/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ကမ်ဘာသိ-ဆေးပညာရှင်များ

ကမ်ဘာသိ ဆေးပညာရှင်များ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

စိတ်နှလုံး ကြံ့ခိုင်သော နှလုံးဆရာ၀န်

          အမေရိကန်ပြည်ထောင်စု၊ ဘယ်လ်တီမိုးမြို့ရှိ ဂျွန်ဟော့ပ်ကင်း ဆေးတက္ကသိုလ်၊ ခွဲစိတ်ကုပညာဌာန ပါမောက္ခ လီဗီ၀တ်ကင်စ်ကို နှလုံးခွဲစိတ်ဆရာ၀န်ကြီးအဖြစ်သာမက လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူ အဖြစ်ပါ လူသိများကြသည်။ အလိုအလျောက် နှလုံးနှိုးဆွစက် (Implantable automatic defibrillator) ကို ကိုယ်ခန္ဓာအတွင်း ခွဲစိတ်ထည့် သွင်းပေးနိုင်ခဲ့သည့် ပထမဆုံးသော နှလုံးခွဲစိတ်ဆရာ၀န်ကြီးဖြစ်ပါသည်။ နှလုံးခွဲစိတ်ကုပညာမှာသာမက သူနှင့် ဘ၀တူ အမေရိကန်နိုင်ငံသား လူမည်းအာဖရိက သားများအတွက် ဆေးလောကပညာရပ်များအတွင်း အများနှင့်တန်းတူ ပါ၀င်နေရာယူဆောင်ရွက်ခွင့်ရရှိရေး တိုက်ပွဲ၀င်ပေးခဲ့သူအဖြစ်ထင်ရှားပါသည်။ လူမည်းအခွင့်အရေးမျှသာမကပါ။ အခွင့်အရေးဆုံးရှုံးမှှုများ ရှိနေသည်ဟု ထင်ရှားသည့် အသေးအဖွဲ ကိစ္စလေးများကအစ ဂရုတစိုက်နှင့် လိုက်ပါဆောင်ရွက်ပေးတတ်သူအဖြစ် နာမည်ကြီးပါသည်။

 

          ပါမောက္ခ ၀တ်ကင်စ်ကို အမေရိကန်ပြည်ထောင်စု၊ ကန်ဆတ်ပြည်နယ်၊ ပါစန်မြို့တွင် 1944 ခုနှစ်၊ ဇွန်လ 17 ရက်နေ့၌ မွေးဖွားခဲ့ပါသည်။ ပါစန်မှာ မွေးခဲ့သော်လည်း မောင်ဂိုမာရီမြို့မှာ လူလားမြောက်ကြီးပြင်း ခဲ့သည်။ ထိုမြို့ရှိ အလာဘားမားပြည်နယ် တက္ကသိုလ်တွင် ဖခင်ဖြစ်သူက ပါမောက္ခအဖြစ် တာ၀န်ထမ်းဆောင်နေသောကြောင့် ဖြစ်ပါ သည်။ ထိုမြို့ရှိ ဘုရားကျောင်းမှာ လူမည်းအခွင့်အရေး လှုပ်ရှားတက်ကြွသူ မာတင်လူသာကင်းမိသားစုနှင့်သိကျွမ်း ၀င်ခွင့်ရခဲ့သည်။ ထိုအချိန်မှစတင်၍ လူ့အခွင့်အရေး လှုပ်ရှားမှုများနှင့် ရင်းနှီးကျွမ်း၀င်လာခဲ့သည်ဟုဆိုရမည်။

 

          တန်နက်စီပြည်နယ်တက္ကသိုလ်မှ ဇီ၀ဗေဒအဓိကဖြင့် သိပ္ပံဘွဲ့ရခဲ့သည်။ ထို့နောက် 1966 ခုနှစ်တွင် နရှ်ဗီလီဗန် ဒါဗလစ်ဆေးတက္ကသိုလ်တွင် ပထမဆုံးသော လူမည်းဆေးကျောင်းသားအဖြစ် ကျောင်း၀င်ခွင့် ရခဲ့ပါသည်။ 1970 ပြည့်နှစ် ဒေါက်တာ ၀တ်ကင်စ် ဆရာ၀န်ဘွဲ့ရလာသည်အထိ ထိုဆေးတက္ကသိုလ်၏ တစ်ဦးတည်ေးသာ လူမည်းဆေး ကျောင်းသားဖြစ်နေတုန်း။ နောက်ပိုင်းမှာ နာမည်ကြီး ဂျွန်ဟောပ့်ကင်းဆေးရုံ သို့ ပြောင်းရွှေ့လာခဲ့ပြီး လူဖြူများပင် အပြိုင်အဆိုင် တိုးေ၀့ှယှဉ်ပြိုင်ရသည့် နှလုံးခွဲစိတ်အထူးကုဆရာ၀န် တစ်ဦးဖြစ်လာခဲ့ပါသည်။ ထိုနေရာမှာလည်း ပထမဆုံးသော လူမည်းနှလုံးခွဲစိတ်ဆရာ၀န်ပါ။

