီကလေးတွေဟာ တစ်သက်လုံး စွမ်းရည်မရှိတဲ့ ကလေးတွေ မဟုတ်ပါဘူး။ ဘယ်လိုသင်ကြားပေးရင် ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာလည်း သိစေချင်တာပါ။ ဒီပွဲကို ကျွန်တော်တို့အော်တစ်ဇင်အသင်း(ရန်ကုန်)ကဦးစီးပြီး လုပ်ဆောင်ခဲ့တာ ၆နှစ်တိတိ ရှိခဲ့ပါပြီ။ စစလုပ်ချင်း တစ်နှစ်၊ နှစ်နှစ်လောက်တော့ အလှူရှင်အခက်အခဲ ရှိခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ သိပ်မသိကြသေးတော့ ဒီလိုလှူဒါန်းမယ့် အလှူရှင်တွေလည်း မရှိခဲ့ဘူးပေါ့။ အခုနောက်ပိုင်းကြတော့ ဒီကလေးတွေအတွက် ပွဲတွေလုပ်မယ်ဆိုရင် အလှူရှင်တွေက အားတက်သရော ကူညီပြီး ပါ၀င်လာကြပါတယ်”ဟု အော်တစ်ဇင်အသင်း(ရန်ကုန်) မှ ဦးနေထွန်းက ပြောကြားခဲ့သည်။
အဆိုပါ ကမ္ဘာ့အော်တစ်ဇင်အထိမ်းအမှတ်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက ဦးတင်ဦးမှ တက်ရောက်ချီးမြှင့်ခဲ့ပြီး ဧည့်သည်တော်များ၊ အလှူရှင်များ၊ အော်တစ်ဇင်ဖြစ်ပွားခံစားနေရသူ ကလေးများနှင့် ၎င်းတို့၏မိဘများ ပူးပေါင်းပါ၀င်ဆင်နွှဲခဲ့ကြသည်။
Chit Chit Khaing






























