ကင်ဆာလူနာ အာဟာရဖြစ်အောင် ဘာတွေလုပ်ပေးနိုင်လဲ
ဒီဃ ။ ။ ဟုတ်ပြီ၊ နောက်ထပ်ဘာတွေလိုက်နာရဦးမလဲ၊ စိတ်၀င်စားစရာကောင်းတယ်ဗျ၊ ခုခေတ်မှာ လူတိုင်းအိမ်ထောင်စုတိုင်း မှာ ကင်ဆာလူနာရှိရင်ရှိ သို့မဟုတ် အမျိုး သို့မဟုတ် မိတ်ဆွေနဲ့ မကင်းလှတော့ တစ်ယောက်နဲ့တစ်ယောက်ကျန်းမာရေးစောင့် ရှောက်မှုပေးရာမှာ ဒီအတွေ့အကြုံလေးတွေကိုမျှေ၀ပေးဖို့ အရမ်းလိုတယ်။
ဇီ၀ ။ ။ ဆရာ၀န်အသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့လူတွေအဖို့တောင် တစ်ခါတစ်ရံ လွတ်သွားတာမျိုးရှိသေးတယ်ဗျ။ တစ်ခါတုန်းက သွေးကင်ဆာအမျိုးသမီးလေးတစ်ဦးမှာ ရာသီလာခါနီး ဗိုက်အောင့်တာပြပေမယ့် ရာသီသွေးအဆင်းများတတ်တာကို သတိမထားမိလိုက်ဘူးတဲ့။ ရာသီပေါ်တဲ့အခါသွေးတွေအတုံးအလိုက် အခဲလိုက်ဆင်းတော့မှ ဆရာ၀န်ကိုပြောတော့ လူကမြော့နေပြီ။ ဒါတောင် 1 ရက်တည်းရှိသေးတယ်။ အမှန်က အမျိုးသမီးတွေ မျိုးပွားတဲ့အရွယ်မှာ ရာသီစက်၀န်းတစ်လတစ်ခါဆင်းမှာပဲ။ ဒါပေမယ့် သွေးကင်ဆာကြောင့် သွေးထဲက ပလိတ်လက် Platelets ခေါ် သွေးခဲပစ္စည်းအရမ်းနည်းပါးနေချိန်မှာ သွေးမခဲနိုင်တော့ သွေးတွေကကျဲပြီး ပိုယိုစီးထွက်တတ်တယ်။ ဒါကိုကြိုသိရင်ရာသီသွေးမဆင်းအောင် မဟော်မုန်းပါတဲ့ ပဋိသနေ္ဓတားဆေး မျိုး ကြိုပြီးတိုက်ထားလို့ရတယ်။ သွေးမဆင်းတော့ သွေးကင်ဆာလူနာအတွက် ဒုက္ခမရောက်ဘူးပေါ့။ ဒီလိုလူနာတွေက သွေးကို နဂိုကတည်းက ခဏခဏသွင်းပေးနေရတာမဟုတ်လား။ ဒီ့ပြင် သွေးထွက်နိုင်မယ့် ထိခိုက်ဒဏ်ရာတွေမဖြစ်အောင်လည်း စောင့်ရှောက်ပေးရလိမ့်ဦးမယ်။
ဒီဃ ။ ။ အေးဗျာ၊ ဒီလိုကြိုတင်သိထားတော့လည်း လူကနိုးနိုးကြားကြားရှိပြီး လူနာအတွက် ကာကွယ်ပေးနိုင်တာပဲဗျ။ လူနာ ကိုယ်တိုင်လည်း သိထားဖို့လိုတယ်နော်။ ဒါမှသူ့ဘာသာသူ ကြိုတင်စောင့်ရှောက်ကာကွယ်ထားနိုင်တဲ့ ဆင်ခြင်ဉာဏ်လေးရှိ ထားတော့ ပိုစိတ်ချရတာပေါ့ဗျာ။ ခုနက ခင်ဗျားပြောထားတဲ့ အချက်လေးတွေဟာ သိထားရင် လုပ်ရတာ ဘာမှမခက်ခဲပါဘူး။ လူနာတွေအတွက် စိတ်ချလုံခြုံတာပေါ့။ ဥပမာ ၀မ်းပျက်တာ၊ ရာသီသွေးဆင်းတာတွေကြောင့်ရေဓာတ်ခန်းရင် လူနာအတွက် ဘူးလေးရာ ဖရုံဆင့်ဆိုသလို