 

          ဒေါက်တာ၀တ်ကင်စ်တို့ နှလုံးခွဲစိတ်အထူးကုဖြစ်တော့ 1980 ပြည့်နှစ်ပါ။ ထိုနှစ်မှာပဲ အလိုအလျောက် နှလုံးနှိုးဆွစက် ခန္ဓာကိုယ်တွင်းခွဲစိတ်ထည့်သွင်းနိုင်ရေး စီမံချက်မှာ ပါ၀င်ဖို့ ကမ်းလှမ်းခံရသည်။ သည်နေရာမှာ အလိုအလျောက်နှလုံးနှိုးဆွစက် အကြောင်းရှင်းပြဖို့ လိုလာသည်။ နှလုံးရောဂါတစ်ခုခုဖြင့် အသက်အန္တရာယ်ရှိလောက်သည်အထိ နှလုံးခုန်မှုမမှန်ဖြစ်လာ သည့်အခါ အဆိုပါစက်က ဖြစ်နေသည့်ရောဂါကို အလိုအလျောက်ရှာဖွေပေးသည်။ ထို့နောက် နှလုံး ခုန်ချက်ပြန် မှန်လာစေရန် အလိုအလျောက် ရှော့ခ်ရိုက်ပေးလိုက် သည်။ ထိုအခါ နှလုံးစည်းချက် မမှန်မှုရပ်သွားပြီး ပုံမှန်ပြန်ခုန်လာမည်။ နှလုံးဆိုသည်မှာ ခန္ဓာကိုယ်အတွက် အလွန် အရေးကြီးသည့် အင်္ဂါအစိတ်အပိုင်းဖြစ်သည့်အတွက် နှလုံးရောဂါရှိသူများအတွက် အဆိုပါစပ်ပေါ်ပေါက်လာခြင်းက အသက်များစွာကို ကယ်တင်ပေး သကဲ့သို့ဖြစ်ပါသည်။

 

          အဆိုပါ နှလုံးနှိုးဆွစက်ကို ဂျွန်ဟောပ့်ကင်းဆေးတက္ကသိုလ်မှ နှလုံးဆရာ၀န်များနှင့် အင်ဂျင်နီယာတစ်ဦးတို့ ပူးပေါင်းတီထွင်ခဲ့ကြခြင်းဖြစ်သည်။ ဒေါက်တာ၀တ်ကင်စ်အဖို့ အဆိုပါစက်ပစ္စည်းကို ခန္ဓာကိုယ်အတွင်း မှန်ကန်စွာခွဲ စိတ်ထည့်သွင်းနိုင်ရေးအတွက် နှလုံးလျှပ်စစ်စီးလမ်းကြောင်းများ၊ နည်းပညာပိုင်းဆိုင်ရာ၊ ခွဲစိတ်မှုပိုင်းဆိုင်ရာများကို အသေးစိတ်လေ့လာလေ့ကျင့်ခဲ့ရသည်။

 

          ဟားဗစ်ဆေးကျောင်းမှာ သုံးနှစ်ကြာမြင့်သည့် နှလုံးပျက်စီးခြင်းသုတေသနတွင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်မှ အပ ကျန်နှလုံးခွဲစိတ်ဆရာ၀န်ဘ၀မှာ ဂျွန်ဟောပ့်ကင်းဆေးရုံမှာပဲ နှလုံးနှိုးဆွ စက်ခွဲစိတ်ထည့်သွင်းနိုင်ရေး အတွက် ဒေါက်တာ၀တ်ကင်စ်တစ်ယောက် သူ၏ဘ၀ကို မြုပ်နှံထားခဲ့ပါသည်။ 1991 ခုနှစ်တွင် နှလုံးခွဲစိတ် ပညာဌာနမှာ ပါမောက္ခဖြစ်လာခဲ့သည်။ 2013 ခုနှစ်တွင် ထိုဌာနမှ အငြိမ်းစားယူခဲ့သည်။ ထိုနောက်ပိုင်းမှာ ဆေးတက္ကသိုလ်အသီးသီးမှ စာစစ်ဘုတ်အဖွဲ့များစွာတွင် အဖွဲ့၀င်အဖြစ် ခန့်ထားခြင်းခံရသည်။

