World AIDS Day 2016 နေ့အသိပညာပေးအခမ်းအနားကျင်းပ
နှစ်စဉ်ဒီဇင်ဘာလ၁ရက်နေ့တွင်ကျရောက်သည့် World AIDS Dayကို ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း အများပြည်သူအကြား အသိပညာများ ပိုမိုကျယ်ပြန့်စွာ ရရှိနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်ပန်းခြံအတွင်း HIV၊ AIDS အသိပညာပေးပြခန်းများ အပါအဝင် ဆွေးနွေးပွဲနှင့်ဖျော်ဖြေရေးအစီစဉ်များ ပြုလုပ်ခဲ့ကြသည်။
World AIDS Day အခမ်းအနားကို AIDS Health organized Foundation(AHF) အဖွဲ့အစည်းက ဦးဆောင်ပြီး ပြည်တွင်းရှိ HIV၊ AIDS ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေသည့် Local NGO များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး ပြုလုပ်ခြင်းဖြစ်သည်။
''ဒီ World AIDS Day က လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅နှစ်လောက်ကတည်းက ကုလသမဂ္ဂညီလာခံကနေ သတ်မှတ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အထိမ်းအမှတ်နေ့အဖြစ် အသိပညာဖြန့်ဝေခြင်းအခမ်းအနားတွေ ကျင်းပခဲ့ကြတာပါ။ မြန်မာနိုင်ငံကလည်း နှစ်စဉ်ကျင်းပနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅နှစ်၊ ၁၀နှစ်က အချိန်တွေနဲ့ ပြန်ပြီးနှိုင်းယှဉ်ကြည့်ရင် လက်ရှိမှာကူးစက်နှုန်းကကျလာပြီ။ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် Internationalအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အတွက် HIVရောဂါကူးစက်နှုန်းကတော့ တဖြည်းဖြည်းနဲ့ကျလာတယ်။ HIVရောဂါပိုးရှိတဲ့လူနာတွေကိုARTလို့ခေါ်တဲ့ ရောဂါထိန်းချုပ်ပေးတဲ့ဆေးကို ပိုးတွေ့ရှိလူနာတွေတိုင်းကို အခမဲ့ပေးနေပြီဖြစ်ပါတယ်။ အဲ့ဒီ့အတွက် တိုင်းအဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်ဆေးရုံကြီးတွေနဲ့ မြို့နယ်အဆင့်မှာရှိတဲ့ ခုခံအားကျနဲ့ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့တွေမှာ သွားရောက်သွေးစစ်ပြီးတော့ ပိုးတွေ့တယ်ဆိုရင် ဆေးအခမဲ့ ရရှိနိုင်ပါတယ်။ ဒါ့အပြင် HIV၊ AIDS ကြောင့်ဖြစ်လာတဲ့ရောဂါလက္ခဏာတွေကိုလည်း လိုအပ်သလိုစစ်ဆေးပြီးတော့ ကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်''ဟု AIDS Health Organized Foundation(AHF)မှ Country Manager ဒေါက်တာဝင်းဦးက ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ခုခံအားကျရောဂါတိုက်ဖျက်ရေးစီမံချက်နှင့်UNHအဖွဲ့တို့ ပူးပေါင်းခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အထိ HIV ပိုးကူးစက်ခံထားရသူ ၂သိန်း၁သောင်းမျှရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ယင်းအထဲမှ ပိုးတွေ့ရှိသူလူနာ ၁သိန်း၁သောင်းကို် ART ဆေးပေးနေကြောင်းသိရသည်။
ယခု ၂၀၁၆ ခုနှစ် “World AIDS Day” နေ့အခမ်းအနားကို ရည်ရွယ်ချက် ၂ ခုဖြင့် ပြုလုပ်ခြင်းဖြစ်ရာ ပထမအချက်အနေနှင့် HIV၊ AIDS သည် ကာကွယ်၍ရသောရောဂါဖြစ်ပြီး ကူးစက်မခံရစေရန် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်ဖြစ်ပြီး ဒုတိယအချက်မှာ မိမိတွင်ရောဂါရှိကြောင်း သံသယရှိပါက (သို့) ရောဂါဖြစ်နိုင်သော အမူအကျင့်ရှိသူဖြစ်ပါက စစ်ဆေးမှုခံယူကာ သွေးစစ်ဆေးကြည့် သင့်ကြောင်းနှင့်ရောဂါပိုးတွေ့ရှိလျှင်လည်း ဆေးကုသမှုခံယူပြီး သက်တမ်းစေ့နေနိုင်ကြောင်း အသိပညာများပေးလို၍ဖြစ်ကြောင်း သိရသည်။
May Su Hlaing






