ပိုဆိုးစေမပေါ့။ ကြိုတင်ကာကွယ်ထားလိုက်နိုင်ရင် ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်ကျော် သွားနိုင်မှာပဲ။ လူဆိုတာ ရောဂါရှိမှန်းသိရင် စိတ်ဓာတ်ကျတတ်တယ်။ ဒါပေမယ့် ဒါတွေကိုကြိုတင်ပြင်ဆင် ထားရင် မြန်မြန်နာလန်ပြန်ထနိုင်တော့ လူရဲ့စိတ်က လာမယ့်အန္တရာယ်တွေကို စွမ်းအင်နဲ့ ကြံ့ကြံ့ခိုင်ကျော်လွှားဖြတ်ကျော်နိုင်တာပေါ့
ဇီ၀ ။ ။ ဒါပေါ့၊ စာများများဖတ်ထားခြင်းအားဖြင့် ဒီလိုအတွေ့အကြုံတွေကို ကြိုသိထားရင် ဘယ်လိုကျော်လွှားနိုင်လဲဆိုတာ စိတ်စွမ်းအင်နဲ့ မဖြစ်မနေ ကြံ့ကြံ့ခိုင်တားဆီးနိုင်လာတာပဲဗျ။ လူက ဘယ်လိုအခက်အခဲတွေကြုံကြုံ ရအောင်ကျော်ဖြတ်နိုင်တာဟာ စိတ်စွမ်းအားရဲ့ တန်ခိုးကြောင့်ပဲ မဟုတ်လား။
ဒီဃ ။ ။ ဟုတ်တယ်နော်၊ ကျွန်တော်တို့ငယ်ငယ်က စာအုပ်ဖတ်ရင်း ဥပမာ ကာတွန်းတို့၊ ပုံပြင်စာအုပ်တို့၊ ၀တၳုတို့ဖတ်ရင်း ထမင်းစားတော့ အမေကဆူတယ်။ စာဖတ်ကောင်းနေတော့ အစားတွေ ဘယ်လောက်၀င်လို့ ၀င်မှန်းမသိဘူး။ ဟဲဟဲ …. အခုခေတ် တော့ တီဗီနဲ့ ဗီဒီယိုဇာတ်လမ်းကောင်းရင် ထမင်းဘယ်နှစ်ပန်းကန် ကုန်လိုက်မှန်းမသိဘူးဗျ။ သြော် - ဒါကြောင့် လူနာကိုအဲဒါတွေ လုပ်ခိုင်းရင်း အစာကျေွးရင်ပိုပြီး ကျေွးမွေးနိုင်တာဖြစ်မှာ၊ စမ်းကြည့်လိုက်ဦးမယ်။ ဒါနဲ့ ဘယ်နှခါလောက် ၀မ်းအရည်သွားရင် ၀မ်းပျက်တယ် ပြောမလဲဗျာ။
ဇီ၀ ။ ။ အဖတ်မပါ၊ အရည်ချည်းသောက်ရင်တော့ ၀မ်းအရည်သွားနိုင်တယ်။ ဒါတောင် တစ်ခါနှစ်ခါပေါ့။ အကယ်၍ အရည် တစ်ခါသွားရင် ဒါ၀မ်းပျက်တာပဲလို့သိရမယ်။ ၀မ်းပျက်၀မ်းလျှောရင် ပူစပ်တဲ့အစာတွေ၊ အမျှင်ဓာတ်မြင့်မားတဲ့ အစာတွေ (ဥပမာ - ပဲသီးအမျိုးမျိုး၊ အစေ့အဆန်တွေ၊ သစ်သီးခြောက်တွေ)၊ အဆီဓာတ်မြင့်မားတဲ့ အစာအကြော်တွေ၊ ချိုလွန်းတဲ့ အစာတွေ မကျေွး နဲ့ဦး။ ဖျော်ရည်ဆိုရင်လည်း ပူလွန်း၊ အေးလွန်တဲ့အရည်တွေ ဥပမာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ချောကလက်လို ကဖင်းပါ တဲ့အရည်တွေ၊ နို့ထွက်ပစ္စည်းအရည်၊ နွားနို့၊ ဒိန်ချဉ်ပေါ့ဗျာ။ အဲဒါတွေ ခေတ္တခဏဖြတ်ထားပေးဦး။