 

          ဂျွန်ဟောပ့်ဆေးရုံက ဘယ်လ်တီမိုးမြို့မှာ ရှိသည်။ ထိုမြို့က အာဖရိကလူမည်း အမေရိကန်နိုင်ငံသား အများစု နေထိုင်သည့်ဒေသပါ။ အရင်က လူမည်းဆေးကျောင်းသား၊ ဆရာ၀န်ဆိုတာ အလွန်ရှားပါးခဲ့ပေမယ့် 1978 ခုနှစ်မှ 1983 ခုနှစ်အတွင်း လူမည်းဆေးကျောင်းသားဦးရေမှာ ငါးဆအထိမြင့်တက်လာခဲ့သည်။ ဒေါက်တာ ၀တ်ကင်စ်က ခေါင်းဆောင်တစ်ယောက်၏ စွန့်လွှတ်အနစ်နာခံမှုကို ကောင်းကောင်း နားလည်သည်။ ခွဲစိတ်ဌာနကြီး၏ ထိပ်ဆုံး ကိုရောက်လာအောင်၊ နောက်ပိုင်းမှာ နိုင်ငံတ၀ှမ်း ခွဲစိတ်ကုသပညာရပ်မှာ ဆရာတစ်ဆူအဖြစ် နာမည်ရလာအောင် ရွပ်ရွပ်ချွံချွံကြိုးပမ်းခဲ့သူဖြစ်ပါသည်။ အခွင့်အလမ်းမညီမျှမှုများနှင့် ပတ်သက်လာလျှင်၊ မတူကွဲပြားခြင်းများအား နှိမ်ချဆက်ဆံခံရမှုများနှင့် ကြုံတွေ့လာရလျှင်တော့ သူ့ရာထူး ထိခိုက်မှာကိုပင် မကြောက်မလန့် ခေါင်းမားမာဖြင့်ဆောင်ရွက်ခဲ့သည့် သာဓကများရှိခဲ့သည်ဟုဆိုပါသည်။

 

          လွန်ခဲ့သည့် 25 နှစ်ကျော်က သူ့တပည့်ခွဲစိတ်ဆရာ၀န်များဆိုရင် ယခုအချိန်ထိ ဒေါက်တာ၀တ်ကင်စ် ၏ ခွဲစိတ်ခန်းမှတ်တမ်းများကို အမှတ်တရ ပြန်လည်ပြောဆိုနေကြရတုန်းပါ။ 2015၊ ဧပြီလ 11 ရက် နှလုံး ခွဲစိတ်ဘွဲ့လွန် သင်တန်းသားများမှ တည်ခင်းဧည့်ခံမည့် ညစာစားပွဲမှာ ဒေါက်တာ၀တ်ကင်စ်တစ်ယောက် ရုတ်တရက် လေသင်တုန်း ဖြတ်သည်။ သူကျင်လည်လှုပ်ရှားခဲ့ရာ ဂျွန်ဟော့ပ်ကင်းဆေးရုံသို့ သူ့တပည့်များက အမြန်သယ်ဆောင်သွားကြပေမယ့် တပည့်ဆရာ၀န်များက သူတို့ဆရာ၏ အသက်ကိုလုနိုင်ရေး အားကုန်ကြိုးပမ်းခဲ့ကြပေမယ့် ထိုညမှာပဲ ဒေါက်တာ၀တ်ကင်စ် ကွယ်လွန်သွားခဲ့သည်။ သူကွယ်လွန်ချိန်တွင် အသက် 70 ရှိပြီ။ ညီအစ်ကိုနှစ်ဦးနှင့် ညီတစ်ဦးကျန်ရစ်ခဲ့ပါသည်။

 

 

 

Credit; ဒေါက်တာလွှမ်းမိုးဟန်

Health Digest Journal

Vo; 13, No; 22, 24-2-2016