ဒီဃ ။ ။ ကျွန်တော့တူမ ၀မ်း 2 ခါလောက် သွားလိုက်တာ သွေးပြန်စစ်တော့ သတ္တုဓာတ်ဆား K ပိုတက်စီယမ် ပုံမှန်ထက် နည်းသွားလို့ ပုလင်းကြီးထဲထည့်ချိတ်ပေးမယ်လို့ ဆရာ၀န်က ပြောတယ်ဗျ၊ ဓာတ်ဆားလည်း သောက်ခိုင်းတယ်။
ဇီ၀ ။ ။ ၀မ်းပျက်၀မ်းလျှောလို့ ဆုံးရှုံးသွားတဲ့ ပိုတက်စီယမ်ဓာတ်ကို ငှက်ပျောသီးလတ်လတ်ဆတ်ဆတ်၊ ပန်းသီးနဲ့ ဆန်ပြုတ်၊ စွပ်ပြုတ်ထဲ ငါး သို့မဟုတ် အသား သို့မဟုတ် ကြက်ဥ၊ ဘဲဥထည့်ပြီး ကျေွးလို့ရသေးတယ်။ ဓာတ်ဆားရည်ကတော့ သောက်နိုင်ရင် ကောင်းတာပေါ့။ တစ်နေ့တာအတွင်း ရေများများသောက်နိုင်လေ ကောင်းလေပါပဲ။ ၀မ်းသွားနေတုန်း၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ခဏရပ်ထားပေးလိုက်ပေါ့ဗျာ။ ပါးစပ်ခါးရင် သကြားမပါတဲ့ Sorbitol စော်ဘီတောပါတဲ့ ချိုချဉ်တို့ ငုံထားကျေွး ထားလိုက်ပါ။ နောက်ပြီး အရေးကြီးတာက ၀မ်းအရည်တစ်ကြိမ်သွားပြီးတိုင်း အရည်တစ်ခွက်ပြန်သောက်ဖို့လိုတော့ လူနာ နားလည်အောင်ပြောပြပြီးရအောင် တိုက်ပေးရမယ်။
ဒီဃ ။ ။ ကင်ဆာဆေးတွေသွင်းပြီးနောက်မှာ ပါးစပ်ခံတွင်းထဲ အနာလိုလို အဖြူကွက်လေးတွေလည်း ထွက်သေးတယ်ဗျ၊ ဘာကြောင့်လဲ၊ အဲဒီအခါ ပါးစပ်က စားရင်စပ်တော့ မစားနိုင်ပြန်ဘူး။
ဇီ၀ ။ ။ အင်း ….. နေမကောင်းတဲ့အခါ ခုခံအားကျဆင်းလာတော့ ပါးစပ်ထဲမှာ ရေယုန်လို ဗိုင်းရပ်စ်ပိုးတွေ ပွားများပေါက် လာလို့ဗျ။ ဒါလည်း အဲဒီဗိုင်းရပ်စ်သတ်တဲ့ဆေးတွေပေါ်လာလို့ တော်သေးဆိုရလိမ့်မယ်။ ဒါကြောင့်သွေးကင်ဆာအပါအ၀င် တစ်သျှူးကင်ဆာေ၀ဒနာခံစားရတဲ့လူနာကို ပြုစုစောင့်ရှောက်တဲ့အခါ (1) တစ်နေ့ကို သစ်သီးနဲ့ ဟင်းသီးဟင်းရွက် 5 မျိုး အနည်းဆုံးပါအောင် ကျေွးခြင်းနဲ့ (2) အဆီနဲ့ ဆား နည်းနည်းထည့်ချက်တဲ့ ဟင်း သို့မဟုတ် အစားအစာဖြစ်ရမယ်ဗျ။
ဒီဃ ။ ။ ကျွန်တော့်တူမက ခုတင်ပေါ်မှာချည်းလှဲလှဲနေလို့ သူ့အဖေက ထလမ်းလျှောက်ခိုင်းနေတာ ကောင်းရဲ့လားမသိဘူး၊ သူ့ကိုကြည့်ရတာ ပင်ပန်းနေသလိုမို့ဗျာ။
ဇီ၀ ။ ။ အမှန်က ကင်ဆာလူနာတွေ ဆေးမသွင်းတဲ့ကာလမှာ သွားသွားလာလာပါပဲ။ ဒါကြောင့် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ပေးခြင်းက ပိုပြီးနေကောင်းထိုင်သာရှိစေသတဲ့။ စိတ်ရော၊ ကိုယ်ရောပေါ့။ ဒါပေမယ့် ခင်ဗျားပြောသလို အဖျားတက်၊ အားမရှိ ချိန်မှာတေ့ အများကြီးခိုင်းလို့မရဘူး။ လူနာနဲ့ သင့်ရဲ့လား၊ သူကျန်းကျန်းမာမာရှိရဲ့လား လေ့လာပြီးမှသာ သူလုပ်နိုင်မှလုပ်ပါစေ။ ကိုယ့်ခန္ဓာကိုယ်ကြီး ဘယ်လောက်လှုပ်ရှားနိုင်ခြေရှိလဲဆိုတာ သိပြီးမှဖြည်းဖြည်း လုပ်ကြည့်ရမှာပါ။ မဟန်ရင် မလုပ်ပါနဲ့၊ နားနား နေနေ နေပေါ့။ ဆေးသွင်းနေချိန်မှာတော့ အများကြီး မလှုပ်ရှားသင့်ဘူးပေါ့။ သွားလာနိုင်ရင် လမ်းလျှောက်တာလောက်လုပ်နိုင် တယ်။ ဥပမာ - သွေးပြန်စစ်လို့ သွေးဖြူဥတွေပုံမှန်ရောက်လာပြီ၊ ပလိတ်လက်တွေ ကျနေရာက ပုံမှန်ပြန်ရောက်လာရင်တော့ နေ့စဉ် မှန်မှန်လုပ်နိုင်ပါပြီ။ ခန္ဓာကိုယ်ကြီးကလည်း သိပါတယ်ဗျာ။ စိတ်၀င်စားစရာကောင်းတာက ကိုယ်ကာယလေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းအားဖြင့် ဆေးသွင်းကုသမှုပြီးတဲ့အခါ ပင်ပန်းနွမ်းနယ်မှုတွေနည်းပါးသွားအောင် ကူညီနိုင်သတဲ့ဗျာ။
ဒီဃ ။ ။ အေးဗျာ၊ လူနာတွေမှာ အစားမစားနိုင်တော့ လူက ကိုယ်အလေးချိန်ကျပြီး ပိန်ချုံးလာကြတယ်။
ဇီ၀ ။ ။ သြော် …. သူတို့ခမျာ (1) အစားအသောက်ပျက်ခြင်း (2) လျှာအရသာပြောင်းလဲလာခြင်း (3) ဖျားနာနေခြင်း (4) ပါးစပ်ထဲ အနာပေါက်ခြင်းနှင့် (5) ၀မ်းပျက်၀မ်းလျှောခြင်းစတဲ့ အချက်တွေဟာ ကီမိုဆေးသွင်းကုသမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ ဆိုးကျိုးတွေပေါ့။ ဒါကြောင့် အဲဒီအချိန်ကာလအတွင်း ကယ်လိုရီမြင့်မားတဲ့ အစားအစာတွေနဲ့ အသားဓာတ်ပရိုတင်းမြင့်မားတဲ့ ဖျော်ရည်တွေ တိုက်ကျေွးသင့်တာပေါ့။ နောက်ပြီး ရောဂါရှိပြီလို့ သိတာနဲ့ သေချာကုသမှုခံယူပြီး ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်တဲ့ အစားအစာတွေနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ပတ်၀န်းကျင်ဖြစ်အောင်အမြဲဂရုစိုက်ပြုစု သင့်ကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါရစေ။
Credit: ဒေါက်ထွေး (ဆေး/မန်း)
Health Digest Journal
Vol: 13, No: 30, 4- 5- 2016